ဓမ္မရံသီ လူငယ်ဝတ်အသင်းကို ၂၈.၀၄.၂၀၀၇ စနေနေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

Zetavana Myanmar Monastery
159, Bagnall Street,
Ellen Grove, QLD 4078
Brisbane, Queensland
Australia.

အသင်းတည်ထောင်ခြင်း၏ရည်ရွယ်ချက်

(၁) နိုင်ငံရပ်ခြားတိုင်းတပါးတွင် လူမျိုး၊ဘာသာ၊သာသနာတော်၏ အမွေအနှစ်များ မပျက်စီးမပျောက်ပျက်အောင် ထိန်းသိမ်းရန်

(၂) ဗုဒ္ဓဘာသာနှင့် မရင်းနှီးသေးသောလူငယ်များ ရင်းနှီးသက်ဝင်၍ ခိုင်မာသော ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြစေရန်

(၃) လူငယ်အချင်းချင်းရင်းနှီးကြပြီး အဆီအနှစ်ပြည့်ဝလှသည့် မြတ်ဗုဒ္ဓ၏တရားတော်များကို သိရှိနားလည်ကြ၍ သူတော်စင်များ ဖြစ်လာကြကာ တန်ဖိုးရှိသည့် လူဘောင်သစ် ဘဝပန်းတိုင် တည်ဆောက်နိုင်ကြရန်

(၄) လူမျိုးဘာသာ သာသနာတော်၏ လက်ဆင့်ကမ်းပခုံးပြောင်းတာဝန်များကို ဦးလှည့်မသုဉ် ထမ်းရွက်ကြကာ ဆရာတော်ဘုရားများနှင့် လက်တွဲ၍ သာသနာပြုလုပ်ငန်းများ ကူညီဆောင်ရွက်ကြရန်

(၅) တန်ဖိုးရှိလှသော မြတ်စွာဘုရားရှင်၏ အနှိုင်းမဲ့တရားရေအေး အမြိုက်ဆေးများကို ကမ္ဘာသူကမ္ဘာသား တို့ သောက်သုံးကြ၍ ကမ္ဘာအနှံ့ မြတ်စွာဗုဒ္ဓသာသနာတော် ပြန့်ပွားထွန်းလင်းစေရန် ရည်ရွယ်ပါသည်။

အသင်း၏ဆောင်ရွက်ချက်လုပ်ငန်းရပ်များ

(၁) အပါတ်စဉ် စနေနေ့တိုင်း ဇေတဝန်မြန်မာကျောင်းတိုက်၏ သန့်ရှင်းရေးဝေယျာဝစ္စကုသိုလ်ပြုခြင်း

(၂) အပါတ်စဉ် စနေနေ့တိုင်း ဇေတဝန်မြန်မာကျောင်းတိုက် ဓမ္မသဘင်ခန်းမတွင် ဆရာတော်များ၏ သြဝါဒကိုခံယူကာ ပရိတ်ကြီး၊ ဓမ္မစကြာ၊ ပဌာန်းပစ္စယနိဒေသ၊ မေတ္တာဘာဝနာတို့ကို အလှည့်ကျ စုပေါင်းရွတ်ဆိုပူဇော်ခြင်း

(၃) ဓမ္မရေးရာ စာစောင်၊ မဂ္ဂဇင်း၊ ၀တ်ရွတ်စဉ်၊ ဘာသာရေးအခမ်းအနား၊ သာရေး၊ နာရေး အခမ်းအနားများ၌ VIDEO ရိုက်ကူးခြင်း၊ ဓမ္မ CD များ၊ ဓမ္မရေးရာ စာစောင်၊ မဂ္ဂဇင်း၊ ၀တ်ရွတ်စဉ် များကို ရိုက်ကူးပုံနှိပ်ဖြန့်ချီကာ ဓမ္မဒါနအဖြစ် လှူဒါန်းခြင်း

(၄) အခါအားလျော်စွာ အထင်ကရဆရာတော်ကြီးများအား ပင့်ဖိတ်၍ တရားပွဲကျင်းပခြင်း၊ တရားစခန်း ကျင်းပခြင်း၊ ဘာသာရေးဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ဆရာတော်များ၏ ပစ္စည်းလေးဖြာအလို့ငှာ ထောက်ပန့်လှူဒါန်းခြင်း

(၅) အိမ်သစ်တက်၊ မွေးနေ့၊ သာရေး နာရေး အခမ်းအနားများတွင် ပိုင်ရှင်များ၏ ဖိတ်မံချက်အရ ၀တ်ရွတ်စဉ်ဖြင့် ပူဇော်ခြင်းများပြုလုပ်ပါသည်။

၀တ်ရွတ်အသင်းများ၏အကျိုးကျေးဇူး

၀တ်ရွတ်စဉ်ဖြင့်ပူဇော်ခြင်းဟူသည် ဘုရားရှင်၏ဂုဏ်တော်များကို ရွတ်ဆိုပူဇော်ကာ ဘုရားရှိခိုး ခြင်းပင်ဖြစ်၍ ၀ိသုဒ္ဓိမဂ် ဘုရားရှိခိုးခြင်း အကျိုး(၉)ပါးကို မချွတ်ဧကန်ရရှိပေသည်။

၎င်း(၉)ပါးဟူသည်

(၁)ဘုရားရှင်၌ ရိုသေခြင်း၊ တုပ်ဝပ်ကျိုးနွံခြင်း

(၂)
(က) ရတနာသုံးပါး၌ ယုံကြည်မှု၊ ကံ-ကံ၏အကျိုး၌ ယုံကြည်မှု သဒ္ဓါတရားတိုးပွားလာခြင်း
(ခ) အမှတ်သတိကောင်းလာခြင်း၊ မမေ့မလျော့ခြင်း၊ မရူးသွပ်နိုင်ခြင်း၊ စိတ်ရောဂါ မဖြစ်နိုင်ခြင်း
(ဂ) ဉာဏ်ပညာထက်မြက်လာခြင်း၊ ဉာဏ်ထက်လာလို့ အကျက်ရလွယ်ကူခြင်း၊ စာကြည့်လျှင်မှတ်မိလွယ်ခြင်း
(ဃ) ကောင်းမှုတရားတိုးပွားလာခြင်း၊ မိမိခန္ဓာကိုယ်တွင်းမှာ ကုသိုလ်တရားများပွားများလာခြင်း

(၃)
(က) နှစ်သက်ခြင်း ပီတိတရားဖြစ်ပွားလာခြင်း
(ခ) နှစ်သက်ရုံမျှမက ၀မ်းသာခြင်းပါမောဇ္ဇတရားလည်း တိုးပွားလာခြင်း

(၄)
(က) ဘေးကြီးငယ်၊ ရန်ကြီးငယ်တို့ကို နှိမ်နင်းနိုင်ခြင်း
(မဟာရာဇဝင်တွင် မိဖုရားစောလုံသည် ဘုရားဂုဏ်တော်ထုံထားသဖြင့် မီးမလောင်နိုင်ပါ။ ကောသလမင်း၏မိဖုရားကို မီးပုံတွင်းပစ်ချသော်လည်း ဘုရားဂုဏ်တော်ထုံထားသည့် စွမ်းအင် ကြောင့် မီးတောက်များအလိုလို ငြိမ်းရပါသည်။
ထိုကဲ့သို့ ဘုရားဂုဏ်တော်သည် ဘေးရန် အန္တရာယ်ကို နှိမ်နင်းနိုင်ပါသည်။)
(ခ) အကယ်၍ဘေးရန်အန္တရာယ်နှင့် မလွဲမရှောင်သာ ကြုံလာသော်လည်း ကြံုလာသည့်ဘေးအန္တရာယ်ကို သည်းခံနိုင်စွမ်းရှိခြင်း

(၅) မိမိကိုယ်ကို ဘုရားဂုဏ်တော်နှင့် ထုံထားသဖြင့် ဘုရားရှင်နှင့် အတူနေရသကဲ့သို့ဖြစ်ခြင်း

(၆) ဘုရားဂုဏ်တော်များကို အာရုံ ဉပရင်း ဘုရားရှင်၏ဂုဏ်တော်များသည် ဤ၍ဤမျှကြီးကျယ်ခမ်းနား လှပါတကား၊  ငါသည်လည်းဤသို့သောဂုဏ်တော်ပိုင်ရှင်ဘုရားဖြစ်ရန် စိတ်ညွှတ်နိုင်ခြင်း

(၇) ဘုရားဂုဏ်တော်နှင့် ထုံထားသော မိမိခန္ဓာကိုယ်သည် စေတီအိမ်ဖြစ်သဖြင့် လူနတ်ဗြဟ္မာတို့၏ ပူဇော်ခြင်းကို ခံယူထိုက်ခြင်း

(၈) လွန်ကျူးအပ်သော ဒုစရိုက်မှုနှင့် မရှောင်သာမကွင်းသာ ကြံုသည့်တိုင်အောင် မိမိမျက်မှောက်၌ ဘုရားရှင်ကို မြင်ရသလိုဖြစ်ပြီး အရှက်အကြောက်ပေါ်လာကာ ဒုစရိုက်မှုမှရှောင်လွဲနိုင်ခြင်း

(၉) အထက်မဂ်ဖိုလ်နိဗ္ဗာန်ကို ထိုးထွင်း၍မသိနိုင်စေကာမူ သေသည်၏အခြားမဲ့၌ ဒုဂ္ဂတိဘဝသို့မလားရဘဲ သုဂတိဘဝသို့သာလားရနိုင်ခြင်း

ထို(၉)ပါးအပြင်

(၁) ကုသိုလ်တရားများ ပွားများစေရန်အချိန်ကို တိကျစွာအသုံးချနိုင်ခြင်း

(၂) အကုသိုလ်ဖြစ်စေမည့် အပျော်အပါး အလေအလွင့် ဗာဟီရကိစ္စများ နည်းပါးပျောက်ကင်းစေနိုင်ခြင်း

(၃) တစ်ဦးချင်းအတွက်ဖြစ်စေ၊ အများအတွက်ဖြစ်စေ အကျိုးမဲ့ကိစ္စများကို ရှောင်ကြဉ်နိုင်၍ အကျိုးရှိကိစ္စ  တို့ကို ဆောင်ရွက်နိုင်စေရန် သတိပေးနိုင်ခြင်း

(၄) ၀တ်အသင်း၌ ပညာရှိသူတော်ကောင်းမိတ်ဆွေများနှင့် တွေ့ဆုံနိုင်ခြင်း

(၅) မသိသေးသည့်တရားများကို သိရှိရပြီး သိပြီးတရားများကို သံသယကင်းရှင်းအောင် ထပ်မံနာကြား ဆွေးနွေးသင်ယူနိုင်ခြင်း

(၆)၀တ်အသင်းဝင်လူငယ်များ အချင်းချင်း မေတ္တာသက်ဝင် ချစ်ခင်ရင်းနှီးသဖြင့် ငြိမ်းချမ်းသာယာသော လူ့ဘောင်သစ်ကို တည်ဆောက်ပြီး ကောင်းကျိုးအနန္တတို့ကို လက်တွဲကာ စုပေါင်းဆောင်ရွက်နိုင်ခြင်း အကျိုးကျေးဇူး များကိုလည်း ရရှိနိုင်ပါသည်။