ရဟန္တာဖြစ်တဲ့ အောက်ပါရဟန်းတွေနဲ့ ရဟန်းမတွေဟာ
သူတို့ရဲ့ ဘဝဇာတ်ကြောင်းကို သူတို့ကိုယ်တိုင်ပဲ
ပြောပြသွားကြပါတယ်။ သူတို့ကိုယ်တိုင်ပြောပြသွားတဲ့
အကြောင်းအရာတွေက အောက်ပါအတိုင်းပါပဲ။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အရှင်ဥပသေန”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရဟန္တာအရှင်ဥပသေနမထေရ်လောင်းလျာက
ပဒုမုတ္တရဘုရားရှင်အား မဟာလှေကားပန်းထီးလုပ်ပြီး၊
ဆောင်းမိုးပေးခဲ့ပါတယ်။ အလွန်ကောင်းမြတ်တဲ့
စားဖွယ်ဆွမ်းအလှူကိုလည်း လှူခဲ့ပါတယ်။
အဲဒီ ကောင်းမှုကြောင့် သိကြားမင်းအဖြစ် ၃၆ ကြိမ်၊
စကြဝတေးမင်းအဖြစ် ၂၁ကြိမ်၊
ပဒေသရာဇ်အဖြစ် မရေမတွက်နိုင်တဲ့ အကျိုးကို
ရခဲ့ပါတယ်။
(အပဒါန၊ပ၊၆၈)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အရှင်သုမင်္ဂလ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရဟန္တာအရှင်သုမင်္ဂလလောင်းလျာက “ပိယဒဿီ
ဘုရားရှင်” အား သူ့အိမ်မှာရှိတဲ့ ဆွမ်းအလှူကို
လှူခဲ့ပါတယ်။
နတ်မင်း (သိကြားမင်း) အဖြစ် ၂၇ ကြိမ်၊
စကြဝတေးမင်းအဖြစ် ၁၈ ကြိမ်၊
ပဒေသရာဇ်မင်း အဖြစ် အကြိမ် ၅ဝဝ
ရရှိခဲ့ပါတယ်။ လှူပြီးခဲ့တဲ့ အချိန်ကစပြီး ရဟန္တာ
ဖြစ်တဲ့ဘဝအထိကမ္ဘာပေါင်း ၁၈ဝမှာ အပါယ်မလားခဲ့ရပါ။
အဲဒါဟာ ဆွမ်းအလှူရဲ့ အကျိုးတွေပါပဲ။
(အပဒါန၊ပ၊၇၂)
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အရှင်အန္နသံသာဝက”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရဟန္တာအန္နသံသာဝက မထေရ်လောင်းလျာဟာ
သိဒ္ဓတ္ထဘုရားရှင်အား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
ဆွမ်းလှူပြီးချိန်ကစပြီး ရဟန္တာဖြစ်သည့် ဘဝအထိ
၉၄ ကမ္ဘာ အပါယ်မလားခဲ့ရပါ။ အဲဒါဟာ ဆွမ်းအလှူရဲ့
အကျိုးပါပဲ။
(အပဒါန၊ပ၊၈၇)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အရှင်ဘိက္ခဒါယက”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရဟန္တာ ဘိက္ခဒါယက မထေရ်လောင်းလျာဟာ
သိဒ္ဓတ္ထဘုရားရှင်အား ဆွမ်းတစ်ဇွန်း လှူဒါန်းခဲ့ပါတယ်။
ဆွမ်းလှူပြီးချိန်ကစပြီး ရဟန္တာဖြစ်တဲ့ ဘဝအထိ
၉၄ ကမ္ဘာ အပါယ်မလားခဲ့ရပါ။အဲဒါဟာ ဆွမ်းအလှူရဲ့
အကျိုးပါပဲ။ဒီကမ္ဘာက ၈၇ ကမ္ဘာအထက်မှာ
ရတနာ (၇)ပါးနဲ့ ပြည့်စုံတဲ့ “မဟာရေဏု”အမည်ရှိ
စကြဝတေးမင်း ၇ ကြိမ် ဖြစ်ခဲ့ပါသေးတယ်။
(အပဒါန၊ပ၊၁၅၄)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အရှင်ဧကာသနဒါယက”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရဟန္တာ ဧကာသနဒါယက မထေရ်လောင်းလျာဟာ
ပဒုမုတ္တရ ဘုရားရှင်ရဲ့ တပည့်ဖြစ်တဲ့ “ဒေဝလမထေရ်”
အား ဆွမ်းလှူခဲ့ပါတယ်။ ဆွမ်းလှူခဲ့ပြီးချိန်ကစပြီး၊
ရဟန္တာဖြစ်တဲ့ဘဝအထိ ကမ္ဘာတစ်သိန်း အပါယ်
မလားခဲ့ရပါ။အဲဒါဟာ ဆွမ်းအလှူရဲ့ အကျိုးပါပဲ။
(အပဒါန၊ပ၊၂၅၆)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အရှင်အနုသံသာဝက”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရဟန္တာ အနုသံသာဝကမထေရ်လောင်းလျာဟာ
ဝိပဿီဘုရားရှင်အား ဆွမ်းတစ်ယောက်ချို(ဆွမ်းတစ်ဇွန်း)
လှူဒါန်းခဲ့ပါတယ်။
(အပဒါန၊ပ၊၂၈၀)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အရှင်ပရမန္နဒါယကာ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရဟန္တာ ပရမန္နဒါယက မထေရ်လောင်းလျာဟာ
ဝိပဿီဘုရားရှင်အား မွန်မြတ်တဲ့ဆွမ်းကို
လှူဒါန်းခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ရဟန္တာ
ဖြစ်တဲ့ဘဝအထိ ၉၁ကမ္ဘာ အပါယ်မလားခဲ့ရပါ။
အဲဒါဟာ ဆွမ်းအလှူရဲ့ အကျိုးပါပဲ။
(အပဒါန၊ပ၊၂၈၃)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အရှင်ဘောဇနဒါယက”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရဟန္တာ ဘောဇနဒါယက မထေရ်လောင်းလျာဟာ
ဝေဿဘူ ဘုရားရှင်အား ဆွမ်းလှူခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး ရဟန္တာဖြစ်တဲ့ ဘဝအထိ ၃၁ ကမ္ဘာ
အပါယ်မလားရပါ။အဲဒါဟာ ဆွမ်းအလှူရဲ့ အကျိုးပါပဲ။
ဒီဘဒ္ဒကမ္ဘာမှ ၂၅ကမ္ဘာထက်မှာ “အမိတ္တက” မည်တဲ့
စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့ပါသေးတယ်။
(အပဒါန၊ပ၊၂၈၈)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အရှင်ပိဏ္ဍပါတိက”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရဟန္တာ ပိဏ္ဍပါတိက မထေရ်လောင်းလျာဟာ
တုသိတာနတ်ပြည်က လူ့ပြည်ကို လာခဲ့ပါတယ်။
တောထဲမှာ သီတင်းသုံးနေတဲ့ တိဿဘုရားရှင်အား
ဆွမ်းလှူခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ရဟန္တာဖြစ်တဲ့
ဘဝအထိ ၉၂ ကမ္ဘာကြာ အပါယ်မလားခဲ့ရပါ။
အဲဒါဟာ ဆွမ်းအလှူရဲ့ အကျိုးပါပဲ။
(အပဒါန၊ပ၊၃၂၉)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အရှင်ဥက္ကာသတိက”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရဟန္တာ ဥက္ကာသတိက မထေရ်လောင်းလျာဟာ
“ကောသိက” မည်တဲ့ ပစ္စေကဗုဒ္ဓါအား ဆွမ်းတစ်ထပ်စာ
လှူဒါန်းခဲ့ပါတယ်။အဲဒီကောင်းမှုကြောင့် တုသိတာ
နတ်ပြည်မှာ ဖြစ်ပါတယ်။
(အပဒါန၊ဒု၊၄၈)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ဧကပိဏ္ဍပါတာဒါယိကာထေရီ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရဟန္တာဖြစ်တဲ့ အဲဒီထေရီလောင်းလျာ အမျိုးသမီးဟာ
ဗန္ဓုမတီမြို့က ဗန္ဓုမာမင်းရဲ့မိဖုရားဖြစ်ခဲ့ပါတယ်။
ရဟန်းမြတ်တစ်ပါးအား မွန်မြတ်တဲ့ ဆွမ်းလှူဒါန်းခဲ့ပါတယ်။
သိကြားမင်း ၃၀ ရဲ့ နတ်မိဖုရား ဖြစ်ခဲ့တယ်။
စိတ်နဲ့ တောင့်တတာအားလုံး သူ့မှာ ဖြစ်ပေါ်ခဲ့တယ်။
စကြဝတေးမင်း ၂၀ ရဲ့ မိဖုရား ဖြစ်ခဲ့တယ်။ဆွမ်းလှူဒါန်း
ပြီးချိန်ကစပြီး ရဟန္တာဖြaစ်တဲ့ ဘဝအထိ ၉၁ကမ္ဘာ
အပါယ်မလားခဲ့ရပါ။ အဲဒါ ဆွမ်းအလှူရဲ့ အကျိုးပါပဲ။
(အပဒါန၊ ဒု၊ ၁၉၂)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ကဋစ္ဆု ဘိက္ခာဒါယိကာ ထေရီ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရဟန္တာ အဲဒီထေရီလောင်းလျာ အမျိုးသမီးဟာ ဆွမ်းခံ
လှည့်လည်နေတဲ့ “တိဿဘုရားရှင်” အား ဆွမ်းတစ်ဇွန်း
လှူဒါန်းခဲ့ပါတယ်။ သေပြီး တာဝတိံသာနတ်ပြည်
ရောက်ပါတယ်။
သိကြားမင်း ၃၆ ရဲ့ နတ်မိဖုရား ဖြစ်ခဲ့ပါတယ်။
စကြဝတေးမင်း ၅၀ ရဲ့ မိဖုရား ဖြစ်ခဲ့ပါတယ်။
စိတ်နဲ့ တောင့်တတာ အားလုံးကို အမြဲရပါတယ်။
အဲဒီလှူပြီးချိန်ကစပြီး ရဟန္တာ ဖြစ်တဲ့ ဘဝအထိ
၉၂ ကမ္ဘာ အပါယ်မလားရပါ။ အဲဒီဆွမ်းတစ်ဇွန်းအလှူ
ရဲ့ အကျိုးပါပဲ။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ဥပ္ပလဒါယိကာထေရီ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အဲဒီထေရီလောင်းလျာအမျိုးသမီးဟာ အရုဏဝတီမြို့က
မင်းရဲ့ မိဖုရား ဖြစ်ခဲ့ပါတယ်။ သူမက ရဟန်းမြတ်
တစ်ပါးအား မွန်မြတ်တဲ့ ဆွမ်းလှူဒါန်းခဲ့ပါတယ်။
အဲဒီကုသိုလ်ကံကြောင့် သေပြီး တာဝတိံသာနတ်ပြည်
ရောက်ပါတယ်။ သိကြားမင်းတစ်ထောင်ရဲ့ နတ်မိဖုရား
ဖြစ်ခဲ့ပါတယ်။ စကြဝတေးမင်း တစ်ထောင်ရဲ့မိဖုရား
ဖြစ်ခဲ့ပါတယ်။ကြီးကျယ်တဲ့ ပဒေသရာဇ်မင်းအဖြစ်က
မရေမတွက်နိုင်ပါ။ အမျိုးမျိုးသော အခြားအကျိုး
များစွာကိုလည်း ရရှိခဲ့ပါတယ်။

ဂေါတမဘုရားသာသနာမှာ ဘိက္ခုနီဝတ်ပြီး သင်္ကန်း၊
ဆွမ်း၊ ကျောင်း၊ ဆေးပစ္စည်းတွေကို တိုင်းတာလို့
မရနိုင်လောက်အောင် ရပါတယ်။ အဲဒါဟာ
ဆွမ်းအလှူရဲ့ အကျိုးပါပဲ။ အဲဒီဆွမ်းလှူပြီးချိန်ကစပြီး
ရဟန္တာဖြစ်တဲ့ ဘဝအထိ ၃၁ ကမ္ဘာကြာ
အပါယ်လေးပါး မရောက်ခဲ့ရပါ။ လူ့ဘဝ၊ နတ်ဘဝကိုသာ
ရောက်ရပါတယ်။ ပစ္စည်းဥစ္စာပေါများ ကြွယ်ဝတဲ့
အမျိုးမြတ်မှာ ဖြစ်ရပါတယ်။
အဲဒါဟာ ဆွမ်းအလှူရဲ့ အကျိုးပါပဲ။
(အပဒါန၊ ဒု၊ ၂၈၄)

အဲဒီ ရဟန္တာရဟန်းတွေနဲ့ ရဟန္တာရဟန်းမတွေက
ဆွမ်းလှူခဲ့လို့ ရခဲ့တဲ့ အကျိုးတွေကို ကိုယ်စီကိုယ်စီ
အသီးသီး ပြောပြသွားကြပါတယ်။ ဆွမ်းအလှူရဲ့
အကျိုးတွေက အတော်ကိုကြီးကျယ်တာပါပဲ။
အဲဒီရဟန္တာ ရဟန်း၊ ရဟန်းမတွေက အတိတ်ဘဝတွေကို
ပြန်ပြောင်း သိမြင်နိုင်တဲ့ တန်ခိုးအဘိညာဉ်ပိုင်ရှင်
ဖြစ်ကြလေတော့ ပြောပြနိုင်ကြတာ ဖြစ်ပါတယ်။
အခုဆွမ်းဒကာ၊ ဆွမ်းဒကာမတွေဟာလည်း
နောင်ဘဝတစ်ခုခု မှာ ရဟန္တာဖြစ်ပြီး သူတို့လို
တန်ခိုးအဘိညာဉ်ပိုင်ဆိုင်ခဲ့ကြရင် အခုဆွမ်းအလှူတွေရဲ့
အကျိုးအသီးသီးတွေကို သူတို့လိုပဲ ဝေဝေဆာဆာ
ပြောပြနိုင်ကြပါလိမ့်မယ်။ ဗုဒ္ဓဘာသာဝင်တွေထဲမှာ
ဆွမ်းအလှူ မလှူဖူးသူဟာ မရှိသလောက်ပဲ ရှားမယ်
ထင်ပါတယ်။ အနည်းအများ ကွာချင် ကွာခြားပါမယ်။
အားလုံး လှူဖူးကြတာချည်းပါပဲ။

“အင်အား လှူသူ”
••••••••••••••••••••••••••••••••••
“ဘာကို လှူရင် အင်အားကို လှူရာ ရောက်ပါသလဲ။”
“အစာကို လှူရင် အင်အားကို လှူရာ ရောက်ပါတယ်။”
နတ်သားတစ်ဦးက မေးလို့ ဘုရားရှင်က
ဖြေထားပါတယ်။
(သံယုတ်၊ပ၊၂၉)

အင်အား အလွန်ကြီးမားသူတောင်မှ ထမင်း ၂ထပ်၊
၃ ထပ် မစားလိုက်ရရင် ထိုင်နေရာမှ ထဖို့တောင်
မစွမ်းနိုင်တော့ဘူးပါ။ ခန္ဓာကိုယ်နဲ့ ပြုလုပ်ရမယ့်
အခြားကိစ္စတွေကိုတော့ ပြောဖွယ်တောင် မလိုတော့ပါ။
အကြောင်းကတော့ အင်အား မရှိလို့ပါပဲ။
စားပြီးရင်တော့ မစားခင်က အင်အား မရှိသူတောင်မှ
အင်အားနဲ့ ပြည့်စုံလာပါတယ်။
(သံ၊ဋ္ဌ၊ပ၊၇၈၊ဋီ၊၁၁၈)

“ဒါန အကျိုး”
••••••••••••••••••••••••••••••••••
နတ်သား။ ။ဒီလောကမှာ တချို့ပုဂ္ဂိုလ်တွေက နှမြော
ဝန်တို မပေးလိုကြပါ။ အလှူခံပုဂ္ဂိုလ်တွေကိုလည်း
ဘေးကို ပြကာ ခြိမ်းခြောက်တတ်ကြပါသည်။
အခြား ပေးလှူသူတွေကိုလည်း အန္တရာယ်
ပြုတတ်ကြပါတယ်။
အဲဒီပုဂ္ဂိုလ်တွေရဲ့ အကျိုးရလဒ်က ဘယ်လိုပါလဲ။
သူတို့ရဲ့ နောင်ဘဝကိုလည်း ဘယ်လို ရှုမြင်ရပါမလဲ။

ဘုရားရှင်။ ။အဲဒီပုဂ္ဂိုလ်တွေရဲ့ အကျိုးရပုံက
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဘဝကို ရောက်ရတယ်။
လူ့ဘဝ ရောက်ပြန်ရင်လည်း လူဆင်းရဲမျိုးမှာ
ဖြစ်ရတယ်။ အဝတ်အစား ရှားပါးတယ်။
ကာမဂုဏ် အာရုံ ၅ ပါးနဲ့ ပျော်မွေ့ရမှုလည်း နည်းတယ်။
ကိုယ်၊ နှုတ်၊ စိတ်မှာ ရွှင်လန်းချမ်းမြေ့မှုကိုလည်း မရ။
လူမိုက်တွေဟာ သူတစ်ပါးထံမှ တောင့်တတဲ့
အရာကိုမရကြ။ ဒါက ဒီဘဝမှာရတဲ့ အကျိုးပဲ။
တမလွန်ဘဝမှာလည်း မကောင်းတဲ့ ဘဝကို
ရောက်ရတယ်။

နတ်သား။ ။မြတ်စွာဘုရား၊ မပေးလှူတတ်သူတွေရဲ့
အကျိုးရပုံ အလုံးစုံကို သိကြရပါပြီ။ အခြား
ပြဿနာကိုလည်း မေးလိုကြပါတယ်။ ဒီလောကမှာ
တချို့ ပုဂ္ဂိုလ်တွေက လူ့ဘဝကိုရပြီး တောင်းသူလာရင်
ကောင်းစွာနှစ်ခြိုက် အလိုက်သိတတ်စွာ ပေးလှူ
တတ်ကြပါတယ်။ မပေးရက်လို ၊
နှမြောဝန်တိုမှုလည်း ကင်းကြပါတယ်။
ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးမှာ ကြည်ညိုကာ
ရိုသေမှုထက်သန်ကြပါတယ်။ အဲဒီပုဂ္ဂိုလ်တွေရဲ့
အကျိုးရလဒ်နဲ့ တမလွန်ဘဝက ဘယ်လိုပါလဲ။

ဘုရားရှင်။ ။ အဲဒီပုဂ္ဂိုလ်တွေဟာ နတ်ပြည်မှာ
ဖြစ်ကာဗိမာန်အရောင် နဲ့ ထွန်းတောက်နေကြပါတယ်။
လူ့ဘဝ ရောက်ရင် ကြွယ်ဝချမ်းသာတဲ့အမျိုးမှာ
ဖြစ်ကြရတယ်။ အဝတ်အစား ပေါများကြတယ်။
ကာမဂုဏ်ငါးပါးနဲ့ ပျော်မွေ့မှုလည်း များတယ်။
ကိုယ်၊ နှုတ်၊စိတ် မှာ ရွှင်လန်း ချမ်းမြေ့မှုကိုလည်း
ရကြတယ်။ သူတစ်ပါးတွေ စုဆောင်းထားတဲ့ဥစ္စာတွေမှာ
ကိုယ့်အလိုအတိုင်းသာ ဖြစ်ကာ ဝမ်းမြောက်ကြရတယ်။
ဒါက ဒီဘဝမှာရတဲ့ အကျိုးပဲ။ တမလွန်ဘဝမှာလည်း
ကောင်းတဲ့ဘဝကို ရောက်ရတယ်။
(သံယုတ်၊ ပါဠိ၊ ပ၊ ၃၁)
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ-
သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】
Posted by►
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ချ်များအနေနဲ့ share မယ်ဆိုရင်
စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]