စိတ် ဆင်းရဲခြင်း လွတ်ကင်းအောင် - - -

“ စိန်ရွှေရတနာ ပစ္စည်းဥစ္စာ ဆုလာဘ်လည်း ပြည့်စုံပါလျက်၊ သြဇာ အာဏာနှင့် ဂုဏ်သတင်း ကျော်ကြားခြင်း ဆုလာဘ်လည်း ရရှိနေပါလျက်၊ ကိုယ်ခန္ဓာမှာ ရောဂါမရှိ ကျန်းမာခြင်း ဆုလာဘ်လည်း ပြည့်စုံနေပါလျက် ၊ စိတ်၌ ဆင်းရဲခြင်း ဖြစ်နေသောသူသည် တောင့်တအပ်သော ကောင်းမြတ်ငြိမ်းအေးသည့် ဘဝကို မပိုင်ဆိုင် မရရှိနိုင်’’ ဟူ၍ ရှေးပညာရှိတို့ ဆိုရိုး ရှိသည်။

စည်းစိမ် အာဏာ ပြည့်စုံနေခြင်းသည်ပင် စိတ်ဖိစီးပြီး စိတ်ဆင်းရဲစေသည့် အကြောင်းတစ်ရပ်ဟု ဆိုနိုင်သည် ၊ မိမိ၏ ရှိပြီးအဆင့် လျောကျမသွားအောင် ထိန်းသိမ်းစောင့်ရှောက်ထားရခြင်း ၊ ဆုတ်ယုတ် ပျက်စီးသွားမည်ကို စိုးရိမ်ကြောင့်ကြနေရခြင်းတို့ကြောင့် စိတ်ကို ဖိစီး နှိပ်စက်နေကြပြီ ဖြစ်သည် ၊ ရရှိထားပြီးသော စည်းစိမ် အာဏာကို စွဲလမ်း နှစ်သက် တပ်မက်နေမယ် ၊ တိုးပွားများပြားလာစေရန် အလိုရှိနေဦးမယ် ဆိုလျှင် ထိုသူမှာ မပြည့်စုံသေးဟူ၍ ဆိုရမည် ၊ မိမိ၏ လက်ရှိ အခြေအနေကို တင်းတိမ်ရောင့်ရဲသူ ၊ ယခု အခြေအနေမှ ယုတ်လျော့သွားသော်လည်း ကျေနပ်စွာ လက်ခံတတ်သူသာလျှင် အမှန်တကယ် ပြည့်စုံသူ ဖြစ်တယ်လို့ ရှေးက ဆုံးမမှုများ ရှိခဲ့သည်။

သို့သော်လည်း လောကဓံ ဆင်းရဲ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရလျှင် သက်သက်သာသာ ကျော်ဖြတ်နိုင်ဖို့၊ စိတ်ချမ်းသာစွာဖြင့် ဘဝကို ဖြတ်သန်းနိုင်ဖို့ အလွန် လိုအပ်တယ် ၊ သို့မှသာ စိတ်ဆင်းရဲခြင်း ကင်းစွာဖြင့် ကျေနပ်စရာ ဘဝ ရရှိနိုင်မှာပါ၊

အမှန်တကယ် စိတ်အေးချမ်းသာယာစေချင်လျှင် သဘာဝတရားတွေကို နားလည်သဘောပေါက်ပြီး ကျေနပ်စွာ လက်ခံရမှာ ဖြစ်တယ်၊ သဘာဝတရားကို သုံးမျိုး ခွဲခြားထားတယ်၊ ကမ္ဘာလောကကြီးသဘာဝ ၊ သက်ရှိသတ္တဝါလောကရဲ့သဘာဝ ၊ မိမိ၏ ကိုယ်ပိုင်လောကရဲ့သဘာဝ လို့ သတ်မှတ်ရပါမယ်။

ကမ္ဘာလောကကြီးရဲ့သဘာဝကတော့ - နေ့နဲ့ည ဖြစ်ပေါ်နေခြင်း၊ ရာသီဥတု အမျိုးမျိုး ဖြစ်ပေါ်နေခြင်း၊ မုန်တိုင်းတိုက်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ နေပူမိုးရွာခြင်း၊ နေသာခြင်း၊ လေညှင်းတိုက်ခြင်း၊ လသာခြင်း၊ အေးချမ်းပူအိုက်ခြင်း၊ စသည်ဖြင့် အကောင်း နဲ့ အဆိုး၊ အပြု နဲ့ အဖျက်၊ အဖြစ် နဲ့ အပျက် တို့ကို အမြဲမပျက် ဖြစ်ပေါ်နေခြင်းသည် ကမ္ဘာလောကကြီးရဲ့သဘာဝတွေပါ ၊ ဒါကို လူတိုင်း နားလည်တယ် ၊ ဘာမှ မတတ်နိုင်ပဲ လက်သင့်ခံရမယ်ဆိုတာ သဘောပေါက်ကြတယ် ၊ ဒါကြောင့် ဒီ အဖြစ်အပျက်တွေအတွက် စိတ်ခံစားချက် ပြင်းပြင်းထန်ထန် မဖြစ်ကြပါဘူး ၊ စိတ်ဆင်းရဲခြင်း ဖြစ်မနေကြပါဘူး။

သက်ရှိသတ္တဝါလောကရဲ့သဘာဝကတော့ - သွားလာ လှုပ်ရှား နေထိုင်ကြခြင်း ၊ အဖို နဲ့ အမတို့ ရှိနေခြင်း ၊ မျိုးဆက်သစ်များ ဖြစ်ထွန်းလာခြင်း ၊ သက်တမ်း အတို အရှည်များ ရှိနေခြင်း ၊ သက်တမ်း မကုန်ခင် သေဆုံးခြင်း ၊ သက်တမ်းအတွင်း ရောဂါဝေဒနာများ ၊ ထိခိုက် ကျိုးပဲ့ နာကျင်ခြင်းများ ဖြစ်ခြင်း ၊ ပစ္စည်း ဥစ္စာ ပြည့်စုံခြင်း ၊ ချို့တဲ့ခြင်း ၊ လူသတ် ၊ ဓါးပြတိုက် ခိုးဝှက် အနိုင်ကျင့်ခြင်း စသည့် ရာဇဝတ်မှုများ ရှိနေခြင်း ၊ အောင်မြင်ခြင်း ၊ ကျရှုံးခြင်း ၊ ပျော်ရွှင်ဝမ်းသာခြင်း ၊ ဝမ်းနည်းကြေကွဲခြင်း ၊ စသည်ဖြင့် အကောင်း နဲ့ အဆိုး ၊ အပြု နဲ့ အဖျက် ၊ အဖြစ် နဲ့ အပျက် တို့ကို အမြဲမပြတ် ဖြစ်ပေါ်နေခြင်းသည် သတ္တဝါလောကရဲ့သဘာဝပါ ၊ ဒါတွေကို ဖြစ်ရိုးဖြစ်စဉ် အနေနဲ့ နားလည်ကြတယ် ၊ လက်ခံကြရတယ် ၊ ကြားသိမြင်တွေ့တဲ့အခါ သာမန် ခံစားမှုမျိုးလောက်ပဲ ဖြစ်စေတယ် ၊ လွယ်လွယ်ကူကူ မေ့ပျောက် သွားကြတယ်။

မိမိ၏ ကိုယ်ပိုင်လောကရဲ့သဘာဝကတော့ - အထက်မှာ ပြောခဲ့တဲ့ ကမ္ဘာလောကရဲ့သဘာဝ နဲ့ သတ္တဝါလောကရဲ့သဘာဝတွေထဲမှာ အတူတကွ မိမိကိုယ်တိုင် ပါဝင်ပတ်သက်ပြီး ရှင်သန်နေရခြင်းပဲ ဖြစ်တယ် ၊ ကမ္ဘာကြီးပေါ်မှ နိုင်ငံတစ်ခုရဲ့ နေရာတစ်နေရာမှာ မိမိရဲ့လူမျိုး မိမိရဲ့ဆွေမျိုး မိမိ၏မိသားစုများရဲ့ ပတ်ဝန်းကျင်မှာ စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေရတာပါ ၊ အချိန်တန်ရင် စားဖို့ ၊ အချိန်တန်ရင် အိပ်ဖို့ ၊ ကိုယ်လက်သန့်စင်ဖို့ ၊ ကျန်းမာစေဖို့ ၊ အသက်ရှည်စေဖို့ ၊ မိမိကိုယ်တိုင်အတွက် အသက်ရှင်သန် နေထိုင်နိုင်ဖို့ အချိန်နဲ့အမျှ စီမံပြုပြင်ဆောင်ရွက်နေကြရတာဟာ မိမိကိုယ်ပိုင်လောကရဲ့သဘာဝတွေပါ ၊ ယခင် သဘာဝများလိုပဲ အကောင်း နဲ့ အဆိုး ၊ အပြု နဲ့ အဖျက် ၊ အဖြစ် နဲ့ အပျက်တွေကို ရင်ဆိုင်တွေ့ကြုံနေရတာပါဘဲ ၊ အဲဒီ အဖြစ်အပျက် သဘာဝတွေနဲ့ ထိတွေ့ဆက်ဆံလာရပြီ ဆိုရင် လိုချင်တောင့်တမှု ၊ မကျေနပ်မှု ၊ ဖြစ်ချင်တာ မဖြစ်ရ ၊ မဖြစ်ချင်တာ ဖြစ်ရတဲ့ စိတ်ဆင်းရဲမှု ၊ စိုးရိမ် ပူပန်မှု ၊ မနာလို ဝန်တိုမှု ၊ မိမိ ကိုယ်ကို အထင်ကြီးမှု ၊ အနိုင် အထက် လိုချင်မှု ၊ စတဲ့ စိတ်ကို ပင်ပန်းဆင်းရဲစေတဲ့ ခံစားမှုတွေနဲ့ ပြည့်လျှံ မွန်းကြပ်နေကြရတာပါ ၊ ဒါဟာ လူသားတိုင်းရဲ့ကိုယ်ပိုင်လောကသဘာဝတွေထဲမှာ ရရှိခံစားနေရတဲ့ ဝဋ်ဒုက္ခတွေပါဘဲ။

ဒီ ဝဋ်ဒုက္ခတွေ ဆင်းရဲမှုတွေနဲ့ စိတ်ကို ပင်ပန်းကြီးစွာ ထိခိုက်ခံစားနေရသော်လည်း ဖြစ်ချင်မှု ၊ လိုချင်မှု ၊ ရချင်မှု ဆိုတဲ့ ပြင်းပြတဲ့ ဆန္ဒတွေကြောင့် ဒီဆင်းရဲတွေကို ကျေကျေနပ်နပ်နဲ့ ကိုယ်တိုင် လက်ခံသိမ်းပိုက်ထားကြတာပါ၊

ကမ္ဘာ့နေရာအစုံမှာ စစ်ဘေးဒုက္ခ ၊ ရာသီဥတုဘေးဒုက္ခ ၊ ရောဂါဘယဘေးဒုက္ခ ၊ အကြမ်းဖက်မှုဒုက္ခ ၊ ငတ်မွတ်ခေါင်းပါးမှုဒုက္ခ ဆိုတဲ့ ဒုက္ခမျိုးစုံ ဖြစ်ပျက်နေပေမယ့် အဲဒါတွေကို သဘာဝတွေပဲလို့ လက်ခံသဘောပေါက်ကြတယ် ၊ မိမိစိတ်မှာ ဘယ်လိုမှ အနှောင့်အယှက် မဖြစ်ပါဘူး ၊ မိမိနိုင်ငံအတွင်းမှာလဲ စစ်ဘေးဒုက္ခသယ်တွေ ၊ ရေဘေး လေဘေး ဒုက္ခသယ်တွေ ၊ ကူးစက်ရောဂါသယ်တွေ ၊ မူးယစ်သားကောင်တွေ စသဖြင့် ရှိနေပေမယ့် စိတ်ဆင်းရဲခြင်း မဖြစ်စေပါဘူး ၊ မီးလောင်ပျက်စီးကြ ၊ ခိုးဝှက်လုယက်သတ်ဖြတ်ခံနေကြရ ၊ အဓိကရုဏ်းဖြစ် သေကြေကြရ ၊ ထိခိုက်ဒဏ်ရာရကြ စတဲ့ ရန်သူမျိုးငါးပါးရဲ့ဘေးအမျိုးမျိုးနဲ့ လူအများတွေ့ကြုံနေကြရတာကို မြင်တွေ့ကြားသိနေပေမယ့် စိတ်မှာ ကြေကွဲဝမ်းနည်းမှု ကြီးစွာ မခံစားကြရပါဘူး ၊ အအိပ်မပျက် အစားမပျက် အလုပ်မပျက် နေထိုင်နိုင်ကြပါတယ် ၊ ဒါဟာ လောကသဘာဝရဲ့ဖြစ်ပျက်နေကျ ဘေးတွေ ဖြစ်တယ်- ဒါသဘာဝပဲလေ လို့ သဘောပေါက်ပြီး နားလည်နေလို့ စိတ်မှာ ပြင်းစွာ ပူလောင်ခြင်း မဖြစ်ကြပါဘူး။

ဒါပေမယ့် ဒီဘေးဒုက္ခတွေ မိမိပတ်ဝန်းကျင်မှာ ဖြစ်ပေါ်လာပြီ ၊ အထူးသဖြင့် မိမိချစ်ခင်မြတ်နိုးသူတွေမှာ တွေ့ကြုံနေရပြီဆိုလျှင် စိတ်မှာ စိုးရိမ် ကြောင့်ကြ ပူပန်ကြရတယ် ၊ ဝမ်းနည်း ပူဆွေးကြရတယ် ၊ သဘာဝရယ်လို့ နားလည်လက်ခံနိုင်စွမ်း မရှိကြတော့ဘူး ၊ မိမိကိုယ်တိုင် ရင်ဆိုင်ရပြီဆိုလျှင် ဘယ်လောက်ကြောက်ရွံ့ တုန်လှုပ်နေကြရတယ်ဆိုတာ ကိုယ်ကိုယ်တိုင် ခံစားဘူးကြမှာပါ။

သူတစ်ပါးရဲ့လင် ၊ သူတစ်ပါးရဲ့မယား ၊ သူတစ်ပါးရဲ့သားသမီး ၊ မိသားစုများ သေဆုံးကြလျှင်ဖြစ်ဖြစ် ၊ သူတစ်ပါးအိမ်ရာ ၊ သူတစ်ပါးစည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးကြလျှင်ဖြစ်ဖြစ် ၊ ဘယ်လောက်တန်ဖိုးရှိတဲ့သူ ဖြစ်ပါစေ ၊ ဘယ်လောက်တန်ဖိုးကြီးတဲ့ စည်းစိမ်တွေ ဖြစ်နေပါစေ ၊ မိမိစိတ်မှာ အနှောင့်အယှက် မဖြစ်ကြပါဘူး ၊ မိမိရဲ့လင် ၊ မိမိရဲ့မယား ၊ မိမိရဲ့သားသမီး ၊ မိသားစုတွေထဲက သေဆုံးမှုနဲ့ ကြုံလျှင် ၊ ပစ္စည်းဥစ္စာ အိမ်ရာတွေ ပျက်စီးဆုံးရှုံးမှုနဲ့ ကြုံခဲ့လျှင်တော့ ၊ တန်ဖိုးရှိရှိ ၊ မရှိရှိ ပူဆွေးဝမ်းနည်းကြေကွဲကြရတယ် ၊ တချို့သောသူများဆိုလျှင် မပြီးနိုင် မစီးနိုင် ယူကြုံးမရ ဖြစ်နေကြတယ် ၊ မိမိကိုယ်တိုင်နဲ့ပတ်သက်လာရင် သဘာဝတွေကို သဘာဝလို့ မသိကြတော့ဘူး ၊ မမြင်ကြတော့ဘူး ၊ လက်မခံကြတော့ဘူး ၊ မိမိနဲ့ မသက်ဆိုင်တဲ့သူတွေ ဖြစ်ပျက်နေတဲ့ကိစ္စတွေဟာ ဘာမှ အရေးမပါဘူး ၊ မိမိနဲ့သက်ဆိုင်တဲ့သူတွေ ဖြစ်ပျက်နေတဲ့ကိစ္စကမှ တကယ်အရေးပါတာလို့ လူတိုင်းလူတိုင်း ကိုယ့်အဖို့ကိုပဲ ကိုယ်ကြည့်တတ် မြင်တတ်လာတယ် ၊ ဒီလို ကိုယ့်အကျိုးကိုပဲ ကိုယ်သိတာဟာ ထုံးစံတစ်ခုလို ၊ မှန်ကန်တဲ့လုပ်ဆောင်မှုတစ်ခုလို လက်ခံလာကြတယ် ၊ မှတ်ယူကျင့်သုံးလာကြတယ် ၊ အမှားကြာတော့ အမှန်ဖြစ်လာတယ် ၊ ကိုယ့်အကျိုးကိုပဲ ကိုယ်ကြည့်တာ ရှက်စရာလို မမြင်ကြတော့ဘူး။

ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှ ကိုယ်မြတ်နိုးတဲ့သူ သေဆုံးတဲ့အခါ ၊ ကိုယ့်ပတ်ဝန်းကျင်မှ ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးတဲ့အခါမှာ ပူဆွေးငိုကြွေးကြတာကို အပြစ်လို့ မမြင်ကြ မယူဆကြတော့ဘူး ၊ အားပေး အားမြှောက်တောင် လုပ်ပေးကြတယ် ၊ ဒါကို ခံစားမှုတစ်မျိုးကဲ့သို့ စွဲလန်းနေကြတယ် ၊ ကိုယ့်မှာ မဖြစ်သေးရင်တောင် ဇာတ်လမ်း ဇာတ်ကွက် ဆင်ပြီး ပြကြတယ် ၊ ကြည့်ကြတယ် ၊ နှစ်သက်ကြတယ် ၊ အဲဒီလို ကြောက်ရွံ့မှု ၊ စိုးရိမ်မှု ၊ ဝမ်းနည်းမှု ၊ ဝမ်းသာမှု ၊ ပျော်ရွှင်မှု ၊ ဆိုတဲ့ ခံစားမှုတွေကို နှစ်ခြိုက်ကျေနပ်စွာ ဖန်တီး ခံစားလာကြတယ်။

တစ်ဦးတစ်ယောက်ကြောင့် မိမိမှာ ဝမ်းနည်းရတယ် ၊ ဝမ်းသာရတယ် ၊ စိုးရိမ်ရတယ် ၊ ငိုကြွေးရတယ် ဆိုလျှင် အဲဒီသူက မိမိအပေါ် လွှမ်းမိုးနေပြီ ၊ ချယ်လှယ်တာ ခံနေရပြီ ဆိုတာ သိရမယ် ၊ သူ့ကျွန် ဖြစ်နေပြီလို့ ဆိုနိုင်တယ် ၊ ဒါကိုလဲ ဝမ်းပန်းတသာ လက်ခံနေကြတယ် ၊ မိမိစိတ်ကို ချုပ်နှောင်ခံနေရပြီ ၊ ထိန်းကွပ်ခံနေရပြီ ၊ စိတ်မှာ လွပ်လပ်မှု မရှိတော့ဘူး ဆိုတာ နားမလည်ကြတော့ဘူး ၊ အဲဒီ စိတ်ဆင်းရဲမှုတွေကို ကျေကျေနပ်နပ်နဲ့ မိမိကိုယ်တိုင် ခံယူသိမ်းဆည်းနေကြတယ် ၊ တချို့ဆိုလျှင် သူ့အတွက် မိမိအသက်ကိုပင် ပေးနိုင်တယ် လို့ တစ်ဖက်စွန်း ရောက်သွားကြတယ်။

ယခုလို တစ်ပါးသူအတွက်တောင် ဒီလောက် ခံစားနေရတဲ့သူဆိုပါက မိမိကိုယ်တိုင် ဖြစ်ပျက်တွေ့ကြုံခဲ့လျှင် ဘယ်လောက် တုန်လှုပ်ခြောက်ခြားမယ် ၊ စိုးရိမ်ကြောင့်ကြ ဖြစ်မယ်ဆိုတာ သိနိုင်တယ် ၊ ရှက်စရာ ကောင်းလောက်အောင် အမူအယာတွေပျက် ၊ အိနြေ္ဒသိက္ခာမရှိ ၊ အထင်သေးစရာ သိပ်ကောင်းနေမှာပါ ၊ သေချာ စီစစ် ဆင်ခြင် ကြည့်ပါ ၊ ခံစားမှု ဖြစ်တယ်ဆိုတာ မကျေမနပ် ဝမ်းနည်း ပူဆွေးရတာမှ မဟုတ်ပါဘူး ၊ ကျေနပ်အားရတယ် ၊ ဝမ်းသာ ကြည်နူး ပျော်ရွှင် ဝမ်းမြောက်တယ် ဆိုတာလဲ စိတ်ရဲ့ခံစားမှုတွေပါဘဲ ၊ စိတ်မှာ ဘယ်လို ခံစားမှုမျိုးပဲဖြစ်ဖြစ် စိတ်ဟာ မလွတ်လပ်တော့ဘူး ၊ ခံစားမှုက စိတ်ကို ချုပ်နှောင်လိုက်ပြီ ဆိုတာ သိရမယ် ၊ စိတ်ကို လွတ်လပ်မှုရအောင် မစွမ်းဆောင်နိုင်သ၍ ( ခံစားမှုကို မထိန်းသိမ်းနိုင်သ၍ ) ဘဝရဲ့ဝဋ်ဒုက္ခတွေ ၊ စိတ်ဆင်းရဲမှုတွေမှ မလွတ်မြောက်နိုင်တော့ဘူးဆိုတာ သေချာနားလည် သဘောပေါက်ဖို့လိုတယ် ၊ လေးလေးနက်နက် စဉ်းစားပါ။

စိတ်ကို အထိုက်အလျောက် လွတ်လပ်စွာ ထားနိုင်ပြီ ( စိတ်ခံစားမှုတွေကို ထိန်းသိမ်းနိုင်ပြီ ) ဆိုလျှင် ထိုသူမှာ ကြံ့ခိုင်ရင့်ကျက်လာတာ တွေ့ရမယ် ၊ ပြောဆိုနေထိုင်ဆက်ဆံတဲ့အခါ အိနြေ္ဒနဲ့ သိက္ခာနဲ့ ကြည်ညိုဖွယ် ဖြစ်နေမယ် ၊ အရာရာကို အေးဆေးတည်ငြိမ်စွာနဲ့ ဖြေရှင်းကျော်ဖြတ်သွားတာကို တွေ့ရမယ် ၊ သူ့ရဲ့ဆုံးဖြတ်ချက်တွေဟာလဲ သမာသမတ် ဖြစ်လာမယ် ၊ မျှတတယ် ၊ ညီတူတယ် ၊ သဘာဝကို သဘာဝအတိုင်းပဲ ကြည့်တယ် ၊ လက်ခံတယ် ၊ အဆိုးဘက်ကလဲ မကြည့်ဘူး ၊ အကောင်းဘက်ကလဲ မကြည့်ဘူး ၊ အမှန်ဘက်ကဘဲ ကြည့်တယ် မြင်တယ် ၊ ဒါကြောင့် သဘာဝ ဖြစ်ပျက်မှုကို သဘာဝအဖြစ်နဲ့ သဘောပေါက်လက်ခံပြီး ဥပေက္ခာပြုတတ်သူဟာ တရားရှိသူ ၊ တရားသဘော နားလည်သဘောပေါက်သူလို့ သတ်မှတ်လို့ရတယ်။

လောကသဘာဝရဲ့ အကောင်း နဲ့ အဆိုး ၊ အပြု နဲ့ အဖျက် ၊ အဖြစ် နဲ့ အပျက် တွေကို မိမိကိုယ်တိုင် တွေ့ကြုံရင်ဆိုင်ရတဲ့အခါ မကျေမနပ်ဖြစ်မယ် ၊ စိုးရိမ်ကြောင့်ကြဖြစ်မယ် ၊ ပူဆွေးငိုကြွေးနေမယ် ၊ ဝမ်းသာအားရဖြစ်မယ် ၊ ထောင်လွှားမောက်မာမယ် ၊ အနိုင်အထက်ပြုမယ် ၊ ဆိုတဲ့ ခံစားမှုတွေကို စိတ်မှာ ဖြစ်တည်ခွင့် ပေးခဲ့လျှင် မိမိစိတ်ကို မိမိကိုယ်တိုင် ချုပ်နှောင်ပိတ်လှောင်လိုက်တာပဲ ဖြစ်တယ် ၊ စိတ်မလွတ်လပ်တော့ဘူး ၊ ဒါကြောင့် သူ့ရဲ့အတွေးအခေါ် အယူအဆ အဆုံးအဖြတ်တွေဟာ မလွတ်လပ်တော့ဘူး ၊ မမျှတတော့ဘူး ၊ ဘက်လိုက်တော့မယ် ၊ သူကိုယ်တိုင်လဲ တည်တည်ငြိမ်ငြိမ် မရှိဘူး ၊ တုန်လှုပ်ခြောက်ခြားပြီး ဂဏှာမငြိမ် ပြာယာခတ်နေမယ် ၊ ကိုယ်အမူအယာတွေလဲ နှစ်လိုဖွယ် မဖြစ်တော့ဘူး ၊ အထင်သေး အမြင်သေးစရာ ၊ ရှက်စရာ အသွင်တွေ တွေ့ရပါလိမ့်မယ်။

ဒီလို လူမျိုးတွေကို - ကိုယ့်ဘက်ကိုပဲ ကြည့်တတ်လို့ ၊ ကိုယ့်အတွက်ကိုပဲ သိတတ်လို့ အတ္တကြီးသူ ၊ တစ်ကိုယ်ကောင်းဆန်သူ ၊ တရားမရှိသူ ၊ တရားမသိသူ လို့ သတ်မှတ်ကြလိမ့်မယ် ၊ သူကိုယ်တိုင်လဲ စိတ်ဖိစီးမှု ဖြစ်ပြီး ဘဝတလျှောက် စိတ်အကျဉ်းသား အဖြစ်နဲ့ နေသွားရမှာပါ ၊ တစ်သက်တာလုံး စိတ်ဆင်းရဲခြင်းများဖြင့် နေထိုင်သွားရတော့မှာပါ ၊ ဒါကြောင့် မိမိဘဝမှာ စိတ်ကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေချင်လျှင် ( တစ်နည်း ) စိတ်ဆင်းရဲခြင်း ကင်းဝေးစွာ နေထိုင်လိုလျှင် လောကဓံတရား လို့ခေါ်တဲ့ လောကသဘာဝရဲ့အဖြစ်အပျက် အမှုကိစ္စတွေနဲ့ ကိုယ်တိုင် တွေ့ကြုံရင်ဆိုင်ရတဲ့အခါတိုင်း သဘာဝအဖြစ်အပျက်တွေထဲကို မိမိကိုယ်တိုင် နစ်မြောမသွားစေပဲ သဘာဝဖြစ်ပျက်မှုတွေရဲ့ အပြင်ဖက် ထွက်ပြီး သဘာဝကို ပြန်ကြည့်တတ်အောင် ၊ သဘာဝ ကို သဘာဝ အဖြစ်နဲ့ ကျေနပ်စွာ လက်သင့်ခံတတ်အောင် ၊ သတိနဲ့ သုံးသပ် ဆင်ခြင်ပြီး ကျင့်သုံး နေထိုင်သွားမယ် ဆိုလျှင် ဘဝမှာ နေပျော်သွားမှာပါ ၊ ဘဝမှာ အပေါ်စီးမှ အထက်တန်းကျကျ ဖြတ်သန်းသွားနိုင်မှာ အသေအချာ ဖြစ်ပါတယ် ၊ ကြိုးစားပြီး လေ့ကျင့်ကြည့်ပါ ၊ စိတ်ချမ်းသာခြင်းကို- ကိုယ်တွေ့ခံစားရလိမ့်မယ်ဆိုတာ - -