---------------------------------------------
အရိယာ သပြေကန်ဆရာတော်ဘုရားကြီး၏ ဂုဏ်ပုဒ်

( ”မဟာစည်ဆရာတော်ကြီး နှင့် အရှင်ဇနကဘိဝံသ ဆရာတော်ကြီး ၂ ပါး
ချီးကျူးသည့် သပြေကန်ဆရာတော်”)

သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသကား ထူးခြားသော ပုဂ္ဂိုလ်ဖြစ်တော်မူ၏။

၁။ ပါဠိတော်များကို တစ်ခေါင်နှစ်ခေါက်ဖတ်ရုံဖြင့် အာဂုံဆောင်နိုင်လောက်အောင် ထူးခြားသော ပါရမီရှင် တစ်ဦးဖြစ်တော်မူ၏။

၂။ သာမဏေဘဝကပင် ၀ိနည်း (၅)ကျမ်း ပါဋ္ဌိတော်ကို အာဂုံပြန်ဆိုခဲ့သဖြင့် ရွှေကျင်ဂိုဏ်းတွင် မှတ်တမ်းတင်ရသော ပုဂ္ဂိုလ်လည်း ဖြစ်တော်မူ၏။

၃။ သံယုတ်ပါဠိတော် (၅) ကျမ်းကိုလည်း ရဟန်းတစ်ဝါ အရမှာပင် အာဂုံ ပြန်ဆိုခဲ့သော ပုဂ္ဂိုလ်လည်း ဖြစ်တော်မူ၏။

၄။ ဂါထာသီကုံးဖွဲ့နွဲ့ရာတွင် ပြောင်မြောက်လှသဖြင့် ဓမ္မာစရိယ ဖြစ်တော်မူသော ရွှေကျင်နိကာယ ဓမ္မသေနာပတိ အဂ္ဂမဟာပဏ္ဍိတ အဘယာရာမဆရာတော်၏ “သည်လက်မျိုး မရှိသေးကြောင်း” “မရှိခဲ့ဘူးကြောင်း” ထုတ်ဖော် ချီးကျူးမှုကိုပင် ခံရသော ပုဂ္ဂိုလ်ဖြစ်တော်မူသည်။

၅။ အစိုးရ စာချတန်း စာမေးပွဲ၌ တစ်နှစ်တည်းဖြင့် (၉) ကျမ်းလုံးကို ဖြေဆိုအောင်မြင်တော်မူသဖြင့် ဓမ္မာစရိယ သိရောမဏ ဘွဲ့တော်ကို ရှေးဦးစွာ ခံယူရရှိတော်မူသော ပုဂ္ဂိုလ်လည်း ဖြစ်တော်မူ၏။

၆။ ပါဠိတော် အဋ္ဌကထာတို့၌ နှံစပ်၍ မာဂဓ၊ သက္ကတ၊ ဗျာကရုဏ်းကျမ်း၊ ကောသကျမ်း၊ ကာဗျကျမ်း စသည်တို့၌လည်း အထူးကျွမ်းကျင်တော်မူ၏။

၇။ ဆဋ္ဌသံင်္ဂါယနာတင် ပုစ္ဆက ဖြစ်တော်မူသော မဟာစည် ဆရာတော်ဘုရားသည် သံင်္ဂါယနာတင်စဉ် အခါက အခက်အခဲတစ်စုံတစ်ရာနှင့် ရင်ဆိုင်ရသည့်အခါတွင် သပြေကန်ဆရာတော် ဦးဝါသေဋ္ဌ နှင့် နှီးနှော လိုက်သည့်အခါတိုင်း အဖြေပေါ်ထွက်လာပြီး အခက်အခဲကို လွန်မြောက်ရသည်ဟု မကြာခဏ မိန့်တော်မူခြင်း၊

၈။ နူတ်တက်အာဂုံရအောင် ကျက်မှတ်ပြီးသော စာများသည် ကြာမြင့်စွာ မလေ့လာဘဲ ပစ်ထားသော်လည်း မေ့ပျောက်ခြင်း မရှိ။

၉။ ဂုဏ်အားလျော်စွာ များစွာ ချီးမွန်းကြသော်လဲ မာန်မာန တက်ကြွသည်ကို မမြင်ဘူး၊ အပြစ်ဆိုခြင်းကို လည်း သည်းခံနိုင်သည့်အပြင် ဆရာသမား ၊ သီတင်းသုံးဖော်များ၏ ဝတ္တရားများလည်း ကျေပွန်စွာ ပြုတော်မူခြင်း၊

၁၀။ အနေကဂန္ထကာရက ဆရာတော် အရှင် ဇနကာဘိဝံသက အရှင်ဝါသေဋ္ဌာဘိဝံသဟာ ပညာရှင်များ ငေးရအောင် ရေးပြတော်မူတဲ့ ဆရာတော်ပါပဲ ဟု ချီးမွမ်းခြင်းဖြင့် ပြည့်စုံတော်မူခဲ့ပါသည်။

----------------------------
သာသနာ့ဆွေမျိုး

ဘုန်းကြီးတို့ လောကမှာ သာသနာတော်နဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ် ၊ မရင်းနှီးတဲ့ ပုဂ္ဂိုလ်ရယ်လို့ ရှိတယ်။

သာသနာတော်နဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်က သာသနာတော်မှာ ရှိကြတဲ့ သံဃာတော်တွေနဲ့ အကျွမ်းတဝင်ဖြစ် ကြတယ်။

အကျွမ်းတဝင်ဖြစ်တော့ ဘာဖြစ်တုံးဆိုရင် သံဃာတော်တွေဟာ အဲဒီ ဒကာဒကာမတွေ အိမ်ကိုသာ ဆွမ်းခံ သွားချင်တယ်။

၀ိဿာ ပရမာဉာတိ။

ဉာတိ-ဆွေမျိုးဟူသည် ၊ ၀ိဿာပရမာ-အကျွမ်းဝင်ခြင်းသည်လျှင် အလွန်အမြတ်ရှိပါပေ၏။

လောကမှာ ပြောလေ့ရှိကြတာ ခင်ရာဆွေမျိုးတဲ့ ၊ အဲဒီတော့ ခင်မင်မှ အကျွမ်းတဝင်ဖြစ်မှ ရဟန်း သံဃာတော်တွေဟာ အဲဒီအိမ်ကို ဝင်ချင်ကြ ၊ ထွက်ချင်ကြ ၊ ဆွမ်းခံချင်ကြ ၊ အဲဒီအိမ်မျိုးကို ဆွမ်းစား သွားချင်ကြတယ်။

အဲဒီတော့ အကျွမ်းဝင်ခြင်းကြောင့် သံဃာတော်တွေ ဒီလိုအိမ်မျိုးကို ကြွချင်တာဖြစ်တော့ အဲဒီ အကျွမ်းဝင်ခြင်း ကြောင့်ပဲ မိမိတို့မှာ အကျိုးရှိကြတယ်နော်။၊

သာသနာ့ဆွေမျိုးဆိုတဲ့ သဘောကလည်း ဒီသဘောမျိုးပါပဲ၊ ဒါကြောင့် ဉာတိ-ဆွေမျိုးမည်သည် ၀ိဿာပရမာ-အကျွမ်းဝင်ခြင်းလျှင် အလွန်ရှိပါပေ၏။

အနာဂါမ် အိုးထိန်းသည်ကြီး

ဘုန်းကြီးတို့ ကဿပ ဘုရားရှင်လက်ထက်တုန်းက “ဃဋိကာရ” အိုးထိန်းသည်ကြီးဆိုတာ ရှိတယ်၊

အဲဒီ “ဃဋိကာရ” အိုးထိန်းသည်ကြီးဟာ မျက်မမြင်ဖြစ်ကြတဲ့ မိဘ ၂ ပါးကို လုပ်ကျွေးနေတဲ့ အိုးထိန်းသည်ကြီး၊ သာမန် အိုးထိန်းသည်ကြီးလဲ မဟုတ်ဘူး၊ အနာဂါမ်ကြီး။

ဆယ်ပါးသီလမြဲသူ

ပြီးတော့ အိုးထိန်းသည်သာဆိုတယ် သူက ရွှေငွေ ပိုက်ဆံ ကိုင်တာ မဟုတ်ဘူး၊ ရွှေငွေ ပိုက်ဆန်နဲ့လဲ အိုးတွေ လုပ်ပြီး ရောင်းတာမဟုတ်ဘူး၊ မြေတွေဘာတွေလဲ တူးတာမဟုတ်ဘူး၊
ဟိုက အရန်သင့်ရှိတဲ့ ကြွက်ကျစ်စာတွေ ဘာတွေ ၊ အဲသလို အတုံးတွေ လျှောက်ယူပြီးတော့ အိုးလုပ်ပြီး တော့ အိုးဖုတ် ၊ အိုးဖုတ်ပြီးတော့ အဲဒီအိုးကို သူ့အိမ်ရှေ.မှာ ချထားတာ။

အဲဒီအိုးကို လိုချင်တဲ့သူက ပဲနဲ့လာလဲယူ၊ ဆန်နဲ့ လာလဲယူ အဲသလို ယူသွားကြတာ၊ ရွှေငွေလဲ မကိုင်ဘူး၊ သူကဆယ်ပါးသီလမြဲတယ်၊
အရောင်းအဝယ်လဲ တိုက်ရိုက်မလုပ်ဘူး၊ သူလုပ်ထားတဲ့အိုးတွေ ဒီအတိုင်းထားတာပဲ၊

လူတွေကလာပြီးတော့ ပဲနဲ့လဲ၊ ဆန်နဲ့လဲ အဲသလို ယူသွားတယ်၊ အနာဂါမ်။
မိဘနှစ်ပါး လုပ်ကျွေးသူ
အနာဂါမ်ဖြစ်တော့ နေ့လွဲညစာ မစားဘူး၊ တစ်ထပ်စာသာ စားတယ်၊ အဲသလို လောကမှာ နေပေမယ့် မိဘနှစ်ပါး တာဝန်ကြီးရှိလို့ ရဟန်းမပြုနိုင်တာတစ်ခုပဲ၊ ရဟန်းသာမဏေနဲ့ မထူးဘူး၊ ရွှေငွေလဲမကိုင်ဘူး။

အိုးတွေရောင်းတယ် ဆိုပေမယ့် တိုက်ရိုက်လဲ ရောင်းတာမဟုတ်ဘူး၊ မိဘ ၂ ပါး လုပ်ကျွေးဖို့၊ လှူဖို့ တန်းဖို့ ဒီအတွက်သာ သူအိုးတွေ လုပ်ပြီးတော့ ဒီအတိုင်းထား၊ လူတွေက တန်ရာတန်ဖိုး ပစ္စည်းတွေ လာချပြီး တော့ယူသွား။

အဲသလို ဃဋိကာရ အိုးထိန်းသည်ကြီးဟာ အနာဂါမ် အိုးထိန်းသည်ကြီးဟာ ဒီလိုပဲ သူ လောကအတွက် ဆောင်ရွက်တယ်။

ပြီးတော့ ကဿပ ဘုရှားရင်ကိုယ်တော်မြတ်နဲ့လဲ အင်မတန်ပဲ ရင်းနှီးတယ်လို့ဆိုတယ်။

ကဿပ ဘုရားရှင် ကိုယ်တော်မြတ်ရဲ. ဒကာကြီးပေါ့လေ၊ အင်မတန်ရင်းနှီးတဲ့ ဒကာကြီး။

ဆက်ရန်---

(အဘိဓဇ မဟာရဋ္ဌဂုရု ရွှေကျင်နိကာယ ဥပ ဥက္ကဋ္ဌ၊ ကျမ်းပြုအကျော် သပြေကန်ဆရာတော်၊ အရှင်ဝါသေဌာဘိဝံသ၊ “သပြေကန် တရားပေါင်းချုပ် -အမှတ် ၁ ” ၊ မှ ကောက်နုတ်ပူဇော် ပါသည်။)