ရှေးအခါက ဂန္ဓာရတိုင်းမှာ တက္ကသိုလ်ပြည်၌ ဂန္ဓာရမင်း
အုပ်စိုးတယ်။ အဲဒီအခါ ဘုရားလောင်းက နွားမျိုးမှာ
ဖြစ်တယ်။ အဲဒီနွားကို ငယ်ရွယ်စဉ်ကပဲ ပုဏ္ဏား
တစ်ယောက်က နွားအလှူလှူတဲ့လူတွေထံက
ရလို့ “နန္ဒိဝိသာလ”လို့ နာမည်ပေးကာ၊
သားအရာမှာထားပြီး ချစ်မြတ်နိုးစွာနဲ့ ယာဂုထမင်း
စသည်တွေကိုပေးပြီး ကျွေးမွေးခဲ့တယ်။
ဘုရားလောင်းဟာ အရွယ်ရောက်တဲ့အခါ
“ငါ့ကို ဒီပုဏ္ဏားက ဆင်းဆင်းရဲရဲနဲ့ ပြုစု ကျွေးမွေးခဲ့တယ်။
ငါနဲ့လည်း တူတဲ့ ဝန်ကို ရုန်းနိုင်တဲ့ နွားဟာ ဇမ္ဗူဒိပ်
တစ်ကျွန်းလုံးမှာ မရှိ။ ငါဟာ အင်အားကို ပြပြီး
ပုဏ္ဏားကို ကျွေးမွေးပြန်ပေးရင် ကောင်းမှာပဲ”
လို့ တွေးပါတယ်။

ဘုရားလောင်းက တစ်နေ့မှာ ပုဏ္ဏားကို
“ပုဏ္ဏား၊ သွားလော့။ ဂေါဝိတ္တက သူဌေးတစ်ယောက်ထံ
ချဉ်းကပ်ပြီး ငါရဲ့ နွားဟာ ဆက်ထားတဲ့ လှည်းပေါင်း
တစ်ရာကို ရုန်းပြနိုင်တယ်” လို့ ပြောကာ ငွေတစ်ထောင်
နဲ့ အလောင်းအစား လုပ်ခဲ့လို့ ပြောတယ်။
အဲဒီပုဏ္ဏားက သူဌေးထံသွားပြီး
“ဒီမြို့မှာ ဘယ်သူရဲ့ နွားဟာ အားနဲ့ ပြည့်စုံပါသလဲ”
လို့ စကား ပြောပါတယ်။ အဲဒီအခါပုဏ္ဏားကို
သူဌေးက “ဘယ်သူဘယ်သူရဲ့ နွားပဲ” လို့
ပြောကာ “တစ်မြို့လုံးမှာ ငါတို့ရဲ့ နွားတွေနဲ့
တူတဲ့ နွား မရှိဘူး” လို့ ပြောပါတယ်။

ပုဏ္ဏားက “ငါရဲ့ နွားတစ်ကောင်ဟာ ဆက်စပ်နေတဲ့
လှည်းပေါင်း တစ်ရာကို ရုန်းနိုင်တယ်”လို့
ပြောပါတယ်။ သူဌေးက “အဲဒီနွားက ဘယ်နွားလဲ”
လို့ မေးပါတယ်။ ဒီလိုဆိုရင် အလောင်းအစား လုပ်မယ်
လို့ သူဌေး က ပြောလို့ ပုဏ္ဏားက “ကောင်းပြီ လုပ်မယ်”
လို့ ပြောကာ တစ်ထောင်တန် လောင်းပါတယ်။

ပုဏ္ဏားက လှည်းပေါင်းတစ်ရာကို သဲ၊ ကျောက် စရစ်၊
ကျောက်ခဲတွေ အပြည့်တင်ကာ အစဉ်အတိုင်း
ထားပါတယ်။ လှည်းအားလုံးတို့ကို ဝန်ရိုးကို
ချည်နှောင်ထားတဲ့ ကြိုးနဲ့တစ်ပေါင်းတည်း
ချည်နှောင်ထားပါတယ်။ နန္ဒိဝိသာလကို ရေချိုး
ပေးပါတယ်။ နံ့သာလူးထားတဲ့ လက်ငါးချောင်းအရာကို
ပြုပါတယ်။ လည်ပင်းမှာ ပန်း ပန်ပေးပါတယ်။
ရှေ့ဆုံးလှည်းရဲ့ ထမ်းပိုးမှာ တစ်ကောင်တည်းပဲ
ယှဉ်စေပါတယ်။ ကိုယ်တိုင် လှည်းဦးမှာ ထိုင်ကာ
နှင်တံကို မြှောက်ချီပြီး “ကောက်ကျစ်တဲ့နွား
သွားလော့၊ ကောက်ကျစ်တဲ့နွား ရုန်းလော့”
လို့ ပြောပါတယ်။

ဘုရားလောင်းဟာ “ဒီပုဏ္ဏားက မကောက်ကျစ်တဲ့
ငါ့ကို ကောက်ကျစ်တယ် ဆိုတဲ့ အသုံးအနှုန်းနဲ့
ခေါ်ဝေါ်တယ်” လို့ တွေးကာ ခြေထောက် (၄) ချောင်း
တို့ကို တိုင်တွေပမာ မလှုပ်ရှားအောင် ထားကာ
ရပ်နေပါတယ်။ သူဌေးက အဲဒီခဏမှာပဲ ပုဏ္ဏားကို
ငွေတစ်ထောင် ဆောင်ပေးစေပါတယ်။ ပုဏ္ဏားက
ငွေတစ်ထောင် ရှုံးလို့နွားကို လွှတ်ကာ အိမ်ကို
ပြန်သွားပြီး သောကဖိစီးခံရလျက် လဲလျောင်းနေပါတယ်။
နန္ဒိဝိသာလဟာ လှည့်လည်ပြီး ပြန်လာတဲ့အခါ ပုဏ္ဏား
သောကဖိစီး ခံရတာကို မြင်လို့ ချဉ်းကပ်ကာ
“ပုဏ္ဏား ဘာကြောင့် မှိုင်တွေနေသလဲ”လို့ မေးပါတယ်။

ငွေတစ်ထောင် ရှုံးထားတဲ့ ငါ့မှာ ဘယ်မှာ
မမှိုင်ဘဲ ရှိမလဲ။”

“ပုဏ္ဏား၊ ဒီလောက် ကာလပတ်လုံး
သင့်အိမ်မှာ နေတဲ့ ငါဟာ အိုးခွက် တစ်ခုတလေ
ခွဲဖူးတာ ရှိသလား။ တစ်စုံတစ်ယောက်ကို
နင်းချေဖူးသလား။ မစွန့်သင့်တဲ့နေရာမှာကျင်ကြီး၊
ကျင်ငယ် စွန့်ဖူးသလား။”

“အို နန္ဒိဝိသာလ၊ မရှိပါ။”

“အဲဒီလို မရှိဘဲနဲ့ သင်က ဘာကြောင့် ငါ့ကို
ကောက်ကျစ်တယ် ဆိုတဲ့ အသုံးအနှုန်းနဲ့
ခေါ်ဝေါ်ရသလဲ။ အဲဒါဟာ သင့်ရဲ့ အပြစ်ပဲ။
ငါ့မှာ အပြစ်မရှိ။ သွားပါ။ အဲဒီသူဌေးနဲ့အတူ
(၂) ထောင်တန် လောင်းခဲ့ပါ။ ငါ့ကို မကောက်ကျစ်ဘဲ၊
ကောက်ကျစ်တယ်လို့ မခေါ်ဝေါ်နဲ့။”

ပုဏ္ဏားဟာ ဘုရားလောင်းရဲ့စကားကို နားထောင်ပြီး
သွားကာ (၂) ထောင်တန် လောင်းလိုက်ပါတယ်။
ရှေ့နည်းအတိုင်းပဲ လှည်းပေါင်း တစ်ရာကို ဖွဲ့ချည်ကာ
နန္ဒိဝိသာလကိုတန်ဆာဆင်ပြီး ရှေ့ဆုံးလှည်းရဲ့
ထမ်းပိုးမှာ ယှဉ်စေပါတယ်။ အဲဒီအခါ ပုဏ္ဏားက
လှည်းဦးမှာ ထိုင်ကာ နန္ဒိဝိသာလရဲ့ ကျောကို
ပွတ်သတ်ပြီး “ကောင်းမြတ်တဲ့ နွားလား သွားလော့။
ကောင်းမြတ်တဲ့ နွားလား ရုန်းလိုက်လော”
လို့ ပြောပါတယ်။ ဘုရားလောင်းက ဖွဲ့ချည်ထားတဲ့
လှည်းတစ်ရာကို တစ်ဟုန်တည်းနဲ့ပဲ ဆွဲငင်ပါတယ်။
နောက်ဆုံးမှာ တည်ရှိတဲ့ လှည်းကို ရှေ့ဆုံးမှာ တည်ရှိတဲ့
လှည်းရဲ့ နေရာမှာ တည်စေပါတယ်။

ဂေါဝိတ္တကသူဌေးက ရုန်းလို့ ပုဏ္ဏားအား ငွေ(၂) ထောင်
ပေးရပါတယ်။ အခြားလူတွေကလည်း ဘုရားလောင်းအား
များစွာသော ဥစ္စာကို ပေးကြပါတယ်။ အားလုံးဟာ
ပုဏ္ဏားအတွက်ပဲ ဖြစ်ပါတယ်။ အဲဒီလို ပုဏ္ဏားဟာ
ဘုရားလောင်းကို မှီပြီး ဥစ္စာများစွာ ရရှိသွားပါတယ်။

“ရဟန်းတို့ ကြမ်းတမ်းတဲ့စကားကို ဘယ်သူမှ မနှစ်သက်”
လို့ မိန့်တော်မူကာ “နူးညံသိမ်မွေ့ ချိုသာတဲ့ ချစ်ခင်ဖွယ်
စကားကိုသာ ပြောဆို ရတယ်။ မြတ်နိုးဖွယ်ရာ
မဖြစ်တဲ့ စကားကို ဘယ်တော့မှ မပြောဆိုရ။
နန္ဒိဝိသာလနွားလားဟာ မမြတ်နိုးဖွယ်စကားကို
ပြောတဲ့ပုဏ္ဏားရဲ့ဝန်ကို ဆောင်မပေးဘဲ နောက်မှ
မြတ်နိုးဖွယ်စကားကို ပြောတဲ့ ပုဏ္ဏားရဲ့ လေးလံတဲ့
ဝန်ကို ဆောင်ပေးတယ်။ ပုဏ္ဏားကို ဥစ္စာများစွာ
ရစေတယ်။ ဒါကြောင့် ပုဏ္ဏားဟာ ဝမ်းသာရွှင်ပြနေတယ်”
လို့ ဘုရားရှင်က မိန့်တော်မူပါတယ်။

ပုဏ္ဏားက “အရှင်အာနန္ဒာအလောင်း”၊
နွားက “ဘုရားအလောင်း” ဖြစ်ပါတယ်။
(ဇာတက၊ ဋ္ဌ၊ ၁၊ ကုရုင်္ဂဝဂ္ဂ-၈၊ နန္ဒိဝိသာလ ဇာတက)

“နှုတ်ချိုတော့ ပြည်စိုး” ၊ “နှုတ်ချို သျှိတစ်ပါး”၊
“မုန်းစေလို ခံတွင်း လက်လေးသစ်”
“ချစ်စေလို ခံတွင်းလက်လေးသစ်”တဲ့။
မြန်မာစကားပုံ တွေ ရှိနေပါတယ်။
နှုတ်ချိုခြင်းရဲ့ စွမ်းအားတွေကို ဖော်ပြနေတယ်။
ဒီနန္ဒိဝိသာလဇာတ်ကလည်း နှုတ်ချိုခြင်းရဲ့
စွမ်းအားကို ဖော်ပြထားပါတယ်။
နှုတ်ချိုတာကို တိရစ္ဆာန်တွေတောင်မှ ကြိုက်သေးတာပဲ။
လူတွေဆိုတော့ ဘယ်ပြောဖွယ် ရှိတော့မလဲ။

လူလောကမှာ စကားပြောချိုသာဖို့ အရေးကြီးလှပါတယ်။
စကားချိုသာလို့ ကောင်းကျိုးရနေတဲ့ လူသားတွေဟာ
လောကကြီးထဲမှာ ထုနဲ့ဒေးပါပဲ။ စကားပြော မချိုသာလို့
မကောင်းကျိုးတွေ ရနေကြတဲ့ လူသားတွေကလည်း
လောကကြီးထဲမှာ ထုနဲ့ ဒေးပါပဲ။ နှုတ်ကြောင့်ကြေ၊
နှုတ်ကြောင့် သေတဲ့။ နှုတ်ကြောင့် ဒုက္ခရောက်ရကြောင်း
ဖော်ပြထားတဲ့ မြန်မာစကားပုံတွေပါပဲ။

“ကောက်ကျစ်တဲ့ နွားလား သွားလော့၊ ရုန်းလော့”
လို့ ဆိုလိုက်တဲ့ စကားလေးတစ်ခွန်းကြောင့်
ငွေအသပြာတစ်ထောင် ပုဏ္ဏားမှာ ဆုံးရှူံးသွားပါတယ်။
“ကောင်းမြတ်တဲ့ နွားလား သွားလော့၊ ရုန်းလော့”
လို့ ပြောလိုက်တဲ့ စကားလေးတစ်ခွန်းကြောင့်
အသပြာနှစ်ထောင် အနိုင်ရ လိုက်ပါတယ်။
စကားဆိုးလေးတစ်လုံးက ဆိုးကျိုးများစွာကို
ပေးနိုင်ပါတယ်။ စကားကောင်းလေးတစ်လုံးက
ကောင်းကျိုးများစွာကို ပေးနိုင်ပါပေတယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ-
သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】
Posted by►
www.facebook.com/youngbuddhistassociation.mm