ဗုဒ္ဓဟာ သုမေဓာရှင်ရသေ့ဘဝမှာ အဘိဉာဏ် ခြောက်ပါးကို ရပြီးသား တိဟိတ်အာဇာနည် ယောကျ်ားတစ်ယောက် ဖြစ်ပါတယ် ။

ဒီပင်္ကရာမြတ်စွာဘုရားကိုလည်း ဖူးတွေ့ရပြီ ဖြစ်လို့ လေးမဂ်,လေးဖိုလ်ကို အရယူပြီး နိဗ္ဗာန်ကို ချက်ချင်း ကူးသွားနိုင်စွမ်း ရှိပါတယ် ။

ဒါပေမယ့် မကူးခဲ့ပါဘူး ။
-ငါ သံသရာဝဲသြဃယထဲက ကူးမြောက်သလို ဝေနေယျသတ္တဝါတွေကိုလည်း ကူးမြောက်စေမယ် ။

-ငါ (၃၁)ဘုံ ဝဋ်ဆင်းရဲက လွတ်မြောက်သလို ဝေနေယျသတ္တဝါတွေကိုလည်း လွတ်မြောက်စေမယ် ။

-ငါ သစ္စာလေးပါးသိသလို ဝေနေယျသတ္တဝါတွေ ကိုလည်း သိစေမယ် . . ဆိုတဲ့ မေတ္တာစေတနာနဲ့

အပါယ်လေးပါးအကျခံပြီး လေးသချေင်္နဲ့ ကမ္ဘာ တစ်သိန်း ဘုရားဖြစ်အောင် ပါရမီ ဖြည့်ခဲ့ရတယ်။

မိမိဘာသာ နိဗ္ဗာန်ကူးလို့ ရရဲ့သားနဲ့ မကူးဘဲ ဝေနေယျသတ္တဝါတွေအတွက် အပင်ပန်း အဆင်းရဲခံပြီး ဘုရားဖြစ်အောင် ပါရမီ ဖြည့်ခဲ့တဲ့ မေတ္တာ , ဂရုဏာကို လေးစားတဲ့အနေနဲ့ ဝိပဿနာတရားကို ပွားများအားထုတ်သင့်ကြပါတယ်နော် ။
--------------------------------------------

ဘုရားဖြစ်တော်မူပြန်တော့လည်း ဘုရားရှင်ဟာ အားချိန် , နားချိန်တောင် မထားဘဲ မဂ်ဖိုလ် ရအောင် တရားများကို ဟောကြားပြသတော်မူတယ် ။

ဘုရားရှင်ရဲ့ တစ်နေ့တာအလုပ်ကလေးကို ကြည်ညိုကြည့်ရအောင်. . . ။

နံနက်(၄)နာရီလောက် ရှိတာနဲ့ ဗုဒ္ဓဟာ
ဂရုဏာသမာပတ် ဝင်စားပြီး စင်္ကြာဝဋ္ဌာတိုက် တစ်သောင်းက ကျွတ်ထိုက်တဲ့ ဝေနေယျ သတ္တဝါများကို ရှာဖွေကြည့်ရှုတော်မူပါတယ် ။

ကျွတ်ထိုက်သူကိုတွေ့ရင် ယူဇနာ ဘယ်လောက်ဝေးဝေး အရောက်သွားပြီး ချေချွတ်တော်မူတယ် ။ အဝေးမှာရှိတဲ့ သတ္တဝါတွေ ချေချွတ်ပြီးတာနဲ့ မိုးလင်းသွားပါပြီ ။
-----------------------------------------------

မိုးလင်းတာနဲ့ သံဃာများစွာ ခြံရံပြီး ဆွမ်းခံကြွတော်မူတယ် ။ ဆွမ်းခံရင်းနဲ့ ကျွတ်ထိုက်သူ တွေ့ရင် တရားဟောရင်း ချေချွတ်တာပဲ ။

ဆွမ်းခံက ပြန်ရောက်လို့ ခြေဆေးတဲ့ အချိန်မှာတောင် ဒုလ္လဘတရား ငါးပါးကို ဟောကြားလိုက်ပါသေးတယ် ။
----------------------------------------------

ဆွမ်းစားပြီးလို့ ၁၂ နာရီထိုးလောက် ရှိတာနဲ့ ရဟန်းအပါး ငါးရာကျော်တို့က ကမ္မဋ္ဌာန်းတရားနဲ့ ပတ်သက်တဲ့ ပုစ္ဆာပြသနာတွေ မေးကြတယ် ။

ဒါနဲ့ပဲ ညခုနှစ်နာရီ ရောက်သွားတယ် ။
ဒီအချိန်မှာ တရားနာ ရောက်လာတဲ့ ဒကာ , ဒကာမတွေက ကျောင်းထဲမှာ ပြည့်လျှံနေပါပြီ ။

ဒါကြောင့် ဘုရားရှင်ဟာ အနားယူချိန် မရဘဲ မဂ်ဖိုလ်ရကြောင်း တရားများကို ဆက်ပြီး ဟောကြားတော်မူရပါတယ် ။

လူပရိတ်သတ်တွေ တရားဟောပြီးတဲ့အချိန်မှာ ည(၁၁)နာရီကျော်လောက် ရှိပါပြီ ။

ပလ္လင်ပေါ်က ဆင်းပြီး ကျိန်းစက်ရာ ဂန္ဓီကုဋီတိုက်ထဲ ရောက်တာနဲ့ သိကြားမင်းနဲ့ တကွ နတ်ပရိတ်သတ်က တရားနာဖို့ စောင့်နေပါပြီ ။
----------------------------------------------

နတ်တွေကို တရားဟောပြီးတာနဲ့ ညတစ်ချက်ခွဲလောက် ရှိသွားပါပြီ ။ ဒီအချိန်မှာ ဗြဟ္မာတွေ တရားနာလာပြန်ပါတယ် ။

ဗြဟ္မာတွေကို တရားဟောပြီးတဲ့အချိန်မှာတော့ သုံးနာရီ ထိုးခါနီးပါပြီ ။

အဲဒီအချိန်ကျမှ ဘုရားရှင်ဟာ တစ်နာရီနဲ့ မိနစ်နှစ်ဆယ်ခန့်လောက်ပဲ ကျိန်းစက်အနားယူခွင့် ရပါတယ် ။

မနက်လေးနာရီထိုးတာနဲ့ မဟာကရုဏာသမာပတ် ဝင်စားပြီး တစ်နေ့တာ ယန္တရားကြီး လည်ပတ်ပြန်ပါတယ် ။
-----------------------------------------------

မြတ်စွာဘုရား အဲသလောက် အပင်ပမ်းခံတယ် ဆိုတာ . . .
ဒါနပြုတတ်ရုံ
သီလ ဆောက်တည်တတ်ရုံ
သမထ ပွားတတ်ရုံလောက် . . အတွက် မဟုတ်ပါဘူး ။

ဒီကုသိုလ်တွေက သာသနာတွင်းလည်းရှိ , သာသနာပလည်း ရှိတဲ့ တရားတွေပါ ။ အချိန်မရွေး ပြုလုပ်လို့ ရပါတယ် ။

ဝိပဿနာဘာဝနာတရားကတော့ သာသနာတွင်းမှာသာ ရနိုင်တဲ့တရားပါ ။ မဂ်ဖိုလ်ကို တိုက်ရိုက်ပေးနိုင်တဲ့ တရားပါ ။

ဒါကြောင့်လည်း ဘုရားရှင်က ရသမျှအချိန်လေးမှာ မနားမနေ ချေချွတ်တော် မူတာ ဖြစ်တယ် ။ မြတ်စွာဘုရားရှင်ရဲ့ မေတ္တာ , စေတနာကို လေးစားသောအားဖြင့် ဒီဝိပဿနာ ဘာဝနာကို ပွားများအားထုတ်သင့်ပါပြီ ။

" မေတ္တာရှင် ရွှေပြည်သာ"
မဂ်တားဖိုလ်တား အန္တရာယ်များ(စာ၂၀-၂၃)