ရိုသေစွာ လျှောက်ထားအပ်ပါသည်၊
“ဗြဟ္မာနတ်ပြည် စေတီတည် မည်သည့်အုတ်နှင့်
တည်လိမ့်နည်း” ဟု အမေးစကား ကြားသာ ကြားဖူးရာ
အဖြေမသိဘဲ ဖြစ်နေပါသောကြောင့် ဖြေကြားပေး
စေလိုပါသည် ဘုရား။
(အရှင်ဝိမလသာရ)

“စူဠာမဏိစေတီ”
•••••••••••••••••••••••••••••••
တောထွက်လာတဲ့ အလောင်းမင်းသိဒ္ဓတ်ဟာ
အနောမာ မြစ်ကမ်းကို ရောက်တော့ ပါလာတဲ့
သန်လျက်နဲ့ ဥသျှောင်နှင့်တကွ ဆံထုံးကို အရင်းက
ဖြတ်လိုက်တယ်။ အဲဒီ သျှောင်ထုံးကို
“ငါသည် ဗုဒ္ဓ ဧကန် ဖြစ်မယ်ဆိုရင် ဒီဆံပင်
မြေကြီးပေါ် ပြန်မကျပါစေနဲ့”လို့ အဓိဋ္ဌာန်ပြီး
မိုးပေါ်ကို မြောက်တင်လိုက်ရာမှာ သိကြားမင်းက
ဗုဒ္ဓလောင်းလျာရဲ့ သျှောင်ကေသာကို တာဝတိံသာ
နတ်ပြည်ကိုယူသွားပြီး စူဠာမဏိစေတီ တည်တယ်။
သုံးယူဇနာ မြင့်တယ်။ရတနာခုနစ်ပါးနဲ့တည်တယ်
(ဗုဒ္ဓဝံသ-ဋ္ဌ၊ ၃၂၂)။

မြင်းမိုရ်တောင်ရဲ့ထိပ်မှာ ဣန္ဒနီလာကျောက်နဲ့
တည်တယ်။သုံးယူဇနာ မြင့်တယ်။
(ထူပဝံသ၊ စာ ၁၆။ ဒါဌာဝံသ ၃၅ ဂါထာ)။

တာဝတိံသာ နတ်ပြည်မှာ တည်တယ်။
ယူဇနာသုံးဆယ် မြင့်တယ်။
(ဇိနာလင်္ကာ-ရ-ဋီ၊ စာ ၂၆၁)။

“ဒုဿစေတီ”
•••••••••••••••••••••••••••••••
ပဒုမုတ္တရဘုရား လက်ထက်က အချစ်ဆုံး
သူငယ်ချင်းဟောင်း ဖြစ်ဖူးတဲ့ ဃဋိကာရဗြဟ္မာ
(ဒီဗြဟ္မာက အနာဂါမ်ဖြစ်ပြီးသား၊အဝိဟာဘုံမှာ
နေတယ်။ သံ ၁၊၈၅။ မ ၂၊ ၂၄၂)
ယူလာတဲ့ ပရိက္ခရာ ရှစ်ပါးထဲက သင်္ကန်းကို
ဝတ်ရုံပြီး မင်းသိဒ္ဓတ် ရဟန်းအသွင်ကို ယူလိုက်တယ်။
အဲဒီနောက် မင်းဝတ်စုံကို ကောင်းကင်သို့
မြှောက်တင်လိုက်ရာမှာ ဃဋိကာရဗြဟ္မာကြီးကပဲ
ဒီဝတ်စုံကို ယူသွားပြီး ဗြဟ္မာ့ပြည်မှာ ဒုဿစေတီ
တည်တယ်။ရတနာမျိုးစုံနဲ့ တည်တယ်။
ဆယ့်နှစ်ယူဇနာ မြင့်တယ်။
(ဗုဒ္ဓဝံသ-ဋ္ဌ၊ ၃၂၃။ ထူပဝံသ၊ စာ ၁၆)။

အခါတစ်ပါး အဘိညာဉ် တန်ခိုးရှင် အရှင်
ဘဒ္ဒဇိမထေရ်ဟာ ဗြဟ္မာ့ပြည်က ဒုဿစေတီကို
ထန်းတစ်ဖျား အမြင့်ရှိတဲ့ အရပ်ထိ လူ့ပြည်ကို
တန်ခိုးနဲ့ ယူလာပြီး လူပရိသတ် ရဟန်းပရိသတ်ကို
မြင်အောင် ပြဖူးသတဲ့ (မဟာဝံသ၊ ၃၃း၁၁)။

“ကမ္မဇစေတီ”
•••••••••••••••••••••••••••••••
နတ်တွေ ၊ ဗြဟ္မာတွေဆိုတာ ကံကြောင့်ဖြစ်တဲ့
ကမ္မဇဗိမာန် ကိုယ်စီမှာ နေကြတယ်။
ဗြဟ္မာတွေက ကာမစည်းစိမ်ကို မခံစားကြဘူး။
နတ်တွေကတော့ ကာမစည်းစိမ်ကို ခံစားကြတယ်။
နိမ္မာနရတိ နတ်တွေလို အချို့နတ်တွေဟာ ရှိမြဲ
စည်းစိမ်ထက် ပိုပြီး ခံစားလိုတဲ့အခါ ကိုယ့်ဟာကိုယ်
စိတ်တိုင်းကျ ဖန်ဆင်းပြီး၊စည်းစိမ် ခံစားကြတယ်။
နတ်တို့သနင်း သိကြားမင်းဟာ ဆင်စီးလိုတဲ့အခါ
နတ်သားတစ်ယောက်က ဆင်လို ဖန်ဆင်းပြီး
ပို့ဆောင်ပေးရတယ်။ နတ်တွေ ၊ ဗြဟ္မာတွေရဲ့
သဘာဝက အဲဒီသဘောမျိုး ရှိပါတယ်။

ဒါကြောင့် ဗြဟ္မာ့ပြည် ၊ နတ်ပြည်တွေမှာ လူ့ပြည်မှာလို
စေတီကို အုတ်နှင့် တည်စရာ မလိုပါဘူး။
မိမိတို့ အလိုရှိသလို ရတနာမျိုးစုံနဲ့၊ ဒါမှမဟုတ်
ဣန္ဒနီလာကျောက်နဲ့ လိုသလောက် အမြင့်ပမာဏနဲ့
ဖန်ဆင်းပြီး အဲဒီ နိမ္မိတ (ဖန်ဆင်းထားတဲ့) ထူပထဲမှာ
မင်းသိဒ္ဓတ်ရဲ့ သျှောင်ကေသာတွေ ဝတ်ရုံတွေကို
ထည့်သွင်းပြီး ပူဇော်ကိုးကွယ်ကြတယ်လို့ ယူနိုင်ပါတယ်။
“ကမ္မဇစေတီ” လို့ ခေါ်နိုင်ကောင်းပါတယ်။
၁။ ဗြဟ္မာနတ်ပြည် စေတီတည် အုတ်သည် မလိုတည်း။
၂။ ကံကြောင့်ဖြစ်သည် စိတ်ဖြင့်တည်၊စေတီထွန်းသတည်း။
【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【ဆရာတော်အရှင်ကေလာသ၏
“ဓမ္မအမေးအဖြေများ”မှကူးယူပူဇော်ပါသည်။】
Posted by►
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ချ်များအနေနဲ့ share မယ်ဆိုရင်
စာရေးသူ ဆရာတော် အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။