အရှင်ဘုရား၊ တပည့်တော်တို့ လူ့ဘုံလောကကို ဥစ္စာစောင့် သိုက်နန်းရှင်တွေဟာ လာချင်တိုင်းလာ၊ ပြန်ချင်တိုင်း ပြန်သွားလို့ ရတယ်လို့ လူတွေ အတော်များများက ယုံကြည်နေကြပါတယ်ဘုရား၊ အဲဒါဖြစ်နိုင်ပါသလား။
နောက်ပြီး ဥစ္စာစောင့်နှင့် သိုက်နန်းရှင်ဆိုတာ မတူဘူးလို့ ပြောကြတယ်ဘုရား၊ ဘယ်လိုကွာခြားပါသလဲ၊ တကယ်ကော ရှိ-မရှိ ဖြေကြားပေးတော်မူပါဘုရား။
( မောင်ချိုလေး-ပဲခူး )


( ဖြေ )
ဥစ္စစောင့်-ဟူသည် ဘုမ္မစိုးနတ်မင်းကြီး၏ လက်အောက်ခံ ပေတမျိုးနွယ်များ ဖြစ်ကြသည်-ဟုဆိုသည်။
လူတို့ တခါတရံ တွေ့ကြ ကြုံကြသဖြင့် လူ့ဘ၀နှင့် နီးစပ်သည်-ဟု ထင်ရသော်လည်း အမှန်အားဖြင့် ဘ၀ချင်း ကွာခြားလှပါသည်၊
ဘုမ္မဿိတပေတ ( မြေကိုမှီနေသော ပြိတ္တာမျိုး )များစွာ ရှိသဖြင့် ၄င်းအမျိုးထဲမှ ဖြစ်နေသော ဥစ္စာစောင့်သိုက်နန်းရှင် ဆိုသည်များလည်း ရှိမည်ဆိုက ရှိနိုင်ပါသည်၊ လူများ၌ အဆင့်အတန်းအမျိုးမျိုး ရှိသလို ပြိတ္တာများလည်း အဆင့်အတန်းအမျိုးမျိုး ရှိနိုင်ကြောင်း ပေတ၀တ္ထုတွင် ဖတ်ရှုသိသာရပါသည်။