ဘုန်းကြီးတို့ မနှစ်တုန်းက မလေးရှားမှာ အဘိဓမ္မာသင်တန်း ပို့ချတုန်းက သင်တန်းသားထဲ Bulgaria ဘုန်းကြီးတစ်ပါး ပါတယ်။ ထူးထူးခြားခြားပဲ၊ Bulgaria ဆိုတာ ကြားဖူးကြလိမ့်မယ်၊ Romania တို့၊ Bulgaria တို့ဆိုတာ အရင်တုန်းက ကွန်မြူနစ် နိုင်ငံတွေပေါ့၊ သူ့စကားက တော်တော်နားထောင်ရခက်တယ်၊ အသံက ကုလားသံနဲ့တူတယ်။

သူက ခေတ်သိပ္ပံနည်းအရ ဒီအာရုံကနေပြီး မြင်သိစိတ် ဖြစ်လာပုံအထိ ဆက်သွယ်ပုံကို ကွန်ပျူတာနဲ့ပြတာ၊ လူ့ရဲ့မျက်စိမှာ ရှေ့က မြင်စရာအာရုံလေး ဝင်လာတာနဲ့တစ်ပြိုင်နဲ့ မျက်လုံးထဲလေးတင် မဟုတ်ဘူး, သူက အာရုံကြောကနေသွားပြီး ဦးနှောက်နောက်ဘက်ထဲထိ ရောက်အောင်သွားတယ်၊ နောက်စေ့နားမှာ အကွက်တစ်ကွက်ရှိတယ်၊ အဲဒီ အကွက်ထိအောင် အလင်းတန်းလေးက သွားတယ်၊ အဲဒီရောက်မှ မြင်တာတဲ့၊ ဒီကြားထဲမှာ block ဖြစ်နေရင် မမြင်ရဘူး၊ ဪ mind door ဆိုတာ အဲဒါများ ဖြစ်နေမလားလို့ ဘုန်ကြီးတို့ စဉ်းစားကြည့်တယ်၊ ဒီကြားထဲပိတ်နေလို့ရှိရင် မြင်တယ်ဆိုတာ မဖြစ်နိုင်ဘူး။

မျက်စိကတော့ အကောင်းကြီး၊ သို့သော် သွားတဲ့အာရုံကြောလေးက တစ်နေရာရာမှာ ဥပမာ- နားထင်လောက်က ပိတ်နေတယ်ဆိုရင် အဲဒီလူဟာ မြင်တယ်လို့ မပြောဘူး၊ မျက်စိကတော့အကောင်း, ဒါပေမဲ့ မမြင်ဘူး၊ မျက်စိကနေ ဝင်လာတဲ့ အလင်းတန်းလေးဟာ လူရဲ့နောက်စေ့နားမှာ ခေါင်းနောက်ပိုင်း သွားပြတယ်၊ အဲဒီကျမှ မြင်တယ်ဆိုတာ ဖြစ်တယ်။ ဒါက သိပ္ပံနည်းကပြောတာ။

ဒီတော့ သိပ္ပံနည်းနဲ့ မြတ်စွာဘုရား ဟောထားတာတွေ အင်မတန်မှကိုက်ညီတယ်။ သူတို့ဟာက ရုပ်ကိုတော့ ရှာလို့တွေ့နိုင်တယ်ပေါ့၊ နာမ်တရားကိုတော့ မြတ်စွာဘုရားလို ဘယ်လိုလုပ် ရှာလို့တွေ့မလဲ၊ ရုပ်တောင်မှ သူတို့ရှာတွေ့ရင် အတုံးအခဲပဲတွေ့မယ်၊ အသေးစိတ်ကိုတွေ့ဖို့ မလွယ်ဘူးပေါ့၊ ရုပ်တောင်မှ အကုန်တွေ့ဖို့ မလွယ်ဘူး။

မြတ်စွာဘုရားကျတော့ analyze လုပ်တဲ့နေရာမှာ အကြွင်းအကျန်မရှိအောင် analyze လုပ်နိုင်တာ၊ အဲဒီလို စွမ်းရည်သတ္တိချင်းတော့ မတူဘူးပေါ့၊ နာမ်ဆိုတာကျတော့ သူတို့ Psychology ဆိုတာ တကယ့် Psychology မှ မဟုတ်တာ။

ဘုန်းကြီးတို့ဆီ လာလာပြီးတော့ မသိတာလေးတွေ မေးနေတဲ့, ယခု ရန်ကုန်မှာနေတဲ့ ပြင်သစ်လူမျိုး မစ္စတာဖလောရင့်ဆိုတာ တစ်ခါတုန်းက လျှောက်တယ်၊ အဘိဓမ္မာကို Psychology လို့ ပြန်တာ သူက သဘောမကျဘူး၊ ဘာလို့လဲဆိုတော့ Psychology ဆိုတာ ဘာမှမပါဘူးတဲ့၊ Psychology ဆိုတာ ဘာမှမဟုတ်ဘူး၊ ဒီအဘိဓမ္မာက အလွန်လေးနက်တာ Psychology မဟုတ်ဘူးတဲ့၊ သူက အဲဒီလို ပြောသွားတယ်။

နယ်သာလန်နိုင်ငံမှာ သင်တန်းသွားပို့ချတုန်းက မစ္စတာဟင့်ခ် ဆိုတဲ့ ပါမောက္ခတစ်ယောက် သင်တန်းလာတက်တယ်၊ သူ့အဖေက Psychologist Psychology ပါမောက္ခကြီး၊ သူငယ်ငယ်တုန်းက သူ့အဖေက ပြောဖူးတယ်၊ “စာမျက်နှာ တစ်ထောင်လောက်ရှိတဲ့ Psychology နဲ့ ပတ်သက်တဲ့ စာအုပ်ကြီးမှာ Psychology အကြောင်းရေးထားပေမယ့် ဣဿာ ဆိုတဲ့ jealousy အကြောင်း ရေးထားတာ မတွေ့ရဘူးတဲ့။”

ဒီတော့ ဗုဒ္ဓမြတ်စွာဟောကြားတာက အလွန်ပြီးပြည့်စုံတယ်၊ လူ့ရဲ့သဘာဝ အရေးကြီးတာတွေ၊ လူ့ခန္ဓာကိုယ်ထဲက ဖြေရှင်းပစ်ရမယ့် purify လုပ်ပစ်ရမယ့် သန့်ရှင်းပစ်ရမယ့် စိတ်ရဲ့ အညစ်အကြေးတွေကို မချန်ချွင်းအောင် ဟောထားတာ၊ အဲဒီ ညစ်နွမ်းနေတဲ့ စိတ်ရဲ့အင်အားစုတွေကိုလည်း ဖယ်ရှားပစ်ဖို့အတွက် ဖြူစင်စေနိုင်တဲ့ စွမ်းအားတွေကိုလည်း မြတ်စွာဘုရားက ထည့်ပြီး ပြည့်ပြည့်စုံစုံ ဟောထားတာ။

-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ】