ဆရာတော် အရှင်မြတ်ဘုရား၊
ဥပပတ်ပဋိသန္ဓေ အကြောင်းသိလိုပါသည် ဘုရား။
သိကြားမင်း၏ ဧရာဝဏ်ဆင်နှင့် ပတ်သက်၍
နတ်ပြည်မှာ တိရစ္ဆာန်ရှိသလား ဆိုတာကိုလည်း
သိလိုပါသည်။ တပည့်တော် ဆိုလိုတာက
တိရစ္ဆာန်အနေနဲ့ ဥပပတ် ပဋိသန္ဓေရှိနိုင်သလားဟု
ဖြစ်ပါသည်။ ဥပပတ်ပဋိသန္ဓေဆိုတာကို ယနေ့ခေတ်မှာ
လက်တွေ့မမြင်ဖူးသဖြင့် မည်သို့ နားလည်ရမည်
ဆိုတာကို ဖြေကြားပေးစေချင်ပါသည်။
(နေခြည်ဝင်း)

“ယောနိ လေးမျိုး”
•••••••••••••••••••••••••••
ယောနိဆိုတာကို “အမျိုးဇာတ်”လို့ ဘာသာပြန်ပါတယ်။
ဒီနေရာမှာ မွေးဖွားပုံ လေးမျိုးလို့ အဓိပ္ပာယ်ယူရင်
သင့်ပါလိမ့်မယ်။
(၁) ဇလာဗုဇ = အမိဝမ်းမှ မွေးတဲ့ သတ္တဝါ။
လူတွေ ကျွဲနွား တိရစ္ဆာန်တွေနဲ့ ဝေလငါးလိုမျိုး
မွေးတာ။

(၂) အဏ္ဍဇ = ဥကပေါက်တဲ့ သတ္တဝါ။
ကြက် ငှက် မိကျောင်း ဒိုင်နိုဆောတွေလိုမျိုး။
(ဒီနှစ်မျိုးပေါင်းကို ဂဗ္ဘသေယျက = အမိဝမ်းမှာ ကိန်း
တဲ့ သတ္တဝါလို့လည်း ပေါင်းပြီး ခေါ်တယ်)။

(၃) သံသေဒဇ = ငြိတွယ်တဲ့နေရာမှာ ဖြစ်တဲ့ သတ္တဝါ။
ရေအိုးထဲမှာ၊ကြာနေတဲ့ ရေထဲမှာတွေ့ရတဲ့
လောက်လန်းလေးတွေ၊ ငါးပုပ်ထဲက ပိုးလောက်တွေ၊
ငယ်ငယ်က မြွေတစ်ပိုင်းဖြစ်ပြီး အမြီးရမ်းနေတဲ့
ပုံလုံသီး (ပဲလင်းမြွေသီး)ကို တွေ့ဖူးတယ်။

(၄) ဩပပါတိက = ဥပပါတ် = ဒီဘဝကနေ နောက်ဘဝ
တစ်ခုမှာ ဘွားကနဲ့ ပြန်ဖြစ်တဲ့ သတ္တဝါ။
ကမ္ဘာဦးအခါက ဗြဟ္မာ့ဘုံက စုတေလာသူတွေဟာ
ဤမြေပြင်မှာ ဘွားကနဲ့ လူလာပြန်ဖြစ်သတဲ့။
ဒီလူ့ဘုံက သေလို့ နတ်ဗြဟ္မာ ဖြစ်ခွင့်ရှိသူတွေလည်း
တစ်ခါတည်း ၁၆ နှစ်မ သားတွေဘွားကနဲ့
သွားဖြစ်ပါသတဲ့။ (စကားမစပ်၊ နို့တိုက်စရာ မလိုဘူးပေါ့)။

“ဧရာဝဏ်ဆင်”
•••••••••••••••••••••••••••
တိရစ္ဆာန်အနေနဲ့ နတ်ပြည်မှာ မွေးဖွားသူ မရှိဘူး။
ဒါကြောင့် နတ်ပြည် မှာ ကြွက်၊ ယင်ကောင်၊ မြွေ၊
ပိုးဟပ်၊ ပင့်ကူတွေ မရှိဘူး။ နတ်တို့အစားအစာ
နတ်သုဒ္ဓါ ဘယ်လောက် ကောင်းသလဲဆိုတာ
မသိနိုင်ပေမယ့် နတ်ပြည်မှာ beef နဲ့ Seafood တွေ
မရတာတော့ သေချာတယ်။

“နတ်ပြည်၌ ဧရာဝဏ (ဧရာဝဏ်)စသော
နတ်သားများသည် ဆင်အသွင်မြင်အသွင်ကို
ဖန်ဆင်းကြ၏။ တိရစ္ဆာန်အသွင်နှင့်
တွေ့ရသည့် နတ်များကို မြင်၍ အန္ဓက (နိုင်ငံသား)
ရဟန်းအချို့က နတ်ပြည်မှာတိရစ္ဆာန်ရှိကြောင်း
ယုံမှတ်ကြ၏ (အဘိ-ဋ္ဌ ၂၊ ၂၇၃)”။

ဧရာဝဏ်ဆင် ဆိုတာလဲ နတ်သားပါပဲ။
နတ်ပြည် လောကမှာ တိရစ္ဆာန်မှ မရှိဘဲ။
သိကြားမင်း ဥယျာဉ်ကို ထွက်တဲ့အခါ ဧရာဝဏ
နတ်သားက နတ်အသွင်ကိုစွန့်ပြီး ဆင်အသွင်နဲ့
သိကြားမင်းကို ဆောင်ကြဉ်းပေးတာပါ
(သာရတ္ထ-ဋီ ၁၊ ၂၆၈)”။

“ဂတိ (လားရာဌာန) လေးမျိုး နဲ့ ယောနိ”
•••••••••••••••••••••••••••
ဘုမ္မဇိုးနတ်မှတစ်ပါး နတ်ဗြဟ္မာတွေ၊ နိဇ္ဈာမတဏှိက
ပြိတ္တာမျိုးတွေနဲ့ ငရဲဘုံသားတွေမှာ ဥပပတ်ပဋိသန္ဓေ
တစ်မျိုးပဲ ရှိတယ်။ လူ့ဘုံ၊ တိရစ္ဆာန်၊ပြိတ္တာနဲ့
ဘုမ္မဇိုးနတ်တွေမှာ ယောနိလေးမျိုးလုံး ရှိနိုင်တယ်။

“ဘုမ္မဇိုးဖြတ်၊ ကြွင်းနတ် နိစ္ဈာ၊ ငရဲရွာ၊ တစ်သာ ဥပပတ်။
အကြွင်းဂတိ၊ လေးယောနိ၊ ရ၏ပုံသေမှတ်
(ပရမတ္ထသရူပဘေဒနီ)”။

ဧရာဝဏ်ဆင်အကြောင်း လေ့လာကြည့်ရင်း တိရစ္ဆာန်
ဘဝနဲ့ ဥပပတ် ပဋိသန္ဓေနေတဲ့ အကြောင်းကို
ကျမ်းဂန်မှာ ရှားရှားပါးပါး တွေ့ရပါတယ်။

သားချစ်စိတ်နဲ့ ကွယ်လွန်တဲ့ အမျိုးသမီးတစ်ယောက်
ဥပပတ်ပဋိသန္ဓေနဲ့ ဘွားကနဲ မြေခွေးမဖြစ်သွားပြီး
သားဖြစ်သူ ရတနာထုပ်ကို ပိုက်ပြီးပြန်လာစဉ်
လမ်းမှာအန္တရာယ်ဖြစ်မှာကို မြင်လို့
ဒီလမ်းကို ဆက်မသွားဖို့ သားရှေ့လာပြီး
တားမြစ်ပါသတဲ့ (ဇာ-ဋ္ဌ ၂၊ ၃၄၈)။

နောက် ဇာတ်တော် တစ်ခုမှာ ပဒုမဝတီ မိဖုရားဟာ
ကြာပန်းမှာ သံသေဒဇသန္ဓေတည်တယ်။
ဥကပေါက်တဲ့ လူတွေလည်း ရှိတတ်ပါသတဲ့။

“ဥပပတ်ပဋိသန္ဓေ”
•••••••••••••••••••••••••••
ဥပပတ်ပဋိသန္ဓေနဲ့ မွေးဖွားလာသူကို ဘုန်းကြီးကိုယ်တိုင်
မမြင်ဖူးပေမယ့် ဗုဒ္ဓဒေသနာမှာ ပါလို့ ဘုန်းကြီးတော့
ယုံတယ်။ လက်တွေ့ ပြဖို့ ဆိုရင် နတ်ပြည်ကို
ရောက်ရင်လည်း ရောက်ဖူးမှ ဖြစ်မလိုရှိတယ်။

အတွေ့အကြုံ လေးတစ်ခုတော့ ပြောပြစရာ ရှိတယ်။
ရိုမန်ကက်သိုလစ် ဘုရားကျောင်းက ဘုန်းကြီးရဲ့
မိတ်ဆွေဟောင်း Tucson မြို့မှာ နေတဲ့ ဘာသာ
ဗေဒပညာရှင် ဒေဗရာ (Dr. Debrah) ဟာဗုဒ္ဓဘာသာ
ပါလို့ သူ့ကိုယ်သူ လူသိရှင်ကြား ပြောတဲ့ အမျိုးသမီးပါ။
မြန်မာပြည်မှာ သုံးပတ်ကြာတရားထိုင်ဖူးလို့
မြန်မာယဉ်ကျေးမှုကို အတော်အတန် သိတယ်။

လွန်ခဲ့တဲ့ အပတ်က ဘုန်ကြီးဆီကို ရောက်လာတယ်။
ဘုန်းကြီးဆီ မလာခင်တစ်ပတ်က အတူနေတဲ့ သူ့မိခင်
အသက်၉၈ နှစ် ဆုံးတာနဲ့ ပတ်သက်ပြီး ဒါနလုပ်ချင်လို့တဲ့။
အမည်မပြောတတ်တဲ့ သက်သတ်လွတ်
ဆွမ်းဟင်းလေးတွေနဲ့ အလှူငွေ $ ၁ဝဝ လှူပါတယ်။
သူပြောတာက မေတ္တာသုတ်ကို ရွတ်ပြီးလို့ အိပ်ရာဝင်ဖို့
ပြင်နေတုန်း သူ့အမေကို တွေ့တာ နှစ်ကြိမ်ရှိပြီတဲ့။
ပြုံးပြီး နှုတ်ဆက်မယ်လုပ်တော့ ပျောက်သွားလို့
စိတ်ကူးယဉ်လိုလို တကယ်လိုလို ဝေခွဲမရ
ခံစားမိတယ်တဲ့။ မြန်မာပြည်မှာတုန်းကလည်း
ကျောင်းနားက ဘာသာခြား အမျိုးသမီးတစ်ဦး
ကွယ်လွန်လို့ သူ့ခင်ပွန်းက ကျောင်းထိုင်ဆရာတော်ကို
လာလျှောက်တာကို ကြားဖူးပါတယ်။

စဉ်းစားဖို့ပါ။ အဲဒီ ဘဝတစ်ခု တကယ်ရှိခဲ့ရင် သေပြီးတာနဲ့
အဲဒီလို လာပြနိုင်တာဟာ ဥပပတ်ပဋိသန္ဓေကြောင့်
ဖြစ်နိုင်တာပေါ့။
【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【ဆရာတော်အရှင်ကေလာသ၏
“ဓမ္မအမေးအဖြေများ”မှကူးယူပူဇော်ပါသည်။】
Posted by►
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ချ်များအနေနဲ့ share မယ်ဆိုရင်
စာရေးသူ ဆရာတော် အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]