တစ်နေ့သ၌ အရှင်အနုရုဒ္ဓါ မထေရ်ဟာ သူဝတ်ရုံနေတဲ့
သင်္ကန်း ဆွေးမြည့်နေသဖြင့် သင်္ကန်းချုပ်ရန် လမ်းဆုံ
လမ်းခွ လမ်းလေးမနဲ့ အမှိုက်ပုံစတဲ့နေရာတွေမှာ
ကောင်းနိုးရာရာ ပိတ်စတွေကို ရှာဖွေ နေပါတယ်။
အဲဒီတုန်းက ဗုဒ္ဓဘုရားက တပည့်သား သံဃာတော်
များအား ပ့ံသကူသင်္ကန်းကိုသာ ဝတ်ရုံစေပါတယ်။
ဂဟပတိ စီဝရခေါ်တဲ့ လူဒါယကာ၊ဒါယိကာမတွေ
လှူတဲ့သင်္ကန်းကို ခွင့်ပြုတော် မမူသေးပါ။

အရှင်အနုရုဒ္ဓါဟာ ရာဇင်္ဂြိုဟ်ရဲ့အမှိုက်ပုံမှာ
သင်္ကန်းလျာအတွက် သင့်နိုးရာရာ အဝတ်စတွေကို
ရှာဖွေနေပါတယ်။

အဲဒီမှာ အမှိုက်ထဲက ရွှေဆိုတာကို အမှိုက်ပုံထဲက
ဝင်းဝင်းလက်လက် အမြိတ်စ ထွက်နေတဲ့ ဝတ်စုံတစ်ခုကို
တွေ့မြင်လိုက်တယ်။ အရှင်ဟာ ဝတ်စုံကို အ့ံသြစွာ
ယူလိုက်တဲ့အခါ တစ်ထည်းတည်း မဟုတ်၊
သုံးထည်ပင် ဖြစ်နေပါတယ်။ ကျောင်းရောက်တော့
ဖြန့်ကြည့်သောအခါ အဖိုးတန် ပ့ံသကူ
သင်္ကန်းပေတကား။

အရှင်အနုရုဒ္ဓါဟာ ကျောင်းရောက်တော့
ဖြန့်ကြည့်လိုက်တဲ့အခါ အလျား တစ်ဆယ့်သုံးတောင်၊
အနံ လေးတောင်ရှိတာကိုတွေ့ရပြီး
သင်္ကန်းချုပ်ရန် စီမံပါတော့တယ်။

အမှန်စင်စစ် အရှင်မြတ်ရရှိတဲ့ သင်္ကန်းလျာ
အဝတ်ဟာ နတ်ပုဆိုးများ ဖြစ်ပါတယ်။
အရှင်ရဲ့ မယားဟောင်း ဖြစ်ခဲ့ဖူးတဲ့ “ဇာလိနီနတ်သမီး”
ဟာ တာဝတိံသာနတ်ပြည်မှ ဆင်းသက်လာပြီး
အရှင်မြတ်အတွက် ဖန်တီးဆက်ကပ်ခြင်းသာ
ဖြစ်ပေတယ်။

ဪ... ချစ်မေတ္တာ သံယောဇဉ်ဆိုတာ နှစ်ဘဝ၊
သုံးဘဝ ကူးတဲ့တိုင် အငွေ့မပြယ်နိုင်ပါတကား။
မှန်ပါတယ်။ မိမိတို့ရဲ့ ဗုဒ္ဓဘုရားရှင်ပင်လျှင်
ဟိုကမ္ဘာခြားက ပွင့်တော်မူခဲ့တဲ့ ဒီပင်္ကရာ ဘုရားရှင်
လက်ထက်တော်တုန်းက သုမိတ္တာ မင်းသမီးဟာ
ကြာပန်းတွေလှူကာ ပါရမီဖြည့်ဖက် ဖြစ်ပါစေ
လို့ ဆုတောင်းခဲ့သေးတာပဲ။ဘုရားအလောင်းတော်က
သုမေဓာ ရသေ့ဘဝ နဲ့ ဘုရားကို တံတားခင်းပြီး
ဘုရားဆုပန် သုမိတ္တာက ပါရမီဖြည့်ဖက် ဆုပန်။
သူတို့ ဆုပန်တာတွေ ပြည့်ခဲ့တယ်လေ။
ဒါဟာလည်း ချစ်ခြင်းမေတ္တာရဲ့ ခိုင်မြဲတဲ့ပြယုဂ်
တစ်ခုလို့ ပြောနိုင်ပေတာပေါ့။

စန္ဒကိန္နရီ ဇာတ်တော်မှာ ကိန္နရာနဲ့ ကိန္နရီတို့ဟာလည်း
သိပ်ချစ်ကြတဲ့ စံပြ ဇနီးမောင်နှံတွေပေါ့။ အဲဒီလို ဘဝ
အဆက်ဆက်ချဖူးသော ရေစက်၊ ပန္နက်ခဲ့ဖူးတဲ့
သစ္စာကြောင့် ချစ်မေတ္တာခိုင်မြဲစွာနဲ့ လက်တွဲကြရတဲ့
ချစ်မေတ္တာဇာတ်လမ်း မှတ်တမ်းတွေဟာ
နိပါတ်ဇာတ်တွေထဲမှာ မြောက်မြားစွာ ရှိလေရဲ့။

“ရဟန်းများချုပ်တဲ့ သင်္ကန်း”
•••••••••••••••••••••••••••••••••••••
အခုလည်းကြည့်။ လွန်ခဲ့တဲ့ သုံးဘဝတုန်းက မယား
ဖြစ်ခဲ့ဖူးတဲ့ ဇာလိနီ နတ်သမီးဟာ ချစ်မေတ္တာရေစက်
မကုန်ဘဲ အရှင်အနုရုဒ္ဓါအတွက် သင်္ကန်းချုပ်နိုင်ရန်
နတ်ပုဆိုး အကောင်းစားတွေ ချပေးခဲ့ပြီလေ။

အရှင်အနုရုဒ္ဓါ သင်္ကန်းချုပ်သောနေ့။
ဟိုစဉ်က ယနေ့ကဲ့သို့ ဒကာ, ဒကာမတို့ ဝယ်ယူ
လှူဒါန်းသော သင်္ကန်းမျိုးစုံ အလွယ်တကူ ဝတ်ရုံ
သုံးဆောင်ရခြင်း မဟုတ်ပေ။ သင်္ကန်းလျာ ပုဆိုးကို
အရင်ရအောင်ရှာပြီးတော့ ကောင်းနိုးရာရာတို့ကို
စပ်ဟပ်ချုပ်ဆိုးပွဲမှာ ဗုဒ္ဓကိုယ်တော်တိုင်ပင်
ပါဝင်ဆောင်ရွက်တော်မူတယ်။
အဂ္ဂသာဝကတွေလည်း မြောက်မြားစွာ
ပါဝင်ကူညီ ဆောင်ရွက်ကြတယ်လေ။

ဗုဒ္ဓဘုရားရှင်အတွက် သင်္ကန်းတော်ကိုပင်
မိထွေးတော်ဂေါ်တမီ အထူးစပယ်ရှယ်
ရက်လုပ်ခဲ့တဲ့အကြောင်းတွေ ပိဋကတ်စာပေထဲမှာ
အထင်အရှား ရှိသေးရဲ့၊ ထားတော့။

“နတ်ဆွမ်းတွေ လှူဒါန်းပြန်ပြီ”
•••••••••••••••••••••••••••••••••••••
မယားဟောင်း တော်စပ်ခဲ့တဲ့ ဇာလိနီ နတ်သမီးဟာ
အရှင်အနုရုဒ္ဓါအတွက် နတ်သင်္ကန်းကိုသာ
လှူဒါန်းသည်မဟုတ်။ ဘုရားရှင်နဲ့တကွ
ရဟန်းသံဃာတွေအတွက် ဆွမ်း၊ ခဲဘွယ် ဘောဇဉ်တွေ
လာရောက်လှူဒါန်းကြရန် ရွာသူရွာသားတွေကို
နှိုးဆော်ပြီး နိဗ္ဗာန်ဆော်လည်း လုပ်သေးတယ်။

သဒ္ဓါ၊ စေတနာတရား အားကောင်းကြတဲ့ ရွာသူရွာသား၊
ဒကာ,ဒကာမတွေ ယာဂုစတဲ့ စားဖွယ် သောက်ဖွယ်တွေ
လာဖို့ကြတာ မကုန်နိုင် မခန်းနိုင်ပါဘဲ။ ပိုလျှံနေလေတော့
စွန့်ပစ်ကြရတာပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောစရာ၊
ဆိုစရာ ရှိလာပြန်တယ်။

လူတွေဟာ သိတယ် မဟုတ်လား။
ဘယ်သူမှ အကဲ့ရဲ့မလွတ်ဘူး။ ပိုလျှံတော့လည်း ပိုလျှံလို့၊
မလောက်မင ဖြစ်ပြန်ရင်လည်း တိုင်းတိုင်းထွာထွာ
ကပ်စေးနှဲ ကော်တရာတွေလို့ ပြောကြဦးမှာပါပဲ။
လောကကြီးမှာ အကဲ့ရဲ့လွတ်သူ မရှိဘူး။
ဘုရားရှင်ကိုလည်း ဘာသာချင်း မတူတဲ့
တိတ္တိ ၊တက္ကဒွန်းတွေက ကဲ့ရဲ့ကြတာပဲ။
အဂ္ဂသာဝက၊ မဟာသာဝက္က အစရှိတဲ့
ရဟန္တာတွေကိုလည်း အပြစ်တွေလျှောက်ပြောကာ
ကဲ့ရဲ့ကြတာပါပဲ။

ကဲ့ရဲ့ခြင်း၊ ရှုတ်ချခြင်း၊ အပုပ်ချခြင်းဆိုတာ
လောကဓံတရားပဲလေ။ လောကဓံတရားကို
လောကထဲမှာရှိတဲ့ လူသားတိုင်း ခံကြရပေတယ်။
ဒါပေမယ့် ဘုရား၊ ရဟန္တာ၊ အရိယာပုဂ္ဂိုလ်တွေကတော့
ဘယ်သူကပင် ကဲ့ရဲ့,ကဲ့ရဲ့၊ အပြစ်ပြောပြော
တုန်လှုပ်တဲ့သဘော မရှိကြတော့ပါ။

“ဖုဋ္ဌဿ လောက ဓမ္မေဟိ၊ စိတ္တံ ယဿ နကမ္ပတိ”
အစရှိတဲ့ မင်္ဂလာ တရားတော်နဲ့ ပြည့်စုံတော်
မူကြပေတယ်။

အဓိပ္ပာယ်ကတော့ အကြင်ရဟန္တာပုဂ္ဂိုလ်၏စိတ်သည်
လောကဓံ တရားရှစ်ပါးတို့နှင့် တွေ့ကြုံ
ရင်ဆိုင်ရသော်လည်း တုန်လှုပ်ခြင်း
အလျဉ်း မရှိတော့ပေတဲ့။
လောကဓံ တရားရှစ်ပါးကို သိကြားပြီးသား
ဖြစ်ပါလိမ့်မယ်။ အကျယ် မပြတော့ပါဘူး။

“ရဟန္တာဟာ အလှူမခံပါ”
•••••••••••••••••••••••••••••••••••••
အခုလည်းပဲ သာမန် လူသားတွေ မဟုတ်တဲ့
ရဟန်းတွေကလည်း အရှင်အနုရုဒ္ဓါကို အ,မနာပ
ပြောကြသေးရဲ့။

“အရှင်အနုရုဒ္ဓါဟာ ဒကာ,ဒကာမတွေကို လုံလောက်ရုံ
မပို့ခိုင်းဘဲ သူ့မှာ ဒကာ,ဒကာမတွေ များကြောင်း၊
ပေါကြောင်း သိအောင် တမင်လုပ်တာပဲ” တဲ့ဗျာ။

မခက်ဘူးလား။ အပြောကတော့ လွတ်ကို မလွတ်နိုင်ဘူး။
ဒီကိစ္စကို မြတ်စွာဘုရားက ရှင်းပေးတော်မူတယ်။

“ရဟန်းတို့... ငါ၏သားတော် အနုရုဒ္ဓါဟာ ယာဂုဆွမ်း
စတာတွေကို ဆွေမျိုး၊ အလုပ်အကျွေး၊ ဒကာ,ဒကာမတွေကို
ယူဆောင်ခိုင်းခြင်းမဟုတ်။ ငါ့သားတော် အနုရုဒ္ဓါဟာ
ဒီလို စကားမျိုး၊ အလှူခံတာမျိုး ဘယ်တော့မှမဆို။
ရဟန္တာတို့မည်သည် ပစ္စည်းဝတ္တုနဲ့စပ်တဲ့စကားကို
ပြောကြားခြင်း အလျဉ်းမရှိပေ။ ဤယာဂုဆွမ်း
စတာတွေဟာလည်း ရွာသူရွာသားတွေကြောင့် မဟုတ်။
နတ်တို့ရဲ့အာနုဘော်ကြောင့် ဖြစ်လာခြင်း ဖြစ်ပေတယ်။

ဗုဒ္ဓဘုရားရှင်ရဲ့ မိန့်ကြားစကားကို နားဆင်လိုက်ရတဲ့
အခါကျမှ ရဟန်းတွေဟာ ယုံမှားသံသယ
ရှင်းသွားကြတယ်။

ဪ... တကယ်တော့ ငယ်စဉ်ကပင် မရှိဆိုတဲ့စကား
မကြားဖူးရုံမျှမက “မရှိမုန့်” ထင်နေတဲ့ နတ်သုဓာ၊
နတ်မုန့်တွေကို အစဉ်စားသုံးလာခဲ့တဲ့
အရှင်အနုရုဒ္ဓါ၊
နတ်သမီး လှူဒါန်းတဲ့နတ်သင်္ကန်းကို
ဆင်မြန်းခွင့်ရတဲ့ အရှင်အနုရုဒ္ဓါ၊
ဘုရားရှင် ကိုယ်တော်တိုင် သင်္ကန်းချုပ်ရာမှာ
ပါဝင်ဆောင်ရွက်ပေးတဲ့ အရှင်အနုရုဒ္ဓါ၊
နတ်တွေ လှူဒါန်းတဲ့ ယာဂုဆွမ်းတွေကို ဘုရားအမှူးရှိတဲ့
ရဟန်းသံဃာတွေကို မကုန်နိုင် မခန်းနိုင်
လှူဒါန်းခွင့်ရတဲ့ အရှင်အနုရုဒ္ဓါ။

ဒိဗ္ဗစက္ခုအဘိညာဉ်(နတ်တို့၏မျက်စိကဲ့သို့ အရာ
ခပ်သိမ်းကို မြင်စွမ်းရှိခြင်း)ကို ရရှိတော်မူတဲ့ ရဟန္တာ
အရှင် အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကြီးအား ရိုသေ
ညွှတ်နိုး လက်စုံမိုးပြီး ရှိခိုးပူဇော်လိုက်ရပါတယ်။

“မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်”
•••••••••••••••••••••••••••••••••••••
“အကြင်ပုဂ္ဂိုလ်တို့ကား အာသဝေါတရား ကုန်ခန်း၏။
အစာအာဟာရ၌လည်း စွဲလမ်းငြိတွယ်ခြင်း မရှိ။
ရာဂကင်းရာ နိဗ္ဗာန်အာရုံ၌သာ ကျက်စားတော့၏။
ကောင်းကင်တွင် ငှက်တို့၏ခြေရာကို မမြင်၊
မတွေ့ရသကဲ့သို့ ရဟန္တာပုဂ္ဂိုလ်တို့ကား လားရာ
မရှိတော့ချေ။
(ဓမ္မပဒ အဋ္ဌကထာ၊ အရှင်အနုရုဒ္ဓါ မထေရ် ဝတ္တုများ
ကိုးကား ရေးသားပူဇော်ပါသည်။)
【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇနိန္ဒသာရ-မုံရွာနေဇာ】
Posted by►
www.facebook.com/youngbuddhistassociation.mm