"ဆင်းရဲဒုက္ခ"
ဆင်းရဲဒုက္ခ တို့သည် များစွာ ရှိကုန်၏။ ၄င်းတို့မှာ အဘယ်နည်းဟူမူ (၁)ဒုက္ခဒုက္ခ (၂)ဝိပရိဏာမဒုက္ခ (၃)သင်္ခါရဒုက္ခ (၄)ပဋိစ္ဆန္နဒုက္ခ (၅)အပ္ပဋိစ္ဆန္နဒုက္ခ (၆)ပရိယာယဒုက္ခ (၇)နိပ္ပရိယာယဒုက္ခ တို့တည်း။

(၁) ဒုက္ခဒုက္ခ = ကိုယ်ထဲ၌ ဖြစ်သော မခံသာမှု ဆင်းရဲ စိတ်ထဲ၌ ဖြစ်သော မခံသာမှု ဆင်းရဲကို ခံစားမှု သဘော အားဖြင့် ဒုက္ခ- ဆင်းရဲသောကြောင့် လည်းကောင်း, သူ့အမည်အားဖြင့် ဒုက္ခ- ဆင်းရဲမည်သောကြောင့် လည်းကောင်း ဒုက္ခဒုက္ခ (ဆင်းရဲသည့်ဆင်းရဲ) ဟု ဆိုအပ်၏။

(၂) ဝိပရိဏာမဒုက္ခ = သုခဝေဒနာသည် သူပျောက်ကွယ် သွားသောအခါ သူ့ကို အောက်မေ့၍ မနေသာမှုကို ဖြစ်စေတတ်၏၊ ဥပမာ - ပစ္စည်းပေါများသော သူမှာ ထိုပစ္စည်းများ ပျောက်ကွယ်သားလျှင် ဆင်းရဲရသကဲ့သို့ လည်းကောင်း၊ သား မယား စသည့် အခြွေအရံဖြင့် ချမ်းသာနေသောသူမှာ ထိုအခြွေအရံများ ပျက်စီးကွဲကွာ သွားလျှင် ဆင်းရဲရ သကဲ့သို့လည်းကောင်း ဖြစ်သည်၊ ထို့ကြောင့် ဝိပရိဏာမဒုက္ခ ဟု ဆိုသည်။

(၃) ဥပေက္ခာ ဝေဒနာသည် လည်းကောင်း ကြွင်းသော တေဘူမကသင်္ခါရတရား (ကာမဘုံ, ရူပဘုံ, အရူပဘုံ ဟူသော ဘုံသုံးပါးတို့၌ အတွင်းဝင်သော ရုပ် နာမ်တရား) တို့သည် လည်းကောင်း ဖြစ်ခြင်း ပျက်ခြင်းက မပြတ် နှိပ်စက် အပ်သောကြောင့် သင်္ခါရဒုက္ခ မည်၏။ (သုခနှင့် ဒုက္ခ တို့ကို အသီးအခြား ဒုက္ခများ အဖြစ် ပြထားသော် လည်း ၄င်းတို့သည် ဖြစ်ခြင်း ပျက်ခြင်း၏ အနှိပ်စက် ခံရသောကြောင့် ဤသင်္ခါရဒုက္ခ ၌ အတွင်းဝင်ကြ သည်သာ)

(၄) နားကိုက်ခြင်း, သွားနာခြင်း, ရာဂကြောင့် ဖြစ်သော ပူလောင်ခြင်း ဒေါသကြောင့် ဖြစ်သော ပူလောင်ခြင်း အစရှိော ကိုယ်ထဲ စိတ်ထဲ၌ ဖြစ်သော ကျင်နာခံခက် နှိပ်စက်ခြင်း သဘောသည် မေးကြည့်မှ သိနိုင်သော ကြောင့်လည်းကောင်း၊ နှိပ်စက်မှု ဗျာပါရ၏ မထင်ရှားခြင်း ကြောင့် လည်းကောင်း ပဋိစ္ဆန္န (ဖုံးကွယ်အပ်သော) ဒုက္ခ မည်၏။ အပါကဋ (မထင်ရှားသော) ဒုက္ခ ဟူ၍လည်း ဆိုအပ်၏။

(၅) ကမ္မကာရဏ ခေါ် ၃၂ ပါးသော ညှဉ်းဆဲမှု တို့ကြောင့် ဖြစ်သော နာကျင်ခြင်းသည် မမေးဘဲပင် သိနိုင် သောကြောင့် လည်းကောင်း၊ နှိပ်စက်မှု ဗျာပါရ၏ ထင်ရှားခြင်းကြောင့် လည်းကောင်း အပ္ပဋိစ္ဆန္နဒုက္ခ မည်၏။ ပါကဋဒုက္ခ ဟုလည်း ဆိုအပ်၏။

(၆) ဒုက္ခဒုက္ခကို ချန်ထား၍ ကြွင်းသော သစ္စဝိဘင်း၌ လာသော ဇာတိ အစရှိသော ဆင်းရဲအားလုံးသည် ထိုထို ကိုယ်စိတ် ဆင်းရဲ၏ တည်ရာ အကြောင်းဝတ္ထု ဖြစ်သောကြောင့် ပရိယာယဒုက္ခ - ပရိယာယ်ဆင်းရဲ မည်၏။

(၇) ဒုက္ခဒုက္ခ ကိုမူ နိပ္ပရိယာယဒုက္ခ - မုချဆင်းရဲဟု ဆိုအပ်၏။
ဝိသုဒ္ဓိမဂ်-မြန်မာပြန် တတိယတွဲ (မဟာစည်) စာအုပ် စာမျက်နှာ ၃၉၅။

ထိုဒုက္ခ ၇ မျိုးတွင် သင်္ခါရဒုက္ခ တစ်မျိုးတည်းသာ ဝေဒနာနုပဿနာ ရှုရမည် ဖြစ်ကြောင်းကို ဆရာတော် ဘဒ္ဒန္တဃောသိတ ဟောကြားတော်မူသော ဝေဒနာနုပဿနာ သတိပဋ္ဌာန် တရားတော်တွင် ပါရှိပါသည်။