ရှေးအခါက ဒီဗာရာဏသီပြည်ဟာ “မောဠိနီ”မည်ခဲ့တယ်။
မောဠိနီမြို့မှာ ဗြဟ္မဒတ္တမင်း အုပ်ချုပ်တဲ့အခါ
“သင်္ခ”မည်တဲ့ ပုဏ္ဏားဟာ ကြွယ်ဝတယ်။
စည်းစိမ်ဥစ္စာ ပေါများတယ်။
အသုံးအဆောင်၊ ဥစ္စာ၊စပါး၊ ရွှေငွေ ပေါများတယ်။
မြို့တံခါး (၄) ခု၊ မြို့လယ်၊ နေရာအိမ်၊တံခါးဆိုတဲ့
(၆) နေရာမှာ အလှူမဏ္ဍပ် (၆) ခု
ဆောက်လုပ်ခိုင်းတယ်။

နေ့တိုင်း (၆) သိန်း စွန့်လွှတ်ကာ ဆင်းရဲသား၊
ခရီးသွားတွေအား အကြီးအကျယ် လှူတယ်။
သင်္ခကတစ်နေ့မှာ “ငါဟာ အိမ်က ဥစ္စာကုန်ရင်
မပေးနိုင် လတ္တံ့။ဥစ္စာမကုန်မီမှာပဲ လှေနဲ့
သုဝဏ္ဏဘူမိကို သွားပြီး ဥစ္စာကို ဆောင်ယူအံ့”
လို့ကြံတယ်။

သင်္ခ က လှေကို ဖွဲ့စေပြီး ဘဏ္ဍာနဲ့ ပြည့်စေကာ
သား၊ သမီး၊ ဇနီးကို ခေါ်ပြီး
“ငါလာတဲ့အထိ ငါ့ဒါနကို မဖြတ်တောက်ဘဲ ဆက်လက်
ဖြစ်စေကြပါ” လို့ပြောတယ်။ ကျွန်၊ အလုပ်သမားတွေ
ခြံရံပြီး ထီးကို ယူကာ ဖိနပ်စီးပြီး နေ့လယ်အချိန်မှာ
ပဋနရွာကို ရှေ့ရှုပြီး သွားတယ်။

❖အဲဒီခဏမှာ ဂန္ဓမာဒနတောင်ကာ ပစ္စေကဗုဒ္ဓါတစ်ပါးက
ဆင်ခြင်ပြီး ဥစ္စာဆောင်ယူဖို့သွားတဲ့
အဲဒီသင်္ခကို မြင်ပြီး “ယောက်ျားမြတ်ဟာ ဥစ္စာကို
ဆောင်ယူဖို့ သွားတယ်။ သူ့မှာ သမုဒ္ဒရာထဲ
အန္တရာယ်ဖြစ်လေမလား၊ မဖြစ်ဘူးလား” လို့
ဆင်ခြင်ပြီး “ဖြစ်လတ္တံ့” လို့ သိတယ်။
“ဒီယောက်ျားမြတ်ဟာ ငါ့ကို မြင်ကာ ထီးနဲ့ ဖိနပ်ကို
ငါ့အား လှူပြီး ဖိနပ်လှူတဲ့အကျိုးဆက်ကြောင့်
သမုဒ္ဒရာမှာ လှေကွဲတဲ့အခါ ထောက်တည်ရာကို
ရလိမ့်မယ်။ ငါဟာသူ့အား ချီးမြှောက်မယ်”
လို့ ကြံပြီး ကောင်းကင်ခရီးနဲ့ လာကာ
သင်္ခရဲ့အနီးမှာ သက်ဆင်းတယ်။
ကြမ်းတမ်းတဲ့ လေ၊ နေပူမှာ မီးကျီးခဲအခင်းနဲ့
တူတဲ့ သဲပူကို နင်းရင်း သင်္ခဆီကို ရှေ့ရှုကြွလာတယ်။

သင်္ခ က ပစ္စေကဗုဒ္ဓါကို မြင်တယ်ဆိုရင်ပဲ
ငါ့ထံ ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးကြဲချရာ
လယ်ယာမြေကောင်းဟာ လာနေတယ်။
ဒီနေ့ ငါ ဟာ ဒီလယ်ယာမြေကောင်းမှာ
ဒါနမျိုးစေ့ကို စိုက်ပျိုးသင့်တယ်”လို့ ကျေနပ်စိတ်နဲ့
လျင်မြန်စွာ ပစ္စေကဗုဒ္ဓါထံ ချဉ်းကပ်ပြီး ရှိခိုးတယ်။

“အရှင်ဘုရား၊ တပည့်တော်အား ချီးမြှောက်ဖို့ရာ
အနည်းငယ် လမ်းမှ ဖဲခွာပြီး ဒီသစ်ပင်အောက်ကို
ချဉ်းကပ်တော်မူပါ”လို့ လျှောက်တယ်။
ပစ္စေကဗုဒ္ဓါက သစ်ပင်အောက်ကို ချဉ်းကပ်တဲ့အခါ
သစ်ပင်အောက်မှာ သဲကို မြင့်တက်စေပြီး
အပေါ်ရုံအဝတ်ကို ခင်းကာ ပစ္စေကဗုဒ္ဓါကို
ထိုင်စေပြီး ရှိခိုးတယ်။
အမွှေးအကြိုင်ထုံထားတဲ့ ရေစစ်နဲ့ စစ်ထားတဲ့ရေနဲ့
ခြေထောက်တွေကို ဆေးပေးတယ်။
နံ့သာဆီနဲ့ လိမ်းကျံပေးတယ်။ သူ့ဖိနပ်ကို ချွတ်ပြီး
ခါကာ နံ့သာဆီနဲ့ လိမ်းကျံပြီး ပစ္စေကဗုဒ္ဓါရဲ့
ခြေတွေမှာ စွပ်ပေးတယ်။
“အရှင်ဘုရား၊ ဒီဖိနပ်တွေကို စီးပြီး ထီးကို
ခေါင်းပေါ် ဆောင်းကာသွားပါ”လို့
လျှောက်ပြီး “ထီး၊ဖိနပ်” ကို လှူတယ်။
ပစ္စေကဗုဒ္ဓါက သင်္ခအား ချီးမြှောက်ဖို့ရာ
အဲဒီ ထီး၊ဖိနပ်ကို ယူပြီး ကြည်ညိမှုတိုးပွါးစေဖို့ရာ
သင်္ခကြည့်ရှုနေတုန်းမှာပဲ ပျံတက်ပြီး
ဂန္ဓမာဒနတောင်ကိုပဲ ပြန်ကြွသွားပါတယ်။

ဘုရားလောင်းဖြစ်တဲ့သင်္ခကလည်း ပစ္စေကဗုဒ္ဓါကို
မြင်ပြီး အလွန်အကဲ ကြည်ညိုစိတ်ဖြစ်လို့
ပဋနကို သွားကာ လှေကို တက်စီးတယ်။
ဘုရားလောင်းဟာ သမုဒ္ဒရာကြီးကို သွားတဲ့အခါ
(၇) ရက်မြောက်မှာ လှေက ပေါက်တယ်။
ရေကို ခပ်မထုတ်နိုင်ကြတော့။ လူအများက သေရမှာကို
ကြောက်ပြီး မိမိ မိမိရဲ့နတ်တွေကို ရှိခိုးပြီး၊
အကြီးအကျယ် အော်ဟစ်ကြတယ်။ ဘုရားလောင်းက
အလုပ်အကျွေးတစ်ယောက်ကို ခေါ်ပြီး တစ်ကိုယ်လုံးကို
ဆီနဲ့ လိမ်းကျံကာတောထာပတ်နဲ့အတူ သကြားမှုန့်ကို
အလိုရှိသလောက် စားတယ်။ အလုပ်အကျွေးကိုလည်း
အစားခိုင်းပြီး အလုပ်အကျွေးနဲ့အတူ လင်းယဉ်တိုင်ထိပ်ကို
တက်တယ်။ “ဒီအရပ်မှာ ငါတို့ရဲ့မြို့ရှိတယ်”လို့
နေရာကို သတ်မှတ်ပြီး ငါး၊ လိပ် အန္တရာယ်မှ
ကိုယ့်ကိုယ်ကိုလွတ်စေကာ အလုပ်အကျွေးနဲ့အတူ
တစ်ဥသဘလောက်ကို ကျော်လွန်ပြီး ကျတယ်။
လူအများဟာ သေကျေ ပျက်စီးကြတယ်။
ဘုရားလောင်းကတော့ အလုပ်အကျွေးနဲ့အတူ
သမုဒ္ဒရာကို ကူးခတ်ဖို့ ကြိုးစားတယ်။
ဘုရားလောင်း ကူးခတ်နေတုန်းမှာပဲ (၇) ရက်မြောက်
ရောက်လာတယ်။ ဘုရားလောင်းဟာ အဲဒီအချိန်မှာလည်း
ဆားငန်ရည်နဲ့ပါးစပ်ကို ဆေးကြောကာ
ဥပုသ်စောင့်ထိန်းတာပါပဲ။

အဲဒီအခါ လောကစောင့် နတ်မင်းကြီး (၄) ယောက်က
“မဏိမေခလာ” မည်တဲ့ နတ်သမီးကို
“သမုဒ္ဒရာထဲမှာ လှေကွဲတဲ့အခါ ရတနာ သုံးပါးကို
ဆည်းကပ်ကိုးကွယ်တဲ့ သီလပြည့်စုံတဲ့ လူတွေ၊
မိဘကို လုပ်ကျွေးတဲ့လူတွေ ဒုက္ခရောက်ရင်
အဲဒီလူတွေကို စောင့်ရှောက်ပါ” လို့
ပြောကာ သမုဒ္ဒရာမှာ စောင့်ရှောက်ဖို့
ထားပေးတယ်။ မဏိမေခလာက သူ့အစိုးရမှုနဲ့
(၇) ရက်ပတ်လုံး ခံစားပြီး မေ့လျော့ကာ (၇)ရက်မြောက်
မှာ သမုဒ္ဒရာကို ကြည့်တဲ့အခါ သီလအကျင့်နဲ့ပြည့်စုံတဲ့
သင်္ခပုဏ္ဏားကို မြင်တယ်။
“ဒီသင်္ခပုဏ္ဏား သမုဒ္ဒရာထဲ ကျနေတာ (၇) ရက်မြောက်
ရောက်နေပြီ။ သူ သေခဲ့ရင် ငါ့မှာ အလွန်ကဲ့ရဲ့စရာ
ဖြစ်လိမ့်မယ်” လို့ တွေးကာ
စိတ်တုန်လှုပ်သွားတယ်။

ရွှေခွက်တစ်ခွက်ကို အရသာကောင်း အမျိုးမျိုး ပါတဲ့
စားဖွယ်နဲ့ ပြည့်စေပြီး၊လေလိုအဟုန်နဲ့ အဲဒီအရပ်ကို
သွားကာ သင်္ခပုဏ္ဏားရဲ့ ရှေ့မှာ ကောင်းကင်ပေါ်
ရပ်ပြီး “ပုဏ္ဏား၊ သင် ဟာ (၇) ရက်ပတ်လုံး
အစာမစားဘဲ နေတယ်။ ဒီနတ် ဘောဇဉ်ကို
စားပါ” လို့ပြောတယ်။

❖သင်္ခပုဏ္ဏားက “မဏိမေခလာ” ကို ကြည့်ပြီး
“သင့်ရဲ့ထမင်းကို ဖယ်ရှားလိုက်ပါ။
ငါဟာဥပုသ်သည် ဖြစ်ပါတယ်”
လို့ ပြောတယ်။ အဲဒီအခါ သင်္ခရဲ့ အလုပ်အကျွေးက
နောက်က လာတဲ့အခါ နတ်သမီးကို
မမြင်ရဘဲ အသံကိုသာကြားရလို့
“ဒီပုဏ္ဏားဟာ ပကတိသိမ်မွေ့သူ ဖြစ်တယ်။
(၇) ရက်ပတ်လုံး အစာမစားရတဲ့အတွက် ဆင်းရဲပြီး
သေရမှာကြောက်လို့ ယောင်ယမ်း ပြောပုံရတယ်။
သူ့ကို နှစ်သိမ့်စကား ပြောမယ်”လို့ ကြံကာ
အောက်ပါစကားကို ပြောပါတယ်။

“သင်္ခ၊ သင်ဟာ တရားရှိတဲ့
သမဏ၊ ဗြာဟ္မဏတွေထံမှ
တရားကို လည်း နာထားတယ်။
သင်ဟာသုတများသူဖြစ်တယ်။
သင်ဟာသမဏ၊ ဗြာဟ္မဏတွေကိုလည်း
ကိုယ်တိုင်ဖူးတွေ့သူ ဖြစ်တယ်။
ဒါပေမဲ့စကား ပြောမယ့်သူတစ်ယောက်မျှမရှိလို့
စကားပြောရမယ့်နေရာ မဟုတ်ရာမှာ
“ငါဟာဥပုသ်သည်ပါ”လို့
ယောင်ယမ်းပြောနေတယ်။ ငါမှတစ်ပါး
စကား တုံ့ပြန်မယ့်သူ မရှိပါဘဲ ဒီလို
ဘာကြောင့် ယောင်ယမ်းပြောဆိုနေသလဲ”

သင်္ခက အလုပ်အကျွေးရဲ့ စကားကို ကြားရပြီး
“သင်္ခမှာ နတ်ထင်ရှားပုံမပေါ်ဘူး”လို့ တွေးပြီး
“မိတ်ဆွေ၊ ငါဟာ သေရမှာမကြောက်ပါ။
ငါ့မှာ အခြားသူ စကားတုံ့ပြန်သူ ရှိပါတယ်”
လို့ ပြောပြီး အောက်ပါ စကားကို ပြောပါတယ်။

“မျက်နှာတင့်တယ်ပြီး ရုပ်ရည်လှပတဲ့ ရွှေအဆင်တန်ဆာ
တွေကို ဝတ်ဆင်ထားတဲ့ သဒ္ဓါ၊ ကျေနပ်စိတ်ရှိတဲ့
နတ်သမီးက ငါ့ကိုထမင်းစားပါလို့ ပြောတယ်။
အဲဒီနတ်သမီးကို ငါက ဥပုသ်သည်မို့ မစားဘူးလို့
ပြောတယ်။ ယောင်ယမ်းပြောတာ မဟုတ်ပါ။”

အလုပ်အကျွေးက သင်္ခအား အောက်ပါစကားကို
ပြောပါတယ်။

“ပုဏ္ဏား၊ ဒီလိုနတ်သမီးကို မြင်ပြီး ကိုယ့်ရဲ့ ချမ်းသာကို
တောင့်တ တဲ့ပညာရှိယောက်ျားဟာ
“ငါတို့မှာ ချမ်းသာဖြစ်မလား၊ မဖြစ်ဘူးလား”
လို့ မေးသင့်ပါတယ်။ သင်ဟာ ရေမှ ထမယ့်
အခြင်းအရာကို ပြပါ။ နတ်သမီးကို လက်အုပ်ချီကာ
သင်ဟာ နတ်သမီးလား။ ဒါမှမဟုတ် တန်ခိုးကြီးတဲ့
လူမိန်းမလား” လို့ မေးပါ။”

ဘုရားလောင်း သင်္ခပုဏ္ဏားက
“သူဟာ သင့်တဲ့ စကားကို ပြောတယ်”
လို့ တွေးပြီး နတ်သမီးကို မေးလိုလို့ အောက်ပါ
စကားကို ပြောပါတယ်

“တန်ခိုးကြီးတဲ့ အမျိုးသမီး၊
သင်က ငါ့ကို ချစ်မျက်လုံးတွေနဲ့ ချမ်းသာစွာကြည့်နေတယ်။
ငါ့ကို ထမင်းစားပါလို့ ပြောနေတယ်။
သင့် ကို ငါမေးပါတယ်။ သင်ဟာ နတ်သမီးလား၊
ဒါမှမဟုတ်တန်ခိုးကြီးတဲ့ လူမိန်းမလား။"

အဲဒီကနောက် နတ်သမီးက အောက်ပါစကားတွေကို
ပြောပါတယ်။“သင်္ခ၊ငါဟာ တန်ခိုးကြီးတဲ့ နတ်သမီးပါ။
ဒီသမုဒ္ဒရာအလယ်ကို လာတဲ့ ငါဟာ သင့်ကို
သနားလို့ လာတယ်။ မုန်းလို့ မဟုတ်ဘူး။
သင့် အကျိုးငှာသာ ဒီကို လာခြင်း ဖြစ်တယ်။”
“သင်္ခ၊ ဒီမဟာသမုဒ္ဒရာမှာ ထမင်း အဖျော်၊ အိပ်ရာ၊
နေရာ၊ ယာဉ် အမျိုးပေါင်းများစွာ ရှိတယ်။
အဲဒီအရာအားလုံးကို ငါက သင့်အား အပိုင် ပေးပါတယ်။
လိုချင်တာ အခြားအရာ အားလုံးကိုလည်း သင့်အား
ပေးပါတယ်။”

အဲဒီစကားကို ကြားရပြီး ဘုရားလောင်းက
“ဒီနတ်သမီးဟာ သမုဒ္ဒရာရေပြင်မှာ ငါ့အား
ဒါလည်း ပေးတယ်။ ဒါလည်း ပေးတယ်လို့ ပြောတယ်။
နတ်သမီးက ငါလုပ်ခဲ့တဲ့ ကောင်းမှုကံကြောင့်
ပေးလိုတာလား၊ ဒါမှမဟုတ် သူ့အစွမ်းကြောင့်
ပေးလိုတာလား၊သူ့ကိုမေးဦးမယ်” လို့ ကြံပြီး
မေးလိုလို့ အောက်ပါစကားကို ပြောပါတယ်။
“ကိုယ်အနေအထား လှ၊ ပေါင်လက္ခဏာ လှ၊
မျက်ခုံး လှတဲ့ နတ်သမီး၊ သင်ဟာ ငါ့ရဲ့အလှူပေးမှု၊
ဧည့်ဝတ်ကျွေးမွေးမှု ဒီကုသိုလ်ကံရဲ့ အကျိုးကား ဒါပဲ။
ဒီကုသိုလ်ကံရဲ့အကျိုးက ဒါပဲ”လို့ပြောပြနိုင်သလား။
ထောက်တည်ရာ မရှိတဲ့ သမုဒ္ဒရာမှာ ထောက်တည်ရာ
ရနေတာဟာ ငါ့ရဲ့ဘယ်ကုသိုလ်ကံ အကျိုးပါလဲ။”

အဲဒီစကားကို ကြားရပြီး နတ်သမီးက
“ဒီပုဏ္ဏားဟာ သူပြုခဲ့တဲ့ ကုသိုလ်ကံကို မသိဘူးလို့
ထင်မှတ်ကာ မေးတယ် ထင်တယ်။ အခု သူ့အား
ငါ ပြောပြမယ်”လို့ကြံပြီး အောက်ပါစကားကို
ပြောပါတယ်။

“သင်္ခပုဏ္ဏား၊ သင်ဟာ နေပူပူ လမ်းခရီးမှာ ခြေထောက်မှာ
သဲပူတွေက ပူလောင်ခံရပြီး ရေဆာလောင်ပင်ပန်းနေတဲ့
ပစ္စေကဗုဒ္ဓါ တစ်ပါးကို ဖိနပ်တွေ လှူခဲ့ပါတယ်။
သင့်ရဲ့ အဲဒီအလှူက သင့်အလိုအားလုံးကို ပေးနေပါတယ်။”

အဲဒီစကားကို ကြားရပြီး ဘုရားလောင်းက
“ငါလှူခဲ့တဲ့ ဖိနပ်အလှူက ဒီလို ထောက်တည်ရာ
မရှိတဲ့ မဟာသမုဒ္ဒရာမှာတောင် ငါ့အလို အားလုံးကို
ပေးတယ်။ ငါ့ရဲ့ ပစ္စေကဗုဒ္ဓါအား လှူရတဲ့အလှူက
ဪ ကောင်းစွာလှူရာ ရောက်ပါပေစွ”
လို့ အားရဝမ်းသာကာ အောက်ပါ စကားကို ပြောပါတယ်။

“နတ်သမီး၊ ဒီလိုဆိုရင် ငါ့အတွက်လှေတစ်စင်း
ဖန်ဆင်းပေးပါ။ အဲဒီလှေဟာ ကောင်းစွာ
ချုပ်စပ်ထားတဲ့ ပြဉ်ပြားများစွာ ပါပါစေ။
ရေ မယိုပါစေနဲ့။ကောင်းစွာ ယူသွားတဲ့
လေနဲ့ယှဉ်ပါစေ။နတ်လှေမှ တစ်ပါး အခြားယာဉ်
သွားစရာမြေ ဒီသမုဒ္ဒရာမှာ မရှိ။ အဲဒီနတ်လှေနဲ့
ငါ့ကို ဒီနေ့ပဲ မောဠိနီမြို့ကို အရောက်ပို့ပါ။”

နတ်သမီးက သင်္ခရဲ့စကားကို ကြားရပြီး
ဝမ်းသာကျေနပ်ကာ ရတနာ (၇) ပါးနဲ့ ပြီးတဲ့
လှေကို ဖန်ဆင်းတယ်။

အဲဒီလှေက
အလျား (၈) ဥသဘ၊
အနံ (၄) ဥသဘ၊
အနက်တာ (၂၀) ရှိတယ်။
အဲဒီလှေရဲ့ လင်းယဉ်တိုင်တွေက ပတ္တမြားညိုနဲ့ ပြီးတယ်။
ကြိုးတွေက ရွှေနဲ့ ပြီးတယ်။
ရွက်တွေက ငွေတွေနဲ့ပြီးတယ်။
တက်မထိုးဝါးတွေက ရွှေနဲ့ ပြီးတယ်။
နတ်သမီးက အဲဒီလှေကို ရတနာ (၇) ပါးနဲ့
ပြည့်စေပြီး သင်္ခ ပုဏ္ဏားကို ပွေ့ဖက်ကာတန်ဆာ
ဆင်ထားတဲ့ လှေပေါ်တင်တယ်။
သင်္ခရဲ့ အလုပ်အကျွေးကိုတော့ မကြည့်။
သင်္ခပုဏ္ဏားက သူလုပ်ခဲ့တဲ့ ကောင်းမှု မှ
အလုပ်အကျွေးအား အမျှပေးဝေတယ်။
အလုပ်အကျွေးက သာဓုခေါ်တယ်။
အဲဒီအခါ နတ်သမီးက အဲဒီအလုပ်အကျွေးကိုလည်း
ပွေ့ဖက်ပြီး လှေပေါ်တင်လိုက်တယ်။

အဲဒီအခါ အဲဒီလှေကို မောဠိနီမြို့ကို ပို့ပြီး၊
ပုဏ္ဏားအိမ်မှာ ဥစ္စာကို တည်စေကာ
သူ့နေရာကိုပဲ ပြန်သွားပါတယ်။
❖နတ်သမီးက “ဥပ္ပလဝဏ်အလောင်း”၊
❖အလုပ်အကျွေးက “အာနန္ဒာအလောင်း”၊
❖သင်္ခ က “ဘုရားလောင်း” ဖြစ်ပါတယ်။
(ဇာတ်၊ ဋ္ဌ ၊ စ၊ ၁၆)

ထီး၊ဖိနပ် လှူရကျိုးက ကြီးမားလှပါတယ်။
အမျှဝေ၊သာဓုခေါ်မှုရဲ့ အကျိုးက ချက်ချင်းပဲ
သိသာပေါ်လွင်လှပါတယ်။ သူတစ်ပါးတွေရဲ့
ကုသိုလ်လုပ်ငန်းတွေကို ဝမ်းမြောက်စွာ
သာဓုခေါ်သင့်ကြပါတယ်။

၁။ ဖိနပ်လှူသူ ၊ ရေနစ်မူ၊ ကူသူ တွေ့ရသည်။
၂။ မေခလာကား၊ သင်္ခအား ၊ ပွေ့ထားလှေတင်သည်။
၃။ သမုဒ္ဒရာမှာ၊သင်္ခဟာ၊ဘဃာ ဝေးခဲ့သည်။
၄။ အမျှဝေသော်၊သာဓုခေါ်၊ လှေပေါ်တင်လိုက်သည်။
၅။ သူ့ကုသိုလ်မှု၊ ခေါ်သာဓု၊ ပြုကို ပြုသင့်သည်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ-
သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】
Posted by►
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ချ်များအနေနဲ့ share မယ်ဆိုရင်
စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]