တစ်ကြိမ်တစ်ခါမှ တရားအားမထုတ်ဘူးတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဝိပဿနာကို ခုမှ စတင်လေ့လာပြီး တရားအားထုတ်တော့မယ်၊ ခုမှစပြီး တရား စထိုင်တော့မယ် ဆိုရင်တော့ ...
"ငါ.. ဖြစ်မှ ဖြစ်ပါ့မလား "
ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်လေ့ ဖြစ်ထ ရှိကြပါတယ်။အထူးသဖြင့် လူအများနဲ့ ရိပ်သာဝင်ကြတဲ့ တရာစခန်းတွေမှာပေါ့နော်။
အဲဒီလို လုံးဝတရားအားမထုတ်ဘူးတဲ့ ဓမ္မမိတ်ဆွေတို့ကို ရှေးဦးစွာ အသိပေးလိုတာကတော့ ဝိပဿနာ ဆိုတာဟာ ဉာဏ်နဲ ့လုပ်ရတဲ့ "ဉာဏ်အလုပ်" သာ ဖြစ်တဲ့အတွက် စဉ်းစားတတ်တဲ့ "ဉာဏ်" ရှိရင် ဝိပဿနာ အားထုတ်ဖို ့အတွက် ပြည့်စုံနေတဲ့ သူ ဖြစ်နေပါပြီ လို ့အသိပေးလိုက်ပါရစေ။
လုံးဝနားမလည်ဘဲ ခုမှ စပြီး အားထုတ်မယ်ဆိုရင်တော့ အစကနေ တစ်ကယ့်ကို မှန်မှန်ကန်ကန် သေသေခြာခြာ သဘောပေါက် နားလည်စေချင်ပါတယ်။ဒါကြောင့် ဝိပဿနာစတင်အားထုတ်ပုံ ဆိုပြီး ရေးသား ကုသိုလ်ပြုမှာ ဖြစ်တဲ့အတွက် နာကြားဖူးခဲ့ရတဲ့ ကျေးဇူးရှင် ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ ဟောကြားခဲ့တဲ့ "ဝိပဿနာအစ၊ ဝိပဿနာ အဆုံး"ဆိုတဲ့ တရားတော်ထဲက ကောက်နှုတ်ပြီး ဓမ္မဒါနပြုလိုက်ရပါတယ်။
" ဝိပဿနာ စတင်အားထုတ်ပုံ" ရဲ ့" အားထုတ်နည်း " ကို ပြောပါဆိုလို ့ရှိရင်တော့ ..
ဝိပဿနာ မှာ "အခြေခံ " ဆိုတာ မရှိပါဘူးလို ့ဦးစွာအသိပေးပါရစေ။
ဘာကြောင့် " အခြေခံ" ဆိုတာ မရှိတာလဲ ဆိုရင်..
ဝိပဿနာ ဆိုတာ ...
ကျက်မှတ်ရတဲ့ "ဘာသာရပ်" သဘောမျိုး မဟုတ်တဲ့အတွက်ကြောင့်ပါ။
ကျင့်ယူမှသာ ရတဲ့ " ကျင့်စဉ် "သာ ဖြစ်ပါတယ်။
တစ်ချို ့က နားမလည်ကြတော့ " ဝိပဿနာအခြေခံ" ဘာဘာညာညာ ဆိုပြီး ခေါ်ဝေါ်ရေးသား သုံးစွဲကြတာတွေ ကြားဖူးကြမှာပါပဲ။ ဒါက အဓိကပြဿနာတော့မဟုတ်ပါဘူး။မှန်မှန်ကန်ကန်သိစေချင်တဲ့ စေတနာသက်သက်နဲ ့ဖေါ်ပြလိုက်တာပါ။
အထက်က စကားကို ပြန်ကောက်ရရင် ဝိပဿနာ မှာ အခြေခံ ဆိုတာ မရှိပါဘူး။ ဝိပဿနာမှာ "ဝိပဿနာ အစ" နဲ ့ဝိပဿနာ အဆုံး" ပဲရှိပါတယ်။
ဘာဖြစ်လို ့ဝိပဿနာ အစ လို ့ပြောရတာလဲ ဆိုရင် အဆုံး ကို ထောက်ရှုသောအားဖြင့် ပြောရတာပဲဖြစ်ပါတယ်။
"အဋ္ဌာကထာ" တွေ၊ စာပေတွေမှာတော့ ပြောထားတာရှိပါတယ်၊ ဝိပဿနာ ရဲ ့အဆုံးဆိုတာ" အရိယာ မဂ်ဉာဏ်" ပါ..တဲ့။
" သောတာပန်"မဖြစ်သေးတဲ့ ပုဂ္ဂိုလ်ဟာ ဝိပဿနာအားထုတ်လို ့ " သောတာပတ္တိမဂ်ဉာဏ် " ရရင် အဲဒါဘာလဲဆိုတော့ "သောတာပန်အရိယာ" တစ်ယောက်အတွက် " ဝိပဿနာဆုံးသွားပြီ" လို ့ခေါ်ပါတယ်။
အဲဒီတော့....
ဒီ " သောတာပန်အရိယာ" က နောက်တစ်ခါ ထပ်ပြီးအားထုတ်တဲ့အခါကျတော့ " သကဒါဂမ်မိ မဂ်ဉာဏ်" ရဲ ့အစ ပေါ့။ အဲဒီလို ဆက်လက်အားထုတ်လို ့" သကဒါဂမ်မဂ်ဉာဏ်" ရပြန်ရင် " သကဒါဂမ်" အတွက် ဝိပဿနာ ဆုံးသွားပြီ လို ့ခေါ်ပြန်ပါတယ်။ ထို ့အတူ " အနာဂမ်" ပုဂ္ဂိုလ် အတွက် ဆိုလည်း အဲဒီသဘောပါပဲ။ ဒါကြောင့် " ဝိပဿနာ မဂ်ဉာဏ်" ရဲ ့အဆုံးဟာ "အရိယာမဂ်ဉာဏ်" ပဲ ဖြစ်ပါတယ်။
ရှေးဦးစွာ " ဝိပဿနာ မဂ်ဉာဏ်" ရဲ ့အစ ကို ပြန်ကြည့်ကြမယ်ဆိုရင်..
ဝိပဿနာမဂ်ဉာဏ် ဆိုတာကတော့ ဒီလိုရှိပါတယ်။
တကယ်ကို ပွားများအားထုတ်လို ့နားလည်လာတဲ့ အသိလို ့ခေါ်တဲ့" ဘာဝနာမယဉာဏ် "နဲ ့မဂ်ဉာဏ်လည်း ရှိပါတယ်။
ဒါမှမဟုတ်ရင်လည်း စိတ်ထဲက စဉ်းစားပြီး စဉ်းစားရင်းရတဲ့ ဉာဏ်လည်းရှိပါတယ်။
ဒါမှမဟုတ်ပြန်ရင်လည်း ဗဟုသုတတွေ ကို နာကြားမှတ်သား၊ ဖတ်ထား မှတ်သားပြီးရတဲ့ သုတဉာဏ် ဆိုတာလည်း ရှိပါတယ်။
အလွယ်ကူဆုံးပြောရရင်တော့..
ဝိပဿနာ ရဲ့ အစဟာ ဘာလဲ ဆိုရင် ဝိပဿနာ "သိအောင်လုပ်တဲ့..ဗဟုသုတ" က အစ၊ ဝိပဿနာ အားထုတ်တာကို "တစ်ကယ်တန်း စလုပ်" အဲဒါဟာ "ဝိပဿနာ အစ" ပါပဲ။
အရှင်းဆုံး ပြောရရင်တော့ ဝိပဿနာအစ ဆိုတာ "ဗဟုသုတ " ပဲ ဖြစ်ပါတယ်။
ဗဟုသုတ မရှိပဲ တရားအားထုတ်လို ့မရပါဘူး။ ဗဟုသုတ မရှိပဲ နိဗ္ဗာန်ရောက်တယ် ဆိုတာ မရှိပါဘူး။ ဗဟုသုတ မရှိဘဲ ဝိပဿနာဉာဏ် ဖြစ်တယ် ဆိုတာ မရှိပါဘူး။
အထူးသဖြင့် အခုမျက်မှောက်ခေတ်မှာတော့..ဗဟုသုတ ပိုပြီးလိုအပ်ပါတယ်။ ဘာ ဗဟုသုတ လဲ ဆိုရင်...
( ၁ ) ဝိပဿနာဆိုတာဘာလဲ ဆိုတာသိဖို ့ဗဟုသုတ
( ၂ ) ဝိပဿနာဆိုတာ ဘာလုပ်ရတာလဲ ဆိုတာ သိဖို ့ဗဟုသုတ ပဲ ဖြစ်ပါတယ်။
ရှင်းလင်းနားလည်အောင် ထပ်ပြီးရေးသားပြရင်တော့...
ဝိပဿနာဆိုတာဘာလဲ..
ဝိပဿနာ ဆိုတာ ဘာလုပ်ရတာလဲ..ဆိုတဲ့ ဒီနှစ်ခုပါ။
တရားအားထုတ်မဲ့ ပုဂ္ဂိုလ်က...
မိမိ လုပ်ရမဲ့အလုပ် ဘာကြောင့်လုပ်ရတယ်၊ ဘယ်လိုလုပ်ရတယ်ဆိုတာသိဖို ့တော့လိုအပ်ပါလိမ့်မယ်။
ဥပမာ..
နေ ့တိုင်း တရားအားထုတ်နေတဲ့ ဓမ္မမိတ်ဆွေတို ့ဟာ "အချိန်မရတဲ့ အတွက်ကြောင့်ပဲ ဖြစ်ဖြစ်၊ မအားလို ့ဘဲ ဖြစ်ဖြစ် မနေ ့က တရားအားမထုတ်မိလိုက်လို ့၊ ဒီနေ ့တော့ ပိုပြီး အားထုတ်လိုက်အုံးမယ် " ဆိုပြီး လုပ်လို ့လည်းမရပါဘူး။ကြာကြာထိုင်ရမယ်၊ ကြာကြာထိုင်မှ တရားရမှာပါဆိုပြီးတော့လည်း မြတ်စွာဘုရား မဟောကြားခဲ့ပါဘူး။
ဘာလို ့လဲဆိုတော့..
ဝိပဿနာ ဆိုတာ ဉာဏ်နဲ ့လုပ်ရတဲ့ အလုပ်ဖြစ်တဲ့ ပညာဉာဏ်ပဲ ဖြစ်ပါတယ်။ ဝိပဿနာအားထုတ်တာ ပညာဉာဏ်မပါရင် ဝိပဿနာ မဖြစ်ပါဘူး။ သမာဓိဘယ်လောက်ကောင်းကောင်း ၊ ဝီရိယ ဘယ်လောက်ရှိရှိ၊ သဒ္ဓါတရား ဘယ်လောက်ထက်သက်ထက်သန်၊ သုံးလေးနာရီ မလှုပ်မယှက် ပဲ ထိုင်ထိုင် ပညာဉာဏ် မပါဘဲ အားထုတ်ရင် ဝိပဿနာ မမြောက်ပါဘူး။ ပညာဉာဏ် ရှိမှသာ ဝိပဿနာဉာဏ်ဆိုတာဖြစ်ပါလိမ့်မယ်။
ဝိပဿနာဉာဏ် ရှိမှ "မဂ်ဉာဏ်" ဖြစ်မယ်၊
မဂ်ဉာဏ် လာမှ "ဖိုလ်ဉာဏ်" ရမယ်။
ဒီတော့ ဝိပဿနာ ဆိုတာ ဘာလဲဆိုရင် "ပညာဉာဏ်" လို ့ခေါ်ပါတယ်။
နောက်ပြီးတော့...
ဝိပဿနာ ဆိုတာ ဘာကိုလုပ်ရမှာလဲ ဆိုရင်....
လောကကြီးထဲမှာ ရှိရှိသမျှ "ဓမ္မ"မှန်သမျှကို " အနိစ္စ၊ ဒုက္ခ၊ အနတ္တ" ဆိုတဲ့ လက္ခဏာတွေနဲ ့မြင်တတ်၊ ကြည့်တတ်ရမှာ ဖြစ်ပါတယ်။
လွယ်အောင်ပြောရရင် အခုစာဖတ်နေတဲ့အချိန်ပေါ့ ..
အခုအချိန်မှာ မြင်မြင်သမျှ၊ ကြားကြားသမျှ၊ နံနံသမျှ၊ ထိထိသမျှ၊ သိသိသမျှတွေ ကို " မမြဲပါလား၊ ဆင်းရဲပါလား၊ အပျက်တွေပါလား " ဆိုတဲ့ သဘောနဲ့ မြင်တတ်ရမှာ၊ ကြည့်တတ်ရမှာ ပဲ ဖြစ်ပါတယ်။
" မြင်တာ" နဲ ့"ကြည့်တာ" ဆိုတဲ့ စကားနှစ်ခုက မတူဘူးဆိုတာ သတိထားပြီး ဖတ်ရှုပေးစေချင်ပါတယ်။
နားလည်လွယ်အောင် ပြန်ရှင်းရမယ်ဆိုရင် ( ၂ )ပိုင်းရှိပါတယ်။
ဝိပဿနာက ဘာလဲဆိုရင် ပညာဉာဏ်၊
ဝိပဿနာက ဘာလုပ်ရမှာလဲဆိုရင် မြင်မြင်သမျှအားလုံးကို မြင်တတ်ကြည့်တတ်ရမှာပါ။ဘယ်လို မြင်တတ်၊ ကြည့်တတ်ရမှာလဲဆိုတော့ " အနိစ္စ၊ဒုက္ခ၊ အနတ္တ" သဘောတွေနဲ ့မြင်တတ်ရမယ်၊ကြည့်တတ်ရမယ်။
" မြင်တတ်တယ်" ဆိုတာက ပညာဉာဏ် နဲ ့မြင်ရမှာပါ။
" ကြည့်တတ်တာ"က ပညာဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ပါ။
" အနိစ္စ၊ဒုက္ခ၊ အနတ္တ" သဘောတရားအားဖြင့် ဓမ္မသဘောတရားတွေကို မြင်တတ်၊ ကြည့်တတ်တာဟာ " ဝိပဿနာအလုပ်" လို ့ခေါ်ပါတယ်။ အလုပ်က နှစ်မျိုးပါ။
မြင်လည်းမြင်တတ်ရပါမယ်။
ကြည့်လည်းကြည့်တတ်ရပါမယ်။
ဥပမာ..
ဓမ္မမိတ်ဆွေတို ့ဟာ အခုစာဖတ်နေတဲ့ စာစုကို ..အင်တာနက်ဖေ့စဘုတ် စာမျက်နှာမှာရေးထားတော့ မိမိတို ့ရဲ ့လက်ကိုင်ဖုန်း နဲ ့ပဲ ဖတ်ရှုနေတယ်ပဲ ဆိုကြပါစို ့။
အခု ဒီအတိုင်းကြည့်လိုက်ရင် မိမိတို ့ရဲ ့လက်ကိုင်ဖုန်း ကို လက်ကိုင်ဖုန်း လို ့ပဲ မြင်မှာဖြစ်ပါတယ်။
သာမာန်ပုဂ္ဂိုလ်ကတော့ လက်ကိုင်ဖုန်းဟာ လက်ကိုင်ဖုန်း လို ့ပဲ မြင်ပါတယ်။ ဒါပေမဲ့ ပညာဉာဏ် ရှိတဲ့ ပုဂ္ဂိုလ်က ဒီလက်ကိုင်ဖုန်းဟာ မမြဲဘူးဆိုတာဆင်ခြင်ပြီး မြင်ပါတယ်။ အဲဒီလို မြင်တာက မျက်စိက မြင်တာမဟုတ်ပါဘူး။ တစ်ကယ်တော့ "ဉာဏ်"က မြင်လိုက်တာပါနော်။ လက်ကိုင်ဖုန်းလို ့သာ မိမိကတွေ ့လိုက်တာပါ။ အဲဒီလို လက်ကိုင်ဖုန်း လို ့တွေ ့လိုက်တာနဲ့ ခုန မမြဲပါလားဆိုတဲ့ ဉာဏ်အမြင်ကို" မြင်" အောင် လူက" ကြည့်" ရပါလိမ့်မယ်။
အဲဒီလို လက်ကိုင်ဖုန်းက စာကို ဖတ်နေရင်းနဲ ့ ရုတ်တရက် ဖုန်းက လွတ်ကျပြီး တစ်စစီကွဲသွားတယ် ဆိုပါစို့။
အဲဒီလို ကျကွဲသွားပြီး တစ်စစီဖြစ်သွားတော့ "အနိစ္စ"ပါလားဆိုတဲ့ မမြဲဘူးဆိုတာလက်တွေ့ ပေါ်လာတာတွေ ့တာပေါ့နော်။အဲဒီလို ကိုယ်တွေ ့ကြုံလိုက်တော့မှသာ "အနိစ္စ " မမြဲပါလားဆိုတာ သိသွားကြပါတော့တယ်။ တစ်ချို ့ကျတော့လည်း အနိစ္စ ဆိုတဲ့ သဘောကိုတောင် မသိဘဲ၊ ကျကွဲသွားတဲ့ ..အဖြစ်ကို ၊ ကျကွဲလို ပျက်စီးသွားတဲ့ ပစ္စည်းကို နှမြောတသ နဲ ့ယူကြုံးမရ ဖြစ်ကြရတဲ့သူတွေလည်းရှိပါတယ်။
တကယ်တော့...
အနိစ္စ ဆိုတဲ့ သဘောက အဲဒီလက်ကိုင်ဖုန်း လွတ်ကျလို ့တစ်စစီကွဲပြီးမှ " အော် အနိစ္စပါလား" ဆိုပြီး သိသွားတာ ထက်၊ မကွဲခင် ကတည်းက ကွဲတတ်မှန်း သိရမှာဖြစ်ပါတယ်။ တယ်လီဖုန်း ဆိုတာ ကွဲတတ်တယ်၊ ပျောက်တတ်တယ်၊ ပျက်တတ်တယ် ဆိုတာ သိနေကြပေမဲ့ ဓမ္မမိတ်ဆွေတို ့က မေ့နေကြတာပါ။ အဲဒီ မကွဲခင်၊ မပျက်စီးခင်ကတည်းက ကွဲတတ်တယ်၊ ပျက်တတ်တယ်၊ ပျောက်တတ်တယ် ဆိုတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောကို ကြိုပြီး သိထားရင်၊ သေသေခြာခြာ သဘောပေါက်နားလည်ထားရင် ပျက်စီးသွားသွား၊ ကျကွဲသွားသွား၊ ပျောက်ဆုံးသွားသွား ဘာမှ ဖြစ်နေစရာမရှိပါဘူး၊ ဘာမှ ဖြစ်မှာလည်း မဟုတ်ပါဘူး။
ဘာမှ မဖြစ်တော့ဘူးဆိုတာ အကုသိုလ် ကိလေသာ မဖြစ်တော့ဘူးလို ့ဆိုလိုတာဖြစ်ပါတယ်။
မကွဲခင် ကတည်းက ကွဲတတ်မှန်းသိရင်၊ မကျိုးခင် ကတည်းက ကျိုးတတ်မှန်းသိရင်၊ ကုန်ကုန်ပြောရရင် အခုတော်စပ်နေတဲ့ မိဘဆွေမျိုး ခင်ပွန်း၊ဇနီး၊ သားသမီး တွေ နဲ ့မခွဲခင်ကတည်းက ခွဲရမှန်း သိခဲ့ရင် ဆိုတဲ့ ဗဟုသုတဟာ အင်မတန်အရေးကြီးပါတယ်။
ဝိပဿနာ ဉာဏ်အစစ်တွေ ၊ နိဗ္ဗာန်တွေ ကို ခဏဘေးဖယ်ထားလိုက်ပါအုံး..ဓမ္မမိတ်ဆွေတို ့ခုလောက်လေးသာ သိထားတဲ့ ဗဟုသုတ ဉာဏ်ကလေးလောက် ရှိနေရင်ပဲ ..ပူပင်မှုတွေ၊ ကြောင့်ကျမှုတွေ ၊ စိုးရိမ်မှုတွေ လာပေမဲ့ ခံနိုင်ရည်ရှိလာကြတော့မှာပါ။
ဒါ ဗဟုသုတ ရှိထားတဲ့အတွက်ပါ..။ဒါဟာ ဝိပဿနာရဲ ့အစတွေပဲ ဖြစ်ပါတယ်။ အဲဒီလို လေ့လာပြီး သိတဲ့ အသိဗဟုသုတ လေးတွေကို စပြီးသိအောင်လုပ်တာဟာ ဝိပဿနာအစ ပါပဲ။ အဲဒီဗဟုသုတအဖြစ် လေ့လာနေတဲ့အစ ဆိုတာက လည်း ဝိပဿနာ အားထုတ်နေတာပါပဲ။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး မိန် ့တော်မူတာက..
ထိုင်ပြီး တရားအားထုတ်မှ ဝိပဿနာ အားထုတ်တာလို ့ဆိုလိုတာ မဟုတ်ပါဘူးနော်၊ သွားရင်း လာရင်း နဲ ့လည်း ရုပ်နာမ်သဘာဝတွေရဲ ့ကြောင်းကျိုးတွေကို ဆင်ခြင်နေတာဟာလည်း ဝိပဿနာ အားထုတ်နေတာပါပဲ..တဲ့။
ဒါ့ကြောင့် ဝိပဿနာစတင် အားထုတ်ပုံ ကို တင်ပြဖို ့အတွက် ဝိပဿနာအစ ဖြစ်တဲ့ ဗဟုသုတ လိုတယ်ဆိုတာ ကို အသိပေးတာပဲ ဖြစ်ပါတယ်။
ဒါဆိုရင် ဓမ္မမိတ်ဆွေတို ့သဘောပေါက်မယ်လို ့ယူဆမိပါတယ်။
ဒီတော့..
ဝိပဿနာ အစ ဆိုတာ ပညာဉာဏ်။
ပညာဉာဏ် ရဲ ့အစက ဗဟုသုတဉာဏ်။
ဗဟုသုတဉာဏ် ကဘာလဲဆိုတော့..ဖြစ်ပြီးရင်ပျက်တယ်၊ ပေါ်ပြီးရင်ပျောက်တယ်၊ အထင်ရှားရှိပြီးရင် ချုပ်တတ်တယ် ဆိုတဲ့ လောကဓမ္မတွေကို ဗဟုသုတနဲ ့သိထားတဲ့ ဗဟုသုတဉာဏ် ပါ။အဲဒီလို သိထားမှသာ ဒီအမှန်တရားတွေ၊ ပရမတ် တရားတွေဖြစ်တဲ့ " ရုပ် နာမ်" တွေရဲ ့သဘာဝကို ဆင်ခြင်ပြီး ရှုရမှာ ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။
ဘယ်လိုရှုမှတ်ရမှာတုန်းဆိုတော့....
လူနာရှင်က လူမမာအတွက် ဆရာဝန်ကို ပင့်ပြီး ဆေးကုသလိုမျိုးပေါ့ နော်။ ဆရာဝန်ပင့်တယ်ဆိုတာ လူနာရှင်က ကိုယ့်လူနာ ဘာဖြစ်နေတယ်ဆိုတာသိဖို ့လိုပါတယ်။ လူမမာက မကျန်းမာဘူးဆိုတာ လူနာရှင်က သိတော့နေတယ် ဒါပေမဲ့ မကုတတ်ဘူး၊ ဒီတော့ ကုသတတ်တဲ့ ဆရာဝန် ကို ပင့်ရပါတယ်။ ဆရာဝန်ပင့်တော့ ခြေကြွခ လိုပါတယ်။
ဥပမာ
လူနာရှင် ဟာ ကိုယ့် ရဲ ့စိတ်ကလေး ဆိုရင်၊ အရှုခံတွေဟာ ကိုယ်ကြည့်နေတဲ့ လူမမာပါပဲ။ ကြည့်နေတယ်ဆိုတော့ ကိုယ်ရဲ့အရှုခံတွေမှာ ဖေါက်ပြန်နေတဲ့သဘာဝတရားတွေကို မြင်လာတယ်။ ဒါပေမဲ့ မြင်သာမြင်တယ် စိတ်က မကုတတ်ပါဘူး။ပြီးတော့ ကုသတတ်တဲ့ဆရာဝန် နဲ ့တူတဲ့ စဉ်းစားဝေဖန်ပိုင်းခြားတတ် တဲ့ ဉာဏ် ကို အကြောင်းကြားရပါတယ်။ ဒီတော့ ဉာဏ်အလုပ်ဖြစ်လာပြီ ဖြစ်တဲ့အတွက် ..ဆရာဝန်က လူနာကို ကုသလို ကုစားတော့မှာကိုး..။
ရှုမှတ်နေရင်း အဲဒီအချိန်မှာ နာကျင်တဲ့ဝေဒနာပေါ်ပေါ်၊ ဘယ်လိုခံစားမှုကိုပဲ ပေါ်ပေါ် အဲဒီ ဉာဏ်က ဆုံးဖြတ်ပေးပါလိမ့်မယ်။ဒီဉာဏ် ဆိုတာကလည်း ယောဂီပုဂ္ဂိုလ်က ဗဟုသုတ နဲ ့သိထားတဲ့ ဉာဏ်ဖြစ်မယ်ဆိုရင်တော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကို လွယ်ကူစွာပိုင်းခြားတတ်ပြီး ကုစားသွားနိုင်မှာပါ။ရှုမှတ်တဲ့အခါမှာလည်း ပေါ်လာသမျှကို မလွတ်အောင် စောင့်ကြည့် ရှုမှတ်နေဖို ့အရေးကြီးပါတယ်။ ဒါမှလည်း ပေါ်လာသမျှကို ဉာဏ်ကို အသိပေးနိုင်မှာပါ။ အဲဒီလို မလွတ်တမ်းစောင့်ကြည့်နေရတာကို " သတိ" လို ့ခေါ်ပါတယ်။ အဲဒီ "သတိ" မပါရင် ဉာဏ်က မသိနိုင်ပါဘူး။
အဲဒီစောင့်ကြည့်ရတယ်ဆိုတဲ့ "သတိ" ဟာ " ခြေကြွခ"ပါပဲ။ "ခြေကြွခ" မပေးရင် ဆရာဝန်ပင့်လို ့မရသလို ပဲ၊ သတိ နဲ ့စောင့်မကြည်နိုင်ရင်လည်း ဉာဏ်က မသိနိုင်ပါဘူး။
ဝိပဿနာ အားထုတ်ပုံ ဆိုတာ အဲဒီသဘောပါပဲ။ အားထုတ်ပုံ အားထုတ်နည်းနဲ ့ ပတ်သက်လို ့တစ်ခြားစာမျက်နှာတွေမှာလည်းရေးသားခဲ့ဖူးတဲ့အတွက် ထပ်မံမဖေါ်ပြတောပါဘူး။
အကျဉ်းချုပ်ရရင်တော့...
ဓမ္မမိတ်ဆွေ တို ့အနေနဲ ့ရုပ်ကိုပဲရှုရှု၊ နာမ် ကိုပဲ ရှုရှု၊ ကိုယ်နှစ်သက်ရာ အဆင်ပြေရာ ကမ္မဌာန်းကို ရှုမှတ်ပွားများ အားထုတ်လို ့ရပါတယ်။ ညောင်းရင်ပြင်ဖို ့အကြံပြုပါတယ်။ မပြင်ရဘူးလို ့မြတ်စွာဘုရား မိန် ့ကြားချက်အထဲမှာ မပါပါဘူး။ ဒီလိုပဲ တစ်နေ ့နည်းနည်း၊ နည်းနည်း အားထုတ်လာရင်း နဲ့ ဓမ္မမိတ်ဆွေတို့ရဲ ့ကျင့်ကြံအားထုတ်မှု တိုးတက်လာ ကို တဖြည်းဖြည်း တွေ ့လာပါလိမ့်မယ်။
အခုမျက်မှောက်ခေတ်ကာလမှာတော့ အင်တာနက်၊ မီဒီယာတွေ တိုးတက်လာတာတွေ နဲ ့အမျှ တရားတွေကို လွယ်လွယ်နဲ့ သိနိုင်နေကြပါပြီ။ သူသူကိုယ်ကိုယ် သိရှိကြတဲ့ တရားဓမ္မတွေ ကို ဖလှယ်ကြရင်း၊တချို ့ဘာသာရေးဆိုင်ရာ အင်တာနက် ဝက်ဆိုဒ် တွေ မှလည်း ဗုဒ္ဓစာပေတွေကိုလည်း လွယ်လွယ်နဲ့ ဖတ်နိုင်ကြပါတယ်။ ကျေနပ်စရာ ကောင်းလှပါတယ်။
ဓမ္မမိတ်ဆွေများအနေနဲ ့ဒီလို ဝိပဿနာ ရှုနည်းတွေ ဖတ်ရှုရပြီး၊ ကျင့်ကြံအားထုတ်ဖိုတော့ လည်းလိုပါတယ်။လေ့လာ ဖတ်ရှုတဲ့အခါ ဘယ်လောက်ပဲ လွယ်လွယ်၊ လက်တွေ့အားထုတ်မှု မရှိရင် ဘာမဆို ခက်နေတတ်တဲ့ သဘောရှိနေသလို၊အလေ့အကျင့်ရသွားတဲ့အခါ၊ မိမိ အားထုတ်ရင် အားထုတ်သလောက် အကျိုးခံစားကြရမှာပါ လို ့ အကြံပြုရင်း ဝိပဿနာစတင်အားထုတ်ပုံ ကို ဓမ္မဒါန အဖြစ် ပူဇော်လိုက်ပါတယ်။