မြတ်စွာဘုရားလက်ထက်တော်က သူဌေးကြီး တစ်ယောက်ရှိပါတယ်။ သူက ”နေ့တိုင်း ကုသိုလ်ဖြစ်စေရမယ်” လို့ အဓိဋ္ဌာန်ပြီး ရဟန်းသံဃာတော်တွေကို အိမ်မှာ ဆွမ်းခံကြွစေပါတယ်။

ဒီလိုနဲ့ ဆွမ်းလောင်းလှှှှှှှှှှှှှှှှှှူလာလိုက်တာ ကာလတစ်ခုမှာတော့ သူတို့ ရပ်ကွက်ကို သူခိုးသူဝှက်တွေ မကြာခဏ လာလာကပ်လာပါတယ်။ ဒါကြောင့် ဇနီးလုပ်သူက အိမ်ခြံဝင်းတံခါးကို အမြဲပိတ်ခိုင်းထားလိုက်ပါတယ်။

ဒီတော့ ဆွမ်းခံကြွလာတဲ့ ရဟန်းသံဃာတော်တွေက ပိတ်ထားတဲ့ တံခါးကိုကြည့်ပြီး ပြန်လှည့်သွားကြပါတယ်။ ပထမတော့ အိမ်ရှင်သူဌေးကြီးက စီးပွားရေးအလုပ်တွေနဲ့ ရှုပ်နေတဲ့အတွက် သတိမထားမိပါဘူး။ တစ်နေ့ အလုပ်အားတဲ့ရက် သံဃာတော်တွေ ကြွမလာတာ တွေ့တာနဲ့ အိမ်ရှင်ဇနီးကို မေးကြည့်ပါတယ်။

“ရှင်မရေ အိမ်မှာ သံဃာတော်တွေကော နေ့စဉ် ဆွမ်းခံကြွရဲ့လား”

“အခုတလော မကြွဖြစ်ကြပါဘူး”

“ဟင်…. ဘာဖြစ်လို့လဲ”

“အခုတလော ရပ်ကွက်မှာ သူခိုးတွေ ကပ်ကပ်နေတယ်။ ဒါကြောင့် အိမ်တံခါးကို အမြဲသော့ခတ်ထားရတယ်”

“အို.. ဖြစ်မှဖြစ်ရလေ စောစောကပြောရောပေါ့။ ဆွမ်းဒါနကုသိုလ်ကတော့ မရလို့ မဖြစ်ဘူး။ ဆွမ်းလောင်းနိုင်အောင်တော့ စီစဉ်ပေးပါဦးမယ်”

အိမ်ရှင်သူဌေးကြီးက အိမ်ရှင်မကို အဲဒီလိုပြောပြီး သူနဲ့သိကျွမ်းတဲ့ လူငယ်ကောင်လေးတစ်ယောက်ယောက်ဆီ သွားပါတယ်။ လူငယ်လေးကိုတွေ့တော့ အကျိုးအကြောင်းပြောပြပြီး

“မောင်ရင်လေးရယ် ဦးတို့တံခါးကို အထူးလုံခြုံအောင် စောင့်ပေးပါ။ ရဟန်းသံဃာတွေ ကြွလာတဲ့အခါ တံခါးဖွင့်ပေးပြီး၊ သံဃာတွေ အိမ်ထဲရောက်တဲ့အခါ တံခါးကို သေချာပြန်ပိတ်ပေးပါ။ မောင်ရင်လေးအတွက်လည်း လခများများ ပေးပါ့မယ်” လို့ ပြောလိုက်ပါတယ်။

လူငယ်ကောင်းလေးကလည်း “ကျွန်တော် ဦးတို့ စိတ်တိုင်းကျ ဆောက်ရွက်ပေးပါ့မယ်” လို့ ပြန်ပြောလိုက်ပါတယ်။

ဒီလိုနဲ့ လူငယ်လေးဟာ သူဌေးကြီးအိမ်မှာ တံခါးစောင့်ရာထူး ရသွားရောပဲ ဆိုပါတော့ အလုပ်ဝင်ကတည်းက လူငယ်လေးဟာ သူ့ရဲ့စိတ်ကို အထူးပဲ စောင့်ရှောက်ထားပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ကိုယ်အမူအရာတိုင်းကို သတိကပ်ထားပါတယ်။

ရဟန်းသံဃာတွေ ကြွလာလို့ တံခါးဖွင့်ရပြီဆိုရင် လူငယ်လေးက “ငါ့ရဲ့ တံခါးဖွင့်ပေးမှုကြောင့် ရဟန်းသံဃာတော်တွေ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ဆွမ်းခံကြွ ဘုဉ်းပေးနိုင်ပါစေ။ အိမ်ရှင် မိသားစုတွေလည်း ကုသိုလ်ဝတ်ကို စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ပြုနိုင်ကြပါစေ” လို့ မေတ္တာစိတ်ကလေး ညွတ်ပြီး ပြန်ပိတ််ပါတယ်။

သံဃာတော်တွေ အိမ်ထဲရောက်တဲ့အခါမှာလည်း ဆွမ်းစားဖို့အတွက် ကူလုပ်ပေးပြန်ပါတယ်။ ကူလုပ်နေတဲ့အခါတိုင်း အလုပ်တစ်ခုလို သဘောမထားဘဲ၊ ကုသိုလ်တွေလို့ပဲ သဘောထားပြီး မေတ္တာစိတ်ကလေးကို အထူးညွတ်ညွတ်ပြီးကူပါတယ်။ သံဃာတော်တွေ ဆွမ်းစားပြီးလို့ သရဏဂုံ သီလပေးတဲ့အခါ ဝင်ယူသလို၊ တရားဟောပြီးလို့ အလှူရှင်ဖြစ်တဲ့ အိမ်ရှင်တွေက ရေစက်ချ အမျှပေးဝေတဲ့အခါမှာလည်း စိတ်ကလေးကို အထူးပဲ သတိကပ်ပြီး ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ပါတယ်။

အလုပ်တိုင်းကို အလုပ်လို သဘောမထားဘဲကုသိုလ်တွေလိုပဲ နှလုံးသွင်းထားမိတဲ့အတွက် လုပ်နေရတဲ့အလုပ်ကို ပင်ပန်းတယ်လို့ အာရုံမပြုမိတော့သလို “ငါက ဒီအိမ်မှာ တံခါးစောင့်ရတဲ့ အနိမ့်ဆုံး ရာထူးပဲ” ဆိုပြီးလည်း သိမ်ငယ်မနေတော့ပါဘူး။

ဒီလိုနဲ့ သေလွန်တဲ့အခါမှာတော့ အိမ်ရှင်အမျိုးသားကြီးဟာ ယာမာနတ်ပြည်မှာ သွားဖြစ်ပါတယ်။ တံခါးစောင့်လူငယ်လေးကတော့ တာဝတိံသာနတ်ပြည်မှာ အလွန်လှတဲ့ ရွှေဗိမာန်ကြီးနဲ့ သွားဖြစ်ပါတယ်။ အလွန်လှတဲ့ နတ်သမီးတွေကလည်း တစ်ဖက်ငါးရာနဲ့ပါ။ နတ်သမီးလေးတွေက သူ့ကို ဘယ်လိုခေါ်ကြသလဲဆိုတော့ “ကိုကို တံခါးစောင့်နတ်သားလေး” တဲ့။ လူ့ပြည်က တံခါးစောင့်ဘဝကနေ ရောက်လာတဲ့အတွက် “ကိုကို တံခါးစောင့် နတ်သားလေး” လို့ ခေါ်ကြတာပါ။

ကျန်တဲ့ဝန်းကျင်က နတ်သားတွေကလည်း တံခါးစောင့် နတ်သားလေးလို့ပဲ ခေါ်ကြပါတယ်။ နတ်သားတစ်ဖြစ်လဲ လူငယ်ကလေးကလည်း သူ့ကို တံခါးစောင့်နတ်သားလေးလို့ ခေါ်ကြတာကို လုံးဝစိတ်မဆိုးပါဘူး။ အဲဒီလိုခေါ်တဲ့အတွက် သူ့ကိုယ်သူ ပိုတောင်ဂုဏ်ယူပါသတဲ့။ သူ့ရဲ့ သာမန် တံခါးစောင့်အလုပ်ကလေးက ဒီဘဝရောက်အောင် ပို့ပေးလိုက်လို့ပါတဲ့။ ဒီစာရေးနေဆဲ၊ ဒီစာဖတ်နေဆဲမှာ တံခါးစောင့် နတ်သားကလေးကတော့ နတ်သမီးတစ်ဖက်ငါးရာနဲ့ တာဝတိံသာနတ်ပြည်မှာ ဒီနေ့ ဒီအချိန်အထိ ပျော်ရွှင်ဆဲရှိချင်ရှိဦးမှာပါပဲ။

*************

ခန္ဓာရှိနေတဲ့အတွက် မိသားစုရှိနေတဲ့အတွက် အရွယ်ရောက်လာရင် ဝန်တမ်းတော့ လုပ်ရမှာပါ။ ပုဂ္ဂလိကဝန်တမ်းပဲဖြစ်ဖြစ်၊ အစိုးရဝန်တမ်းပဲ ဖြစ်ဖြစ် တစ်ခုခုပေါ့။

ဒီတော့ ကိုယ်က ဘယ်လိုဝန်ထမ်းပုံစံမျိုးနဲ့ ဖြတ်သန်းမလဲ။

ကိုးနာရီခွဲ ဆယ်နာရီလောက် ရုံးတက်၊ လေးနာရီခွဲလောက် ရုံးဆင်း၊ ရုံးချိန် အလုပ်အားတဲ့အချိန်တွေမှာ စုစု, စုစုနဲ့ သူတစ်ပါးအတင်းပြော၊ ကိုယ့်ထက်သာသွားတဲ့လူကို မနာလို ဣဿာမစ္ဆရိယဖြစ်၊ ဝန်ထမ်းဘဝကို အဲဒီလိုပုံစံမျိုးနဲ့ ဖြတ်သန်းမလား ……?

…………………………………

အဲဒီလိုပုံစံမျိုးနဲ့ ဖြတ်သန်းရင်တော့ သေတဲ့အခါ အထက်မတက်ဘဲ အောက်စိုက်သွားနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သေချာပြန်ကြည့်ရင် အမြင့်မြတ်ဆုံးဖြစ်တဲ့ လူ့ဘဝကို ရထားတာပါ။ နိဗ္ဗာန်မရသေးရင်တောင် ဘဝကို အဓိပ္ပါယ်ရှိရှိလေးတော့ နေသွားဖို့ ကောင်းပါတယ်။

အဲဒီအတွက် အဓိက,ကတော့ စိတ်ကလေးပါပဲ။ ကောင်းတာပြုချင်တာလည်း ဒီစိတ်ပဲ၊ မကောင်းတာပြုချင်တာလည်း ဒီစိတ်ပဲ။ ဒီတော့ ကိုယ့်ရဲ့စိတ်ကလေးကို မြင့်မြတ်တဲ့လမ်းကြောင်းလေးပေါ်ကို တင်ပေးလိုက်ရုံပါပဲ။

အသိကောင်လေးတစ်ယောက် ရှိပါတယ်။ သူက ကုမ္ပဏီတစ်ခုမှာ လုပ်ပါတယ်။ သူက ဆောင်ပုဒ်တစ်ခုကို အသေလက်ကိုင်ထားပါတယ်။ သူ့ရဲ့ ဆောင်ပုဒ်က “ကောင်းတဲ့စိတ်ထားရင် ကောင်းတဲ့အကျိုး ပေးမယ်၊ မကောင်းတဲ့စိတ်ထားရင် မကောင်းတဲ့အကျိုး ပေးမယ်” ဆိုတဲ့ ဆောင်ပုဒ်ကလေးပါ။

ဒီဆောင်ပုဒ်ကလေးကို သူက တစ်နေ့သုံးကြိမ်လောက် ရင်ထဲရောက်နေအောင် နှလုံးသွင်း ဆင်ခြင်ပါသတဲ့။ အဲဒီဆောင်ပုဒ်ကလေးနဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ပါသတဲ့။

ဒီတော့ သူ့အနေနဲ့ ရာထူးလေးတွေ ဆင့်ကဲဆင့်ကဲ တိုးတိုးသွားခဲ့ပါတယ်။ ပြီးတော့ ကုမ္ပဏီရဲ့စရိတ်နဲ့ပဲ အပြင်သင်တန်းတွေပါ တက်ခွင့်ရပါတယ်။

ဒါပေမယ့် သူနဲ့အတူတူ အလုပ်ဝင်ဖက်တစ်ယောက်ကတော့ သူ့အပေါ် အမြဲဝန်တိုနေပါသတဲ့။

အဲဒီဝန်တိုနေတဲ့ သူနဲ့လုပ်ဖော်ကိုင်ဖက်မိတ်ဆွေဟာ ရာထူးက တိုးတိုးမလာဘဲ ဒုံရင်းဒုံရင်းအတိုင်းပါပဲတဲ့။

ဒါကိုကြည့်ပြီး သူက ဘယ်လိုနှလုံးသွင်းပြန်သလဲဆိုတော့ “ကောင်းတဲ့စိတ်ထားရင် ကောင်းတဲ့ အကျိုးပေးတယ်၊ မကောင်းတဲ့စိတ်ထားရင် မကောင်းတဲ့ အကျိုးပေးတယ်” လို့ နှလုံးသွင်း ဆင်ခြင်ပါသတဲ့။ နှလုံးသွင်းတဲ့နေရာမှာ သူတစ်ပါး ရာထူးမတက်တာကို ဝမ်းသာစိတ်နဲ့ နှလုံးသွင်းတာမဟုတ်ဘဲ မကောင်းတဲ့စိတ်ရဲ့ ဆိုးကျိုးကို သံဝေဂစိတ်နဲ့ နှလုံးသွင်းဆင်ခြင်တာပါတဲ့။

ကောင်လေးက သူ့ရဲ့လက်တွေ့ဘဝနဲ့ အသုံးတည့်နေလို့ ဆင်ခြင်နေပေမယ့် သူ ခြင်ဆင်နေတဲ့ ဆောင်ပုဒ်ကလေးက ဘယ်ပါဠိက လာတယ်ဆိုတာတော့ သူ မသိပါဘူးတဲ့။ တကယ်တော့ ပါဠိကို သိတာမသိတာက သိပ်ပြီးအရေးမကြီးလှပါဘူး။ ကိုယ်နားလည်တဲ့ ဘာသာစကားနဲ့ ကိုယ့်ရဲ့ လက်တွေ့ဘဝထဲမှာ အသုံးတည့်နေရင် ပြီးတာပါပဲ။

ဒါပေမယ့် စာဖတ်သူတွေကတော့ ပါဠိလေးကို ဗဟုသုတအဖြစ် မှတ်ထားလိုက်ပါဦး။

ကုသလံ အနဝဇ္ဇ သုခ ၀ိပါက လက္ခဏံ

ကုသိုလ်ဟာ အပြစ်ကင်းပြီး ကောင်းကျိုးကိုပေးခြင်း လက္ခဏာရှိတယ်။

အကုသလံ သာဝဇ္ဇ ဒုက္ခ ၀ိပါက လက္ခဏံ

အကုသိုလ်ဟာ အပြစ်နှင့်တကွ မကောင်းကျိုးကိုပေးခြင်း လက္ခဏာရှိတယ်

ဒါက ပါဠိရှိတဲ့အတိုင်း တိုက်ရိုက် မြန်မာပြန် ပေးတာပါ။ တကယ်လို့ ကိုယ်က ပါဠိလေးပါတွဲပြီး ဆင်ခြင်ချင်တယ်ဆိုရင် ဆင်ခြင်လို့ရအောင်ပါ။

ဘယ်လိုပဲဆင်ခြင်ဆင်ခြင် ကိုယ့်ရဲ့လက်တွေ့ဘဝထဲမှာ အသုံးတည့်နေဖို့ပဲ အရေးကြီးပါတယ်။

ပုထုဇဉ်တစ်ယောက်မှာ သိဖို့ရယ်၊ ကျင့်ဖို့ရယ် ဆိုပြီး အဆင့်နှစ်ဆင့် ရှိပါတယ်။ ပထမ သိအောင် လေ့လာရပါမယ်၊ ဒုတိယအသိကို အခြေခံပြီး လက်တွေ့ ကျင့်သုံးကြည့်ရပါမယ်။

ကဲ… ဥပမာပဲ ထားပါတော့။ မြန်မာ့အသံက ဆေးပညာရပ်ဆိုင်ရာ တစ်ခုကို ထုတ်လွှင့်တော့မယ် ဆိုပါစို့။ အသံလွှင့်ဖို့အတွက် တစ်ယောက်တည်း လွှင့်လို့ မရပါဘူး။ အနည်းဆုံး ဝန်တမ်းနှစ်ဆယ်ကျော်လောက်နဲ့ လုပ်ကြရတော့မှာပါ။ အသံလွှင့်ဖို့ ဆေးပညာဆိုင်ရာစာစုကို ကွန်ပြူတာ စာစီမယ်၊ စာစီတဲ့သူကလည်း “ငါစီလိုက်တဲ့ စာလေးဖတ်ပြီး ပြည်သူ ပြည်သားတွေ ဆေးဗဟုသုတလေးတွေရပြီး ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ” ဆိုပြီး မေတ္တာစိတ်ညွတ်ပြီး စာစီမယ်ဆိုရင် ကုသိုလ်တွေ ဖြစ်နေတာပါ။

ဒီလိုပါပဲ အသံလွှင့်ချက်ကို ဖတ်ကြားမယ့်သူ၊ အသံဖမ်းမယ့်သူ၊ စက်ကိုကြီးကြပ်မယ့်သူ၊ မီးကိုဂရုစိုက်ပြီး ကြည့်ပေးမယ့်သူ၊ အသံလွှင့်နေတုန်း ဝင်းတံခါးကို စောင့်ပေးနေမယ့်သူ စသည်ဖြင့် အများကြီးပါပဲ။

အသံလွှင့်ဖို့ စီစဉ်အားထုတ်သူအားလုံးဟာ အလုပ်လုပ်နေကြဆဲမှာ “ငါတို့ထုတ်လွှင့်တဲ့ ဆေးပညာ ဗဟုသုတလေးတွေကို နားထောင်ပြီး ပြည်သူပြည်သားတွေ ဆေးပညာဗဟုသုတတွေ ရကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ။ စိတ်ဆင်းရဲ ကင်းကြပါစေ” လို့ မေတ္တာစိတ်ကလေးညွတ်ပြီး လွှင့်နေရင် မေတ္တာကုသိုလ်တွေ တစ်လှေကြီး ရနေတာပါ။

ဒီလို ကောင်းတဲ့စိတ်ကလေး ဖြစ်နေတဲ့အတွက် ကောင်းကျိုးတွေကလည်း ဆင့်ကဲဆင့်ကဲ ဖြစ်နေမှာဖြစ်သလို သေလွန်တဲ့အခါမှာလည်း နတ်ပြည်မှာ နတ်သမီး တစ်ဖက်ငါးရာက အသင့်ကြိုနေဦးမှာပါ။ ကိုယ်က အမျိုးသမီးဆိုရင်လည်း နတ်သမီးလှလှလေး ဖြစ်ဦးမှာပါ။

နောက်အကျိုးတစ်ခုကတော့ အဘိဓမ္မာ သဘောတရားအရ စိတ်ဆိုတာ အာရုံနှစ်ခု ယူလို့ရတာ မဟုတ်တော့ မေတ္တာစိတ်ကလေး ဖြစ်နေတဲ့အချိန်မှာ ဝန်ထမ်းအချင်းချင်း တစ်ဦးအပေါ်တစ်ဦး မနာလိုဝန်တိုတတ်တဲ့ ဣဿာမစ္ဆရိယစိတ်လည်း ဖြစ်မနေတော့ပါဘူး။ မကောင်းတဲ့စိတ်က ကိုယ့်သန္တာန်မှာ ရှိမနေတဲ့အတွက် နေရထိုင်ရ လုပ်ရကိုင်ရတာလည်း ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ပျော်ရွှင်နေတတ်ပါတယ်။ စိတ်ပျော်ရွှင်နေရင် အလုပ်လုပ်ရတာလည်း ပင်ပန်းတယ်လို့ မထင်တော့ပါဘူး။

အဲဒီအရသာဟာ ဘာနဲ့မှလဲလို့ မရပါဘူး။

အလုပ်အားနေတဲ့အချိန်လေးတွေမှာလည်း အပိုအဆစ်အနေနဲ့ ရုံးမှာ တံမြက်စည်းလှည်းနေလိုက်မယ်၊ ပြတင်းပေါက်တံခါးတွေကိုလည်း အဝတ်စုတ်ကလေးတစ်ခုနဲ့ ဖုန်လိုက်သုတ်ပေးနေလိုက်မယ်၊ သောက်ရေအိုးတွေကို ရေဖြည့်မယ်၊ သောက်ရေခွက်ကလေးတွေကို တိုက်ချွတ်ဆေးကြောမယ်၊ အများသုံး အိမ်သာကိုလည်း သန့်ရှင်းရေး သွားလုပ်ပေးနေလိုက်မယ်ဆိုရင်လည်း ပိုက်ဆံမကုန်ဘဲနဲ့ ကုသိုလ်တွေ ရနေတာပါ။

နောက် အပိုအဆစ်တစ်ခုအနေနဲ့ ရုံးဆင်းခါနီးမှာလည်း “ဒီနေ့ပြုသော ကုသိုလ်အဖို့ကို ဤရုံးကို စောင့်ရှောက်နေကြသော နတ်ကောင်းနတ်မြတ်အပေါင်းအား လည်းကောင်း၊ ဤမဟာပထဝီမြေကြီးကို စောင့်ရှောက်နေကြသော နတ်ကောင်းနတ်မြတ်အပေါင်းအား လည်းကောင်း၊ အမျှ အမျှ အမျှ ပေးဝေငှပါ၏။ အမျှ အမျှ အမျှ ယူတော်မူကြပါ” လို့ နတ်ကောင်းနတ်မြတ်တွေကိုလည်း အမျှပေးဝေလိုက်ပါဦး။

တကယ်လို့ ဘဝမှာ အခက်အခဲတစ်စုံတစ်ရာနဲ့ ကြုံလာတဲ့အခါ ကိုယ်နေ့စဉ် အမျှပေးဝေခဲ့တဲ့ နတ်ကောင်းနတ်မြတ်တွေကို တိုင်တည်ပြီး အကူအညီ တောင်းလို့လည်း ရပါတယ်။ အမျှပေးဝေထားတဲ့ နတ်ကောင်းနတ်မြတ်တွေကလည်း ကူညီမစမှာပါ။

ရေသောက်တဲ့အခါတိုင်း “ဤရေအေးမြသလို ငါ့ရဲ့လုပ်ဖော်ကိုင်ဖက် ရုံးသူရုံးသားတွေလည်း စိတ်ကော ရုပ်ကော အေးမြကြပါစေ” လို့ မေတ္တာပို့ သောက်မယ်။ အားတဲ့အခါလေးတွေမှာလည်း မျက်လုံးလေးမှိတ်ပြီး “ဒီရုံးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရုံးသူရုံးသားအားလုံး ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ အစစအရာရာ အဆင်ပြေကြပါစေ” လို့ ကိုယ့်ရဲ့ ရုံးသူရုံးသားတွေကို သီးသန့် သီးခြားလေး ဝတ်တစ်ခုလိုထားပြီး မေတ္တာပို့ပေး နေလိုက်မယ်ဆိုရင်လည်း ကုသိုလ်တွေ ဖြစ်နေတာပါ။ ကိုယ်က သူတို့ရဲ့ မေတ္တာကို လိုချင်ရင် ကိုယ်က အရင်ပေးရမှာပါ။

တွေ့ကြဆုံကြတယ်ဆိုတာလည်း တကယ့်ခဏလေးပါ။ တစ်သက်လုံး တွေ့မနေကြပါဘူး။ အချိန်စေ့တော့လည်း ခွဲကြရမှာပါ။ တွေ့ခိုက်ဆုံခိုက်လေးမှာ မေတ္တာနဲ့နေကြတာတော့ အကောင်းဆုံးနေထိုင်မှုပါပဲ။

အဲဒီလိုမှမဟုတ်ဘဲ မထားသင့်တဲ့ စိတ်တွေထားပြီး သေသွားရင် ရောက်ရာဂတိက သိပ်ပြီးမကောင်းနိုင်ပါဘူး။

ကုသိုလ်ဆိုတာ ရှင်တစ်ထောင် ရှင်တစ်သောင်းပြုပေးမှ၊ ကျောင်းဆောင်ကြီးတွေ ဆောက်လှူမှ ကုသိုလ်မဟုတ်ပါဘူး။ စာဝတ်နေရေးအတွက် လုပ်နေရတဲ့ အလုပ်တွေဟာလည်း စိတ်ထားတတ်ရင် ကုသိုလ်တွေပါပဲ။ ဘာမှ မခက်လှပါဘူး။ ကိုယ့်စိတ်ကလေးကို အမည်လေး ပြောင်းတပ်ပေးလိုက်ရုံပါပဲ။ စိတ်ကို စိတ်နဲ့ပဲ ပြန်ပြောင်းပေးရတာဆိုတော့ ဘာမှလည်း မပင်ပန်းပါဘူး။

အရာဝတ္တုတော်တော်များများကို စိတ်ကပဲနာမည်တွေ လိုက်တပ်ထားတာပါ။ စိတ်တပ်ထားတဲ့ နာမည်လေးတွေကို ကိုယ်က သတိနဲ့ပြန်ပြီး နာမည်လေး ပြန်ပြောင်းတပ်လိုက်ရုံပါပဲ။ ရုံးမှာလုပ်နေရတဲ့ အလုပ်တွေကို ဒါတွေဟာ ကုသိုလ်တွေလို့ နာမည်ပြောင်းတတ်လိုက်ရုံပါပဲ။ မခက်ပါဘူး။

အဲဒီလိုသာ ကိုယ့်စိတ်ကလေးကို ကျင့်ကျင့်ပေးသွားရင် မကြာခင်မှာ စိတ်ထားမြင့်မြတ်တဲ့ လူသားတစ်ယောက် ဖြစ်လာမှာပါ။ စိတ်ထားမြင့်မြတ်တဲ့သူကို နေရာတိုင်းက လိုချင်ကြပါတယ်။

ဒီလိုပါပဲ။ အကျင့်ဆိုတာ ကျင့်ကျင့်ပြီး ယူသွားရတာပါပဲ။ အကျင့်ဆိုတာ ကျင့်ပါများသွားရင် အထုံ ဖြစ်သွားတတ်ပါတယ်။ အထုံဖြစ်သွားပြီဆိုရင် အထူးကြောင့်ကြစိုက်စရာ မလိုတော့ဘဲ ဘာပဲလုပ်လုပ် အလိုလို မေတ္တာစိတ်ကလေး ညွတ်ပြီးသား ဖြစ်နေတတ်ပါတယ်။ မေတ္တာစိတ်ရှိနေတဲ့ သူ့ရဲ့မျက်နှာဟာကြည်ပြီး သိပ်သိသာနေတတ်ပါတယ်။ မျက်နှာကြည်နေတဲ့အတွက် မြင်ရတဲ့လူတိုင်းကလည်း အလိုလိုချစ်ပြီးသား ဖြစ်နေတတ်ပါတယ်။ သေတဲ့အခါကျရင်လည်း နတ်ပြည်ကို ရောက်ရဦးမှာပါ။

***********

ကဲ …. စာဖတ်သူ၊ မနက်ဖြန်ကစပြီး ရုံးတက်ရင် ဘာပဲလုပ်လုပ် မေတ္တာစိတ်ကလေးညွတ်ပြီးလုပ်တော့နော်။ ရာထူးတွေ မြန်မြန်တိုးပြီး လူချစ်လူခင်များသွားအောင်လို့ပါ။ ပြီးတော့ သေတဲ့အခါမှာလည်း တာဝတိံသာနတ်ပြည်မှာ ……………လို့ပါ။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)