ဗကဗြဟ္မာကြီးသည် အတိတ်ဘဝ တစ်ခုမှာ ချမ်းသာ ကြွယ်ဝသော အိမ်၌ ဖွားမြင်ပြီး သူဌေးသား ဖြစ်ခဲ့ ဖူးတယ်။ အရွယ်ရောက် လာတော့ ကာမဂုဏ် တို့၏ အပြစ်ကို တွေ့မြင်တယ်၊ ဘယ်လိုမြင်လဲ? ကာမကို တွယ်တာ တက်မက်မှုက ငရဲကို ရောက်နိုင်တယ်၊ ကာမတွေနဲ့ ပါတ်သတ်ပြီး ဒေါသ ဖြစ်နေရင်လည်း ငရဲရောက် နိုင်တယ်၊ ကာမနဲ့ ပါတ်သတ်ပြီး အသိမှားမှု မောဟတွေ ဖြစ်နေ ပြန်ရင်လည်း ငရဲရောက် နိုင်တယ် ဒီလို အပြစ်တွေကို သူက ကောင်းကောင်းကြီး သိမြင်ပါတယ်။

"ပဋိသန္ဓေ နေရတဲ့ဒုက္ခ၊
အိုရတဲ့ဒုက္ခ၊ နာရတဲ့ဒုက္ခ၊
သေရတဲ့ ဒုက္ခတွေရဲ့
အဆုံး အပိုင်းအခြား
ကိုတော့ ငါ ပြုလုပ်တော့မယ်" တဲ့

ဒီလို ဦးတည်ချက် ရှိတယ်။ ဒုလ္လဘ ဦးဇင်းတွေ ဘယ်လိုလည်း နှစ်ဆန်း တစ်ရက်နေ့ လောက်ထိ နေမယ်လေ နှစ်ဆန်း တစ်ရက်နေ့ ပြီးရင် ထွက်မယ် ဒီလို ဦးတည်ချက် ဟုတ်သလား? ဘယ်လောက် မိမိမှာ စိတ်ထားတွေ ညံ့နေလဲကြည့်၊ ကိုယ်မှာ ပဋိသန္ဓေဒုက္ခ၊ အိုနာသေဒုက္ခ တွေရှိနေတယ်၊ ဒီလိုဒုက္ခ တွေကနေ လွတ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ဓာတ်တွေ မရှိသင့်ဘူးလား?

နှစ်ဆန်း တစ်ရက်နေ့ ကျတော့ ထွက်မယ်၊ ထွက်ပြီး ဘာလုပ်မလဲ? ချီးထုတ်ကြီး ထမ်းပြီး လျောက်လည် ဦးမယ်။ ဘယ်လောက် ရှက်ဖို့ ကောင်းလဲ, ရှက်ဖို့ မကောင်းဘူးလား? အဲ့ဒါ သေသေချာချာ ပညာ မျက်စိဖြင့် ကြည့်ပါ သူကတော့ သံသရာရဲ့ အဆုံး အပိုင်းအခြားကို ငါရအောင် ​ပြုတော့မယ် ဆိုပြီး ရသေ့ရဟန်း ဝတ်ပြီး တောထွက် ​ပါတယ်။ ဒီလို စိတ်ဓာတ်တွေ မရှိသင့် ဘူးလား? ရှိသင့်တယ်။

စဉ်းစားကြည့် သူ့ဘဝလေး ဘယ်လောက် ငြိမ်းချမ်းလဲ? ဂင်္ဂါမြစ်ကမ်း တောထဲမှာ သစ်ရွက်မိုး ကျောင်းလေးနဲ့ တစ်ယောက်တည်း နေထိုင် ပါတယ်။ သူဘာလုပ်လဲ? စျာန်, အဘိညာဉ် တွေကို ပွားများ အားထုတ် ပါတယ်။ ဒီစျာန်တွေနဲ့ မွေ့လျော်ပြီး အချိန်ကို ကုန်လွန် စေတယ်တဲ့။ မနေချင် ကြဘူးလား၊ ဘယ်လောက ်ချမ်းသာ မလဲ? သူများ သားသမီး ကျွန်ခံတာ တိရစ္ဆာန် ဘဝ ရောက်တောင် ကျွန်ခံလို့ မရ ဘူးလား ? ရပါတယ် ။ သူတို့လည်း ကျွန်မခံ တတ်ဘူးလား၊ ခံတတ်ပါတယ် ဒါသိပ်ခက်ခဲတဲ့ အလုပ်မဟုတ်ဘူး။

သူများ သားသမီးကို ကျွန်ခံတယ် ဆိုတာ သတ္တဝါတိိုင်း ကျွန်ခံလို့ ရတဲ့ အလုပ်ပါ၊ အခုလိုစျာန် အဘိညာဉ် တွေဆိုတာက သူတော်ကောင်း စိတ်ဓာတ်တွေကို အလွန်မွေးမြူ နိုင်မှ ရတဲ့ အရာတွေပါ။ သူတော်ကောင်း တရားနဲ့ ကြုံတုံး ရယူထားဖို့ မသင့်ဘူးလား။ ရယူထားဖို့ လိုအပ်ပါတယ်။

-【ဖားအောက်တောရဆရာတော်