အလှူခံပုဂ္ဂိုလ်အပေါ်မူတည်ပြီး အကျိုးပေးကွာခြားပုံကို
ဘုရားရှင်က သိတော်မူတယ်။ ဒါကြောင့် ဘုရားရှင်က
အရှင်အာနန္ဒာအား ဒီလို ဟောတော်မူခဲ့ပါတယ်။

(၁)။ တိရစ္ဆာန်အား လှူရင် အဆတစ်ရာ၊
ဘဝတစ်ရာ အကျိုးရပါတယ်။ (အသက်တစ်ရာ၊
အဆင်းလှမှုတစ်ရာ၊ ချမ်းသာတစ်ရာ၊ အင်အားတစ်ရာ၊
ပညာတစ်ရာ-စုစုပေါင်းအကျိုး ၅ဝဝ ရပါတယ်။
ဘဝ ငါးရာမှာ အသက်ရှည်မှု၊ အဆင်းလှမှု၊
ချမ်းသာ၊ အင်အား၊ ပညာတွေကို ရပါတယ်။)

၂။ သီလမရှိတဲ့ ပုဂ္ဂိုလ်အား လှူရင် အဆတစ်ထောင်၊
ဘဝတစ်ထောင် အကျိုးပေးပါတယ်။

(၃)။ သာသနာပမှာ သီလရှိသူအားလှူရင် အဆ
တစ်သိန်း၊ ဘဝ တစ်သိန်း အကျိုးပေးပါတယ်။

(၄)။ သာသနာပမှာ စျာန်အဘိညာဉ် ရတဲ့ပုဂ္ဂိုလ်အား
လှူရင် အဆပေါင်း၊ ဘဝပေါင်း ကုဋေတစ်သိန်း
အကျိုးရပါတယ်။

(၅)။ သောတာပန်လောင်း ပုဂ္ဂိုလ်အား လှူရင်
မရေမတွက်နိုင်၊ မနှိုင်းယှဉ်လောက်အောင်
များစွာသော အကျိုးကို ရပါတယ်။
(သာသနာတော်တွင်းမှာ သရဏဂုံတည်သူက စပြီး၊
သောတာပတ္တိမဂ်ကို ရောက်ဆဲပုဂ္ဂိုလ်အထိ
သောတာပန်ဖြစ်အောင် အားထုတ်ဆဲ ပုဂ္ဂိုလ်မည်
ပါတယ်။ သောတာပန်လောင်းပါပဲ။
သရဏဂုံတည်ကာမျှလူအား လှူရင်တောင် အကျိုး
မရေတွက်နိုင်အောင် ရပါတယ်။ သရဏဂုံတည်ပြီး၊
ငါးပါးသီလနဲ့ ပြည့်စုံတဲ့လူအား လှူရင် အဲဒါထက်သာပြီး၊
အကျိုးများပါတယ်။ ရှစ်ပါးသီလ၊ ဆယ်ပါးသီလနဲ့
ပြည့်စုံတဲ့လူအား လှူရင် အဲဒါထက်သာပြီး
အကျိုးကြီးတယ်။ သမထဘာဝနာကို ပွားများနေတဲ့
လူအားလှူရင် အဲဒါထက်သာပြီး အကျိုးကြီးပါတယ်။
ဝိပဿနာ ရှုနေသူအား လှူရင် အဲဒါထက်သာပြီး၊
အကျိုးကြီးပါတယ်။ သီလနဲ့ ပြည့်စုံတဲ့လူအား
လှူတာထက်၊သီလနဲ့ ပြည့်စုံတဲ့ ရှင်သာမဏေအား
လှူတာက သာပြီး အကျိုးကြီးပါတယ်။
သီလနဲ့ ပြည့်စုံတဲ့ ရဟန်းအား လှူရင် အဲဒါထက်သာပြီး၊
အကျိုးကြီးပါတယ်။ ဝိပဿနာမှာလည်း အထက်
အထက်ဉာဏ်တွေ ရောက်တဲ့ပုဂ္ဂိုလ်အား လှူရင်
သာပြီး အကျိုးကြီးပါတယ်။ သောတာပန်ဖြစ်အောင်
အားထုတ်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ သောတာပတ္တိမဂ်ကို
ရောက်ဆဲပုဂ္ဂိုလ်ဟာ အမြတ်ဆုံးပါပဲ။)

(၆)။ သောတာပန်အစစ်အား လှူရင် အကျိုးများတယ်
လို့ ဆိုဖွယ် မရှိတော့ပါ။

(၇)။ သကဒါဂါမ်ဖြစ်အောင် ကျင့်နေဆဲပုဂ္ဂိုလ်အား
လှူရင်၊

(၈)။ သကဒါဂါမ်အား လှူရင်၊

(၉)။ အနာဂါမ်ဖြစ်အောင် ကျင့်နေဆဲ ပုဂ္ဂိုလ်အား လှူရင်၊

(၁၀)။ အနာဂါမ်အား လှူရင်၊

(၁၁)။ ရဟန္တာဖြစ်အောင် ကျင့်နေဆဲပုဂ္ဂိုလ်အား လှူရင်၊

(၁၂)။ ရဟန္တာအား လှူရင်၊

(၁၃)။ ပစ္စေကဗောဗုဒ္ဓါအား လှူရင်၊

(၁၄)။ ဘုရားရှင်အား လှူရင် အကျိုးများတယ်
ဆိုဖွယ် မရှိပါ။ တစ်ဆင့်ထက်တစ်ဆင့် သာ၍ သာ၍
အကျိုးများပါတယ်။
【ဥပရိပဏ်၊၂၉၈၊ဋ္ဌ၊၂၂၃】

မဟာစည်ဆရာတော်ကြီးက အထက်ပါဘုရား
စကားတော်တွေကို ဒီလိုလင်္ကာတွေ သီကုံးထားခဲ့ပါတယ်။

“တိရစ္ဆာန် လှူက၊ အကျိုးရ၊ အဆတစ်ရာဆို။
သီလမဲ့လှူ တစ်ထောင်ဟု၊ သီ ဖြူ တစ်သိန်းဆို။
စျာန်ရ လှူလေ၊ အကျိုးတွေ၊ ကုဋေတစ်သိန်းဆို။
သောတာလောင်းပင်၊ လှူလေလျှင်
များဖြင့် အသင်္ချေဆို။
နောက်ကိုးပါးဝယ်၊ကျိုးများတယ်၊ ပြောဖွယ်မရှိဆို။”

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“သံဃိကဒါန”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အာနန္ဒာ သံဃာအားလှူတဲ့အလှူ (သံဃိကဒါန)ထက်
ပုဂ္ဂိုလ်အား လှူတဲ့အလှူ (ပုဂ္ဂလိကဒါန)က ပိုပြီး
အကျိုးကြီးတယ် လို့ ဘာနည်းနဲ့မှ ငါဘုရားမဟောပါ။”
【ဥပရိပဏ်၊၂၉၉】

“တပည့်တော်အိမ်ကို သံဃာတစ်ပါး ဆွမ်းအလှူခံ
ကြွပါဘုရား” လို့ ပင့်ပြီး သံဃာထံမှ ဝိနည်းနဲ့အညီ
ညွှန်ကြားစေလွှတ်လိုက်တဲ့ သီလမဲ့ ရဟန်းအားတောင်
သံဃာမှာ အလေးပြုပြီး လှူဒါန်းနိုင်ရင် ရဟန္တာ အစစ်အား
လှူတဲ့ ပုဂ္ဂလိက အလှူထက် ပိုပြီး အကျိုးကြီးပါတယ်။
【ဥပရိ၊ ဋ္ဌ ၊ ၂၆၆】

သံဃာအနေနဲ့ ကြည်ညိုပြီး လှူနိုင်ရင် သံယိကဒါနဟာ
အမြတ်ဆုံး၊ အကျိုးအကြီးဆုံးပါပဲ။
“တပည့်တော်အိမ်ကို သံဃာတစ်ပါး ဆွမ်းအလှူခံ
ကြွပါဘုရား။နှစ်ပါးကြွပါဘုရား။ သုံးပါးကြွပါဘုရား။
ဆယ်ပါးကြွပါဘုရား” စသည်ဖြင့် ပင့်စဉ်ကပဲ
မည်သည့်ပုဂ္ဂိုလ်ကိုမျှ မရည်ရွယ်ဘဲ သံဃာတော်
သာမညကိုသာ အာရုံပြုဖို့ လိုပါတယ်။
သံဃာတော်ဘက်ကလည်း ထေရ်စဉ်၊
ဝါစဉ်အရဖြစ်စေ၊ မဲချ၍ဖြစ်စေ ကျရာပုဂ္ဂိုလ်ကို
စေလွှတ်ဖို့ လိုပါတယ်။ ကြွလာတဲ့အခါ
ရှင်သာမဏေလေးပဲဖြစ်ဖြစ်၊ ရဟန်းငယ်လေးပဲဖြစ်ဖြစ်၊
ကြည်ညိုဖွယ်မရှိတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် သံဃာရဲ့
ကိုယ်စားလှယ်သံဃာတော်ပဲလို့ အာရုံပြုပြီီး
ရိုရိုသေသေ လှူတတ်ဖို့ လိုပါတယ်။

❖ဥပမာအားဖြင့် ဆင်းတုတော်၊ စေတီတော်တွေရှေ့မှာ
ဆီမီး၊ ပန်း၊ နံ့သာ စသည်ဖြင့် ပူဇော်တဲ့အခါ
ဆင်းတုတော်၊ စေတီတော်တွေက တော့ အာရုံပြုရုံ
လောက်ပါပဲ။ တကယ်ပူဇော်တာကတော့ ဘုရားအစစ်ကို
ပူဇော်တာဖြစ်ပါတယ်။ အဲဒီလိုပါပဲ။ ဒကာ့အိမ်ကို
ကြွလာတဲ့ ကိုယ်တော်ကတော့ သံဃာအနေနဲ့
အာရုံပြုဖို့ ကိုယ်စားပါပဲ။ တကယ်လှူတာကတော့
ဘုရားတပည့်တော် သံဃာတော်အားလုံးကို
လှူတာ ဖြစ်ပါတယ်။

❖လှူဖွယ်ပစ္စည်းကို သုံးဆောင်ရာမှာတော့
ဘုရားရှင်ရဲ့ဝိနည်း ပညတ်တော်အရအားဖြင့်
အနီးမျက်မှောက်မှာရှိတဲ့ ရဟန်းတွေကသာ
သုံးဆောင်ရပါတယ်။
ဥပမာ ဆွမ်းခံကြွနေတဲ့ ကိုယ်တော်အား
“သံဃဿဒေမိ”- သံဃာအားလှူပါ၏” လို့
ဆွမ်း၊ မုန့် ၊ ဟင်းစသည် ကို လှူလိုက်ရင် လှူတဲ့သူမှာ
သံဃာအားလုံးအား လှူတဲ့သံဃိကဒါန ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီဆွမ်းခံပုဂ္ဂိုလ်က (မယှံ ပါပုဏတိ)ဒီပစ္စည်းဟာ
ငါ့အားရောက်တယ်” လို့ သိမ်းပိုက်လိုက်ရင် အဲဒီ
ကိုယ်တော်တစ်ပါးတည်း အပိုင်ဖြစ်ပြီး သူ့သဘော
အတိုင်း သုံးစွဲနိုင်ပါတယ်။

အဲဒါဟာ ဘုရားအစစ်ကို အာရုံပြုပြီး ဆင်းတုတော်
ရှေ့မှာ ဆီမီးပူဇော်ထားရင် ဘုရားအစစ်ကို
ပူဇော်တာတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ မီးရောင်ကတော့
ဆင်းတုတော်အနီးမှာသာ လင်းတယ်ဆိုတာနဲ့
တူပါတယ်။ အဲဒီလို“သံဃာအား လှူပါတယ်”
လို့ဆိုပြီး၊လောင်းလှူလိုက်တဲ့ ဆွမ်း၊ မုန့်၊ ဟင်းတွေကို
“ငါ့အား ရောက်တယ်” လို့ မသိမ်းပိုက်ဘဲ ကျောင်းကို
ယူလာခဲ့ရင်တော့ ကျောင်းရှိသံဃာအားလုံးနဲ့ ဆိုင်တယ်။

သံဃာအားလုံးဝေပြီး သုံးဆောင်ရပါတယ်။ ဒါကြောင့်
ဒကာဘက်ကရော၊ အလှူခံပုဂ္ဂိုလ်ဘက်ကပါ သံဃိက
ဒါနမြောက်အောင် လှူတတ်ဖို့၊လက်ခံ သိမ်းပိုက်တတ်ဖို့
အရေးကြီးပါတယ်။

သံယိကဒါနနဲ့ပတ်သက်ပြီး၊ ဥပရိပဏ်၊ ဋ္ဌ ၊ ၂၂၅ မှာ
ဒီလို ရေးသားထားပါတယ်။

“သံယိကဒါနဆိုတာ သံဃာအပေါ် ရိုရိုသေသေ
ပြုနိုင်သူမှာဖြစ်ပါတယ်။ သံဃာအပေါ် ရိုရိုသေသေ
ပြုမှုကို ပြုနိုင်ဖို့ ခဲယဉ်းပါတယ်။ အကျယ်ချဲ့
ပြောပြပါဦးမယ်။

❖ “ငါဟာ သံယိကဒါန လှူမယ်”လို့ ကြံပြီး၊
လှူဖွယ်ပစ္စည်းကို စီမံကာကျောင်းကို သွားပြီး
“အရှင်ဘုရားတို့ သံဃာကို ရည်စူးပြီး
(သံဃာ့ကိုယ်စား) မထေရ်တစ်ပါးကို
တပည့်တော်အား ပေးတော်မူကြပါ”လို့ လျှောက်တယ်။
အဲဒီအခါ သံဃာထံမှ ကိုရင်ကို ရပြီး “ငါဟာကိုရင်ကို
ရပြီ”လို့ စိတ်နှလုံးမသာမယာ ဖြစ်တယ်။ သူရဲ့
ဒါနဟာ သံဃိကဒါန မဖြစ်ပါ။ မထေရ်ကြီးကို
ရလို့လည်း “ငါဟာ မထေရ်ကြီးကိုရပြီ” လို့
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရင်လည်း သံဃိက ဒါန
မဖြစ်သည်သာ။ ကိုရင်ဖြစ်ဖြစ်၊ ရဟန်းဖြစ်ဖြစ်၊
ငယ်ရွယ်တဲ့ သံဃာဖြစ်ဖြစ်၊ ကြီးတဲ့သံဃာဖြစ်ဖြစ်၊
ပညာမဲ့ သံဃာဖြစ်ဖြစ်၊ ပညာရှိသံဃာဖြစ်ဖြစ်
သံဃာထံမှတစ်ပါးပါးကို ရပြီး သံသယမရှိဘဲ
“သံဃာအားလှူပါ၏”လို့ သံဃာအပေါ် ရိုရိုသေသေ
ပြုလုပ်နိုင်သူရဲ့ ဒါနကတော့ သံဃိကဒါန ဖြစ်ပါတယ်။”

ကျောင်းဒကာတစ်ဦးရဲ့ အဖြစ်အပျက်ကိုလည်း ဒီလို
ရေးသားထားပါတယ်။ ကျောင်းဒကာသူကြွယ်တစ်ဦးက
“ငါဟာ သံဃိကအလှူ လှူမယ်”လို့ ကြံပြီး
“သံဃာထံမှ ညွှန်ကြားပြီး ရဟန်းတစ်ပါးကို ပေးပါ”
လို့ လျှောက်တောင်းတယ်။ အဲဒီဒကာက သီလမရှိတဲ့
ရဟန်းတစ်ပါးကို ရတယ်။ ထိုင်စရာနေရာကို
စုပုံခိုင်းတယ်။နေရာခင်းပေးတယ်။ နေရာအပေါ်
မျက်နှာကြက်ဖွဲ့ချည်ပေးတယ်။ နံ့သာ၊ အခိုး၊ ပန်းတွေနဲ့
ပူဇော်တယ်။ ခြေတွေကို ဆေးကြောပေးတယ်။
ဆီနဲ့ လိမ်းကျံပေးတယ်။ ဘုရားရှင်အပေါ် ရိုသေမှု
ပြုသလို သံဃာအပေါ် ရိုသေမှုနဲ့ လှူဖွယ်ကို လှူတယ်။

အဲဒီရဟန်းက မွန်းလွဲပိုင်းမှာ “ကျောင်းသန့်ရှင်းဖို့ရာ
ပေါက်တူးပေးပါ” လို့ ပြောကာ အိမ်တံခါးကို သွားတယ်။
ဥပါသကာက ထိုင်ရင်းပဲ ပေါက်တူးကိုခြေနဲ့ ပစ်ချပြီး
ယူလော့”လို့ ပေးလိုက်ပါတယ်။ အဲဒီ ဥပါသကာကို
လူတွေက မေးကြတယ်။

“သင်ဟာ နံနက်စောစောကပဲ အဲဒီရဟန်းအပေါ်
ပြုလုပ်တဲ့ ပူဇော်မှုဟာ ပြောမပြနိုင်အောင်ပါပဲ။ အခု
အဲဒီနီးနီးလောက်တောင် မရှိပါ။အဲဒါက ဘာပါလဲ။”

ဥပါသကာက ဒီလို ပြန်ပြောပါတယ်။
“မိတ်ဆွေတို့၊အဲဒီရိုသေပူဇော်မှုက သံဃာအား
ပြုလုပ်တဲ့ ရိုသေ ပူဇော်မှု ဖြစ်ပါတယ်။ အဲဒီရဟန်းအပေါ်
ပြုလုပ်တာ မဟုတ်ပါ။”
(ဥပရိပဏ်၊ဋ္ဌ၊၂၂၆)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ဝေလာမအလှူကြီးထက် သာလွန်တဲ့အလှူများ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အနာထပိဏ်သူဌေးအား ဘုရားရှင်က ဝေလာမ
ပုဏ္ဏားရဲ့ အလှူကြီးထက် အဆင့်ဆင့်ပိုပြီး
အကျိုးကြီးတဲ့ဆွမ်းအလှူတွေအကြောင်းကို
ဒီလို ဟောတော်မူခဲ့ပါတယ်။
ကုဋေပေါင်းများစွာကို ၇ နှစ်၊ ၇ လကြာ ၁၂ ယူဇနာ
ကျယ်ဝန်း တဲ့ နေရာမှာလှူဒါန်းခဲ့တဲ့ ဘုရားလောင်း
ဝေလာမပုဏ္ဏားကြီးရဲ့ အကြီး အကျယ်အလှူကြီး
ထက်လည်း သောတာပန်တစ်ဦးအားလှူတဲ့
ဆွမ်းအလှူက ပိုပြီး အကျိုးကြီးပါတယ်။
သောတာပန် ၁ဝဝ ထက် သကဒါဂါမ်တစ်ဦးအား၊
သကဒါဂါမ်၁ဝဝထက် အနာဂါမ်တစ်ဦးအား၊
အနာဂါမ် ၁ဝဝ ထက် ရဟန္တာတစ်ဦးအား၊
ရဟန္တာ ၁ဝဝ ထက် ပစ္စေကဗုဒ္ဓါတစ်ပါးအား၊
ပစ္စေကဗုဒ္ဓါ ၁ဝဝ ထက် ဘုရားရှင်တစ်ဆူအား၊
ဘုရားရှင်တစ်ဆူထက် ဘုရားအမှူးရှိတဲ့
သံဃာအား လှူရတဲ့ အလှူအသီးသီးက
ဆင့်ကဲဆင့်ကဲ ပိုပိုပြီး အကျိုးကြီးပါတယ်။
(အံ၊တ၊၁၉၆)

လယ်ယာမြေဟာ ပထမတန်း၊ ဒုတိယတန်း၊
တတိယတန်း ရှိသလို၊
အလှူခံပုဂ္ဂိုလ်ဆိုတဲ့ လယ်ယာတွေဟာ
အတန်းအစားအမျိုးမျိုး ရှိပါတယ်။
❖လယ်ယာတွေမှာ မြက်စတဲ့ အနှောင့်အယှက်
မရှိလေ အပင်သန်လေ ဖြစ်သလို၊
❖အလှူခံမှာလည်း ရာဂ၊ ဒေါသ၊ မောဟ
နည်းလေ လှူရသူမှာ အကျိုးများလေ ဖြစ်ပါတယ်။
❖လယ်ယာတွေမှာ နွားချေးစတဲ့ မြေဩဇာများပြီး
ရေအဆင်သင့်လေ ကောက်ပင်သန်လေ ဖြစ်သလို၊
❖အလှူခံပုဂ္ဂိုလ်တွေမှာလည်း သီလ၊ သမာဓိ၊
ပညာကြီးလေ လှူရသူမှာ အကျိုးများလေ
ဖြစ်ပါတယ်။
❖အလှူခံပုဂ္ဂိုလ်တွေဟာ လယ်ယာနဲ့ တူကြပါတယ်။
❖အလှူဒကာ ဒကာမတွေက လယ်ယာလုပ်သူ နဲ့
တူကြပါတယ်။
❖လှူဖွယ်ပစ္စည်းဝတ္ထုတွေက မျိုးစေ့နဲ့ တူကြပါတယ်။
❖နောင်သံသရာမှာရနိုင်မယ့် အကျိုးတွေက အဲဒီ
မျိုးစေ့ကြောင့် အပင်ပေါက်ပြီး အသီးသီးတာနဲ့
တူပါတယ်။
【ပေတဝတ္ထု၊ဋ္ဌ၊၆】

အလှူခံမှာ လယ်ပမာ၊ လှူရှာသူများ လယ်သမား။
အများလှူဖွယ် မျိုးစေ့နှယ်၊ နောင်ဝယ် အသီးစား။