■ မြန်မာပြည်မှာ ဘုရားပွဲတွေဆိုတာကလည်း အားလုံးသိကြတဲ့အတိုင်းပဲ၊
အကောင်ပလောင်တွေသတ်ပြီးတော့ အကျွေးအမွေးလုပ်ပြီးတော့ ဘုရားပွဲကျင်းပတယ်၊ ဇာတ်ပွဲတွေ ထည့်ပြီးတော့ကြည့်တယ်။ ကြည့်တော့ တစ်ချို့အရပ်တွေမှာ ကြားဖူးတာ၊ မြတ်စွာဘုရားရဲ့ အလှူခံပုံးမှာ တစ်နှစ်လုံးရှိတာ၊လှူတဲ့သူတွေကတော့ ဘုရားရွှေသင်္ကန်းကပ်ရန်၊ လျှပ်စစ်မီးပူဇော်ရန်တို့ ဘာတို့ညာတို့ပေါ့။ သူ့ခေါင်းစီးနဲ့သူ၊ ရွှေတိဂုံဘုရားပေါ် တက်ကြည့်ရင် တွေ့မှာပေါ့။ သူ့ခေါင်းစီးလေးနဲ့သူ လှူထားကြတာနော်။

■ ဂေါပကတွေက ဘာလုပ်လဲဆို အဲဒီပိုက်ဆံနဲ့ ပွဲငှါးတယ်၊ ပွဲကြည့်တယ်။အဲလိုကြည့့်ကြတဲ့အခါကျတော့ ဘုရားထဲမှာ ပွဲလာကြည့်တဲ့သူတွေက ဘယ် ဘုရားရှိခိုးဖို့လာတာဟုတ်မလဲ၊ ပွဲကြည့်သူတွေက ဘာတွေပါလာလဲဆို ဆီးပေါင်းထုပ်တို့ ဘာတို့ ဒါမျိုးတွေ ပါလာတယ်ပေါ့။ အခုခေတ်ဆို ပလတ်စတစ်တို့ပေါ့၊ ပြီးရင် အဲဒါတွေကို ပစ်သွားခဲ့တာ၊ပွဲခင်းဟာ ဘုရားဝင်းထဲမှာ အညစ်အကြေးတွေနဲ့ ရှုတ်ယှက်ခတ်ပြီး ကျန်ခဲ့တာပေါ့။ ဒီထဲက ဟိုနားပေါက်တော ဒီနား ပေါက်မြိုင်နဲ့ နံစော်ကျန်နေခဲ့တာပဲ။ ဒါ တကယ်ဖြစ်တာကို ပြောပြတာပါ။

■ ဘုရားပွဲပြီးလို့ စာရင်းရှင်းတဲ့အခါကျတော့ ဘယ်လိုရှင်းတုန်းဆို အငြိမ့်ငှါးခက ဘယ်လောက်၊ ဘာက ဘယ်လောက်၊ ဘာက ဘယ်လောက်နဲ့ စာရင်းရှင်းလိုက်တာ လိုငွေပြလာတဲ့အခါ ဘုရားထံက ရရန်အကြွေး ဘယ်လောက်ဆိုပြီး ဘုရားပေါ်တောင် အကြွေးတင်လိုက်သေးတယ်နော်။ ဘုရားကြီးထံက ရရန်အကြွေးတဲ့။ တကယ်တကယ် အဲဒါ။ အဲဒါမျိုးတွေကို ရည်ရွယ်ပြီးတော့ ရွှေကျင်ဆရာတော်ကြီးက `ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ´တဲ့၊ ဒီလိုပြောတာနော်။

■ တကယ်ကတော့ ကုသိုလ်စစ်စစ်ရအောင်လုပ်ဖို့ အင်မတန်မှ အရေးကြီးတယ်။ ဘုရားပွဲလုပ်ရင် ဘယ်လိုလုပ်ရမလဲ၊ မြတ်စွာဘုရားကို ဝတ်တက်ကြမယ်၊ ပန်းရေချမ်းတို့ ပူဇော်ရမယ်၊ ဗုဒ္ဓါနုဿတိပွားရမယ်၊ ရှိခိုးကြမယ်၊ ဒါတွေပဲလုပ်ရမှာ၊ ပွဲကြည့်ဖို့ လုပ်နေရမှာ မဟုတ်ဘူးနော်။

■ ဒါဖြင့် ဘုရားပွဲတွေမှာ အတီးအမှုတ်နဲ့ပူဇော်လို့ မရဘူးလား၊ ရတယ်။ အတီးအမှုတ်နဲ့ ဘယ်လိုပူဇော်ရင် ကုသိုလ်ရနိုင်မလဲ၊ ဟောဒီစောင်းဖြင့် မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးသီချင်းတွေကို ဘုရားကိုပူဇော်ပါတယ်။ အဲဒါဆိုရင် ကုသိုလ်ဖြစ်တယ်။ ကုသိုလ်စိတ်နဲ့လုပ်ရင်တော့ လုပ်ရင်တော့ ကုသိုလ်ဖြစ်ပါတယ်၊ လုပ်လို့ရတယ်။ စိတ်အထားမတတ် အလုပ်မတတ်ရင်တော့ ကုသိုလ်မရဘဲနဲ့ အကုသိုလ်ဖြစ်တယ်။ဒါလည်း သတိထားစရာ အလွန်ကောင်းတာပေါ့နော်။ ဒါကြောင့်မို့ ရွှေကျင်ဆရာတော်ကြီးက
`တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲ´ ဆိုပြီး ရေးထားတာ။ ဆရာတော်ကြီးက အဲဒီအတိုင်းမြင်လို့ ရေးထားတာ။ စာတမ်းရဲ့နာမည်ကိုက
`ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ´ စာတမ်းတဲ့နော်။

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်