ဒါနအစွမ်း လက်ရုံးတန်းဖို့ ဆုံးခန်းရောက်ဖွယ်
ဤကျမ်းငယ်ကား အဘယ်ထုတ်ချောက် ရေးသား
လောက်လိမ့်၊ နှိုင်းထောက်ကြံချယ် ဉာဏ်မမယ်တို့
စိတ်ဝယ်ဝိုးဝါး မထွေပြားနှင့်၊ ဘုရားအဆူဆူ
ဒါနကူမှ သုံးလူသင်းကျစ် ဧကန်ဖြစ်၍ အမြိုက်တရား
ဟောဖော်ကြားလျက်၊အများဝေနေ ကျွတ်လွတ်စေ၏။
ထွေထွေများမြောင် ဒါနဆောင်သော်
ပြောင်တလက်လက် အရောင်ထွက်၍
ခေါင်ထက်ခေါင်နင်း ဖြစ်ကြခြင်းနှင့်၊
ယင်းသည့်ဒါန မပါကြသည့် ဒုက္ခသည်စု
တွေ့တိုင်းရှု၍ လူမှုအားကိုး ဒါနမျိုးကို ပျိုးလေဆန်းဆန်း
နေ့စဉ်လန်းအောင် ကျွတ်တမ်းဝင်လိုဘိမူကား။
(ကိုယ်ကျင့်အဘိဓမ္မာ)

သုမေဓာရှင်ရသေ့လေးသည် ဒီပင်္ကရာဘုရားရှင်
ထံတော်မှောက်မှာ “နောင် လေးအသင်္ချေနှင့်
ကမ္ဘာတစ်သိန်းလွန်သောအခါ ဂေါတမဗုဒ္ဓရယ်လို့
ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်” ဟု
ဗျာဒိတ်တော်ရပြီး နောက်ပိုင်း သူက စဉ်းစားသည်။
“ငါသည် ဘုရားဖြစ်ဖို့ ဗျာဒိတ်ရတာတော့ ဟုတ်ပြီ။
ဗျာဒိတ်ရရုံနှင့်တော့ ဘုရားမဖြစ်နိုင်သေး။
ဘုရားဖြစ်ရာဖြစ်ကြောင်း ပါရမီကောင်းမှုတွေ
ဖြည့်ဆည်းမှ ဘုရားဖြစ်လိမ့်မည်။
ငါ့ရှေ့က ပွင့်တော်မူကြသော နောင်တော်ဘုရားတို့သည်
အဘယ် အကျင့်ကိုများ စတင်ကျင့်သွား ကြပါလေသနည်း”
ဟု အတိတ်ကို မြင်နိုင်သောဉာဏ်ဖြင့် ပြန်လည်ငဲ့မျှော်
ကြည့်သောအခါ နောင်တော်ဘုရားအားလုံးတို့သည်
ဒါနပါရမီအကျင့်ကို ရှေးဦးစွာ ဖြည့်ကျင့်သွားကြသည်ကို
မြင်ရလေသည်။

ထိုကဲ့သို့ မြင်တော်မူရ၍ အလောင်းတော်သည်
ဒါနပါရမီကို ဦးစွာ ဖြည့်ကျင့်ခဲ့သည်။လေးအသင်္ချေ
ကမ္ဘာတစ်သိန်း အတွင်းမှာလည်း ဒါနကို
ဦးစားပေး ဖြည့်ကျင့်ခဲ့သည်။ နောက်ဆုံး ဝေဿန္တရာ
ဘဝမှာလည်း ဒါနပါရမီကို အထူးတလည် ဖြည့်ကျင့်
ခဲ့သည်။ဝေဿန္တရာမင်းသားလေးသည် အမိဝမ်းမှ
ကျွတ်လျှင်ကျွတ်ချင်း ထူးဆန်းသောစကားတစ်ခွန်းကို
ပြောလေသည်။

“အမေ...ဘာများပေးလှူစရာ ရှိပါသလဲ”တဲ့။
ဝေဿန္တရာသည် လူ့ဘဝခရီးကို ထိုစကားတစ်ခွန်းနှင့်
စတင်ခဲ့သည်။ သူ၏ဒါနအထုံက အဲသည်လို ပါလာခဲ့သည်။
ဝေဿန္တရာသည် အရွယ်ရောက်သောအခါမှာလည်း
ထူးခြားသော ချဉ်ခြင်းတစ်ခု ဖြစ်သည်။

“အခုနေအခါ နှလုံးသားကို အလှူခံသူများလာလျှင်
နှလုံးသားကို ထုတ်လှူချင်လိုက်တာ။
မျက်လုံးကိုများ အလှူခံသူလာလျှင် မျက်လုံးကို
ဖောက်ထုတ်လှူချင်လိုက်တာ။
အသားကိုများ အလှူခံသူလာလျှင် အသားတွေကို
လှီးဖဲ့လှူချင်လိုက်တာ။ အသွေးကိုများ အလှူခံသူလာလျှင်
သွေးတွေကို ဖောက်ထုတ်လှူချင်လိုက်တာ”။
အလောင်းတော်၏ ဒါနပါရမီအထုံက ထိုမျှ
ကြီးမားလှပါသည်။

တောင်မြို့ဆရာတော်က “ဘုရားအဆူဆူ ဒါနကူမှ
သုံးလူသင်းကျစ် ဧကန်ဖြစ်၍” ဟု ဆိုခဲ့သည်။
ဂင်္ဂါ၀ါဠု သဲစုမက ပွင့်တော်မူကြသော ဘုရားအဆူဆူ
တို့သည် ဒါနကူလို့ ဘုရားဖြစ်ကြရသည်။ဘုရားအဖြစ်သို့
ရောက်အောင် ပို့ဆောင်ပေးရာ၌ ဒါနက အဓိကအခန်း
ကဏ္ဍမှ ပါဝင်ခဲ့သည်။အတုမရှိသောပုဂ္ဂိုလ်၊
နှိုင်းယှဉ်ဖွယ်မရှိ၊ အနှိုင်းမဲ့သော ပုဂ္ဂိုလ်၊
သုံးလောက၏ အထွတ်အထိပ်ပုဂ္ဂိုလ်၊
ထိုကဲ့သို့ ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်ကြီးကို ကမ္ဘာလောက
အတွင်း ပေါ်ထွန်းလာအောင် တည်ဆောက်ရာမှာ
ဒါနသည် ဦးစီးဦးဆောင်အနေဖြင့် ပါဝင်ခဲ့လေသည်။

ဘုရားဖြစ်ဖို့ ပါရမီဖြည့်ရသည်။ ပါရမီက ဒါနသီလ
စသည် ဆယ်ပါးရှိသည်။ ပါရမီဆယ်ပါးလုံးသည်
ဒါန၏ စွန့်ခြင်းသဘော၊ ပေးခြင်းသဘောကို
အခြေခံကြရသည်။ ထို့ကြောင့် ပါရမီဟူသည် ရယူခြင်း၊
သိမ်းပိုက်ခြင်းမဟုတ်၊ စွန့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းသာ
ဖြစ်သည်။ လောက၌လည်း ကြီးကြီးမားမားစီမံကိန်း
တစ်ခုကို ထူထောင်ရာ၊ တည်ဆောက်ရာမှာ ရယူခြင်းဖြင့်
ထူထောင်လို့မရ။ သိမ်းပိုက်ခြင်းဖြင့် တည်ဆောက်လို့မရ။
စွန့်လွှတ်ခြင်းဖြင့်သာ ထူထောင်ရမည်။
ပေးဆပ်ခြင်းဖြင့်သာ တည်ဆောက်ရမည်။

ပါရမီဟူသည် မြင့်မြတ်သူတို့၏ အလုပ်ဟု စာကဆိုသည်။
လောက၌ မြင့်ဖို့ကတော့ သိပ်ခက်လှသည်မဟုတ်။
ကြိုးစားဖို့နှင့် ပါးနပ်ဖို့သာ လိုသည်။
မြတ်ဖို့ကျတော့ နည်းနည်းခက်သွားသည်။
မြတ်ဖို့ကျတော့ ရိုးသားဖို့ လိုသည်၊ ဖြူစင်ဖို့၊
ဖြောင့်မတ်ဖို့လိုသည်၊ ကောင်းမွန်ဖို့ လိုသည်။
ပါရမီဟူသည် မြင့်မြတ်သူတို့အလုပ်ဟု
ဆိုသော်လည်း အမှန်က မြင့်ဖို့က လိုရင်းမဟုတ်။
မြတ်ဖို့ကသာ လိုရင်းဖြစ်သည်။

ရာဇဝင်၌ ပေးဆပ်သူတို့နှလုံးသားဟု တင်စားမှုများ
ရှိသည်။ ထိုသို့တင်စားခံရာ၌ မြင့်က အဓိကမကျ။
မြတ်ကသာ အဓိကကျသည်။ မမြင့်သော်လည်း
မြတ်သူတို့၏ နှလုံးသားမှန်လျှင် “ပေးဆပ်သော
နှလုံးသား” ဖြစ်နိုင်သည်။

သုမေဓာသည် ပေးဆပ်သူတို့နှလုံးသားဖြင့်သာ
လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကုန်ဆုံးခဲ့သည်။
နောက်ဆုံး နှလုံးပြည့်ဝ၊ နှလုံးလှသောအခါ
ဘုရားဖြစ်သည်။ဘုရားဖြစ်သောအခါ သာမန်အားဖြင့်
ဒါနက စ၍ ဟောသည်။ဒါနကထာပြီးမှ သီလကထာ၊
သဂ္ဂကထာ၊ မဂ္ဂကထာ၊ သာမုက္ကံသိကကထာ တို့ကို
ဟောသည်။ ဣတိဝုတ်ပါဠိတော်၊ ဒါနသုတ်၌ ဘုရားရှင်က
“သတ္တဝါတွေဟာ ငါဘုရားလို ဒါန၏အကျိုးကြီးမားပုံကို
သေချာမသိလို့ ဒါနနည်းနေကြတာ၊ ငါဘုရားလိုများ
ဒါနအကျိုးကြီးမားပုံကို ပြည့်ပြည့်စုံစုံ သိကြမယ်ဆိုလျှင်
နောက်ဆုံး ထမင်းလုတ်တောင်မှ မျိုကျလိမ့်မည်မဟုတ်၊
ပေးကမ်းလှူဒါန်းကြလိမ့်မည်”ဟု မိန့်ခဲ့၏။

လောက၌ စွန့်ခြင်း၊ ပေးခြင်း ဒါနတရား အရေးပါလှပါသည်။
သုံးလောက အဓိပတိ၊ သုံးလောကဥသျှောင်၊
သုံးလောကထွတ်တင် ဘုရားရှင်ဟူသော
ပုဂ်္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ကို သွန်းလုပ်ရာမှာ ဒါနသည်
အဓိကနေရာမှ ပါဝင်ခဲ့သည်။သာသနာငါးထောင်
တည်တန့်ရာတွင် ဒါနသည် အဓိကနေရာမှ
ပါဝင်ခဲ့သည်။ ကျောင်းကန်ဘုရားစသော သာသနိက
အဆောက်အအုံတွေ တည်ဆောက်ရာမှာ ဒါနသည်
အဓိကနေရာမှ ပါဝင်ခဲ့သည်။ ကမ္ဘာ့အံ့ဖွယ် ရွှေတိဂုံ
စေတီတော်မြတ်ကြီးကို ကြည့်ပါ။မည်သူတွေ၊ မည်သို့မည်ပုံ
တည်ဆောက်ခဲ့ကြသနည်း။ ဒါနသမားတွေက စွန့်ခြင်း၊
ပေးခြင်းဖြင့်သာ တည်ဆောက်ခဲ့ကြသည်။

မိမိတို့ လက်ရှိဘဝကို ပြန်စဉ်းစားကြည့်စေချင်သည်။
လူ့ဘဝကို ရောက်လာကြသည်။ နှစ်ခုနစ်ဆယ်ခန့်၊
ရှစ်ဆယ်ခန့်နေပြီး ပြန်လည် ထွက်ခွာရမည်။
ဘဝဟူသည် သင်္ခါရဖြစ်သည်၊ သင်္ခါရသည် အစဉ်ထာဝရ
မဟုတ်လေသောကြောင့် ဘင်ကာလသို့
မကြာခဏချဉ်းကပ်ရသည်။
ဘင်ဟူသည် “ဘင်္ဂ- ပျက်စီးခြင်း” ဖြစ်သည်။
မကြာခဏ သေကြေပျက်စီးရသဖြင့် ဘာတစ်ခုမျှ
ကိုယ်တကယ် ပိုင်တာမရှိ။ ဘာတစ်ခုမျှ
ဖက်တွယ်ထားလို့မရ၊ အားလုံးကို စွန့်ပစ်ခွဲခွာ
လာလမ်းကိုသာ ပြန်ကြရဦးမည်။

မိမိတို့ လူ့ဘဝကို လာခဲ့ကြသည်၊ ဘာလုပ်ဖို့လာခဲ့သလဲ၊
ပေးဖို့ လာခဲ့လေသလား၊ ယူဖို့ လာခဲ့လေသလား။
သေသေချာချာစဉ်းစား ဖို့လိုသည်၊ စဉ်းစားရမည်။
လူသားသတ္တဝါကို လောဘတဏှာ အတ္တက
ပြဋ္ဌာန်းလေတော့ ယူချင်စိတ်၊ ရချင်စိတ်က များသည်။

ငယ်ငယ်ကတည်းက ယခုထိ ယူဖို့၊ ရဖို့သာ
လုံးပမ်းသည်။ အသက်နှစ်ဆယ်လောက်ထိ
အယူနှင့်သာ ကြီးပြင်းခဲ့ကြသည်။
တချို့ သုံးဆယ်လောက်အထိ မိဘဆီမှာ လက်ဖြန့်တုန်း
ရှိသေးသည်။လူအများစုသည် ကိုယ်က ရဖို့၊
ယူဖို့လောက်သာ နှလုံးသွင်းကြသည်။
ပေးရမည့်တာဝန်ရှိပါလားဆိုတာ လုံးဝမစဉ်းစားကြ။
အမှန်က ဒုတိယအရွယ်လောက်ကစပြီး ပေးနိုင်တာကို
ပေးရတော့မည်။ ထိုသို့ ပေးနိုင်ဖို့အတွက် ပထမ
အရွယ်မှာကတည်းက ပေးဖို့တွေ၊ ပေးစရာတွေ
ရှာထားရမည်။ ပညာပေးမှာလား၊ ဥစ္စာပေးမှာလား၊
အကြံဉာဏ် ပေးမှာလား၊ အကူအညီပေးမှာလား၊
တစ်ခုခုတော့ ပေးနိုင်ရမည်။ “ဒုက္ခ” ပေးတာမှလွဲ၍
ကျန်တာအားလုံး ပေးနိုင်လျှင် ကောင်းသည်။

အပေးနှင့်အယူမှာ အယူဆိုတာက ကောင်းသော၊
မြတ်သော သဘောမဟုတ်။ ပေးရ၊ ကမ်းရ၊ စွန့်ရ၊
ကြဲရတာကသာ ကောင်းသော၊
မြတ်သောသဘောရှိသည်။
ထို့ကြောင့် အယူဘက်က မနေချင်နှင့်။
အပေးဘက်က နေနိုင်အောင်ကြိုးစား။
ယူရသော ပီတိနှင့် ပေးရသောပီတိနှစ်ခုအနက်
ပေးရသောပီတိကသာ ကောင်းမြတ်သည်။
“မိမိတို့ နားလည်ထားရမှာက သမုဒ္ဒရာရေ
မျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ
တစ်ဘဝတာကို တစ်ခဏသာနေပြီး
ပြန်လည်ထွက်ခွာသွားရသောအခါ ကိုယ်တစ်သက်လုံး
ယူခဲ့သမျှတွေကို ချန်ထား၊ ပေးထားရစ်ခဲ့ရပြီး
ကိုယ်တစ်သက်လုံးပေးခဲ့သမျှတွေကိုသာ
ကိုယ်ယူသွားရလိမ့်မည် ဆိုတာ ဖြစ်သည်။”

အရေးကြီးလို့ ပြန်ပြောပါမည်။
ကိုယ် ယခုလက်ရှိဘဝကနေ ထွက်ခွာ သွားသောအခါ
ကိုယ်တစ်သက်လုံး ယူခဲ့သမျှတွေကို ပေးထားခဲ့ရပြီး၊
ကိုယ်တစ်သက်လုံး ပေးခဲ့သမျှတွေကိုသာ ယူသွား
ရပါလိမ့်မည်။ ဒုက္ခတွေ ပေးထားလျှင် ဒုက္ခတွေသာ
ယူသွားရလိမ့်မည်။ သုခတွေပေးထားလျှင်
သုခတွေကို ယူသွားရလိမ့်မည်။

လောက၌ စျေးဝယ်၊ စျေးရောင်းရာတွင် စျေးဝယ်သူတွေက
ငွေကြေးကို ပေး၍ ပစ္စည်းကို ယူသည်။
စျေးရောင်းသူက ပစ္စည်းကို ပေး၍ ငွေကြေးကို ယူသည်။
ထိုစျေးရောင်းစျေးဝယ်တို့၏ အပေးက အယူ
သဘောပါသည်၊

ကုသိုလ်မဖြစ်၊ ပါရမီမဖြစ်၊ ကုသိုလ်ပါရမီဖြစ်သော
အပေးကား အယူမဖက် အပေးသက်သက်သာ
ဖြစ်သည်။

ကုသိုလ်ပါရမီဖြစ် အလှူဒါနပြုရာ၌ သပ္ပုရိသဒါနခေါ်-
သူတော်ကောင်း အလှူငါးမျိုး အင်္ဂုတ္တိုရ် ပါဠိတော်၌
လာရှိသည်။
❦သဒ္ဓါဒါန- ကံနှင့် ကံအကျိုးကို ယုံကြည်သော
သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း၊
❦သက္ကစ္စဒါန- လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်ကို
သေချာဂရုတစိုက်ပြု၍ လှူဒါန်းခြင်း၊
❦ကာလဒါန- အချိန်အခါ၊ အခြေအနေ၏
တောင်းဆိုချက်နှင့် လိုက်လျောညီထွေ လှူဒါန်းခြင်း၊
❦အနုဂ္ဂဟဒါန-ချီးမြှောက်လိုသောစိတ်ဖြင့်
လှူဒါန်းခြင်း၊
❦အနုပဃာတဒါန- မိမိဂုဏ်ကို လည်းကောင်း၊
သူတပါးဂုဏ်ကို လည်းကောင်း အစွန်းအငြိ
အထိအခိုက် မရှိစေဘဲ လှူဒါန်းခြင်းတို့ဖြစ်သည်။

ပေးဆပ်သူတို့ နှလုံးသားပိုင်ရှင်များအနေဖြင့်
သူတော်ကောင်း ဒါနငါးမျိုးကိုတော့ သတိချပ်ရမည်။
❦သဒ္ဓါဒါနဖြစ်အောင် ကံကံအကျိုးကို ယုံကြည်စွာ
ပေးလှူရမည်။
❦သက္ကစ္စဒါနဖြစ်အောင် လှူဖွယ်ပစ္စည်းနှင့် အလှူခံ
ပုဂ္ဂိုလ်ကို လေးစားသမှုပြု၍ လှူရမည်။
❦ကာလဒါနဖြစ်အောင် လိုအပ်တာလေးတွေ
သေချာကြည့်ရှု ဖြည့်ဆည်း ပေးပြီးတော့ လှူရမည်။
အနုဂ္ဂဟဒါနဖြစ်အောင် အလှူခံတို့ကို
ချီးမြှောက်လိုသော စိတ်မှတပါး ကျန်တာ ဘာစိတ်မှ
မထားဘဲ လှူရမည်။
❦အနုပဃာတဒါနဖြစ်အောင် မိမိသူတပါး
နှစ်ဦးသားလုံးကို မထိခိုက်စေဖို့၊ အလှူခံပုဂ္ဂိုလ်ကိုလည်း
မထိခိုက် စေဖို့၊ မိမိကိုယ်ကိုလည်း မထိခိုက်စေဖို့
သတိပြု၍လှူရမည်။

မိမိတို့သည် “ပေးဖို့လာခဲ့လေသလား၊ ယူဖို့
လာခဲ့လေသလား”ဟု အသေအချာ စဉ်းစားတော့
ယူဖို့လာခဲ့ခြင်းမဟုတ်၊ ပေးဖို့လာခဲ့ခြင်းသာဖြစ်သည်။
ကိုယ်တတ်နိုင်တာ တစ်ခုခုပေးကြရလိမ့်မည်။
သို့သော် မိမိ၏အပေးသည် ဒုက္ခမဟုတ်။
သုခသာဖြစ်ရမည်။ အနှောင့်အယှက် မဟုတ်။
အကူအညီသာ ဖြစ်ရမည်။

အမှန်တော့ ယခုဘဝမှ ကိုယ်ပြန်လည်
ထွက်ခွာသွားသောအခါ ကိုယ်ပေးခဲ့သမျှတွေကို
ကိုယ်ယူသွားရပါလိမ့်မည်။ ။
သင် ဘာတွေယူသွားချင်ပါသလဲ။
ဒုက္ခတွေလား၊ သုခတွေလား။
ဒုက္ခတွေယူချင်လျှင် ဒုက္ခတွေပေးပေါ့။
သုခတွေယူချင်လျှင် သုခတွေပေးပေါ့။
ရှင်းရှင်းလေးပါနော်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်】
Posted by►