ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့သည် မိမိတို့ပြုထားအပ်သော
ကံကသာ မိမိတို့ကို ဖြစ်လေရာဘဝတိုင်း၌ အယုတ်အမြတ်
စသည်ဖြင့် ဝေဖန်ပေးလျက် ရှိကြလေသည်။
ကံ၏စီမံခန့်ခွဲမှုကို ခံယူကြရပေသည်ဟု
ယုံကြည်လျက်ရှိကြပေသည်။

ထိုထိုဘဝတို့၌ ဖြစ်ကြရသည့်အခါမှာ အသက်တို
ရတာ၊ အသက်ရှည်ရတာ၊ အနာရောဂါများရတာ၊
အနာရောဂါကင်းရတာ၊ အဆင်းလှရတာ၊
အဆင်းမလှရတာ၊ ဘုန်းတန်ခိုးကြီးရတာ၊
ဘုန်းတန်ခိုးနည်းရတာ၊ ပစ္စည်းဥစ္စာပေါများရတာ၊
ပစ္စည်းဥစ္စာရှားပါးရတာ၊ အမျိုးမြတ်ရတာ၊
အမျိုး ယုတ်ရတာ၊ ပညာဉာဏ်ကြီးမားရတာ၊
ပညာ ဉာဏ်နည်းပါးရတာ စသည်များကို ကံကပင်လျှင်
ဝေဖန်ပေးခြင်း၊ စီမံခန့်ခွဲပေးခြင်းဖြစ်ပေသည် ဟု
မြတ်စွာဘုရားဟောကြားတော်မူသည့် အတိုင်း ကံနှင့်
ကံ၏အကျိုးပေးတို့ကို အထူး ယုံကြည်အားကိုးလျက်
ရှိကြပေသည်။ ထို ကံတို့သည် အရှေ့နောက်
အကျိုးပေးသော အစဉ်အားဖြင့် လေးမျိုး
ကွဲလျက်ရှိပေသည်။

(၁)။ ဂရုကံ= ကံတစ်ပါးတို့သည် မတားမြစ်နိုင်သည့်
ကြီးလေးသည့်ကံ။
(၂)။ အာသန္နကံ= သေခါနီးအခါ၌ပြုလုပ်အပ်သောကံ
နှင့် အောက်မေ့အပ်သည့်ကံ။
(၃)။ အာစိဏ္ဏကံ= နေ့စဉ်အကြိမ်များစွာ လေ့ကျင့်
အပ်သောကံ။
(၄)။ ကဋတ္တာကံ= ပြုဖူးကာမျှဖြစ်သောကံဟူ၍
အကျိုးပေးသောအစဉ်အားဖြင့် လေးမျိုး
ကွဲပြားလျက်ရှိပေသည်။

“အကျယ်သိဖွယ်”
••••••••••••••••••••••••••••••••••••••
(၁)။ ဂရုကံ= ကံတစ်ပါးတို့သည် မတားမြစ်နိုင်သည့်
ကြီးလေးသောကံဟူသည် ကုသိုလ်ကံ နှင့်
အကုသိုလ်ကံဟူ၍ နှစ်မျိုးရှိပေသည်။
ထိုနှစ်မျိုးတို့တွင် အကုသိုလ်ကံအရာ၌ “ပဥ္စာနန္တိယကံ၊
နိယတမိစ္ဆာဒိဋ္ဌိကံ” တို့ ဖြစ်ကြပေသည်။
ထို “ပဥ္စာနန္တိယကံ ငါးပါးကို ပြုမိသောပုဂ္ဂိုလ်နှင့်
နိယတမိစ္ဆာဒိဋ္ဌိ သုံးပါး” ရှိကြသော ပုဂ္ဂိုလ်တို့သည်
ယခုဘဝမှ စုတေပြီးသည့်နောက်ကာလ ဒုတိယဘဝ၌
အပါယ်ငရဲသို့သာ ကျရောက်ကြရပေသည်။
မည်သည့်အကုသိုလ်ကံ၊ ကုသိုလ်ကံတို့ကမှ တားမြစ်၍
မရသောကြောင့် ကြီးလေးသော ဂရုကံတို့ဖြစ်ကြပေသည်။

ပဥ္စာနန္တိယကံ ငါးပါး ဆိုသည်မှာ-
••••••••••••••••••••••••••••••••••••••
(၁)။ အမိကို သတ်ခြင်း၊
(၂)။ အဖကိုသတ်ခြင်း၊
(၃)။ ရဟန္တာ ကိုသတ်ခြင်း၊
(၄)။ ဘုရားကို သွေးစိမ်းတည်အောင်၊
သွေးခြည် ဥအောင်ပြုခြင်း၊
(၅)။ သံဃာကို သင်းကွဲအောင် ပြုခြင်းတို့ ဖြစ်သည်။

နိယတမိစ္ဆာဒိဋ္ဌိ သုံးပါး ဆိုသည်မှာ-
••••••••••••••••••••••••••••••••••••••
❖ အကြောင်းမရှိဘဲ ပုဂ္ဂိုလ်သတ္တဝါတွေအလိုလို
ချမ်းသာသည်၊ အလိုလိုဆင်းရဲသည် ဟုစွဲယူ မှားသော
မိစ္ဆာဒိဋ္ဌိကံသည် “အဟေတုကမိစ္ဆာဒိဋ္ဌိကံ” ဖြစ်ပေသည်။

❖ လှူဒါန်းပူဇော်ခြင်းစသည်များကို ပြုပါသော်လည်း
အကျိုးမရရှိနိုင်ဟုစွဲယူမှားသော မိစ္ဆာဒိဋ္ဌိကံသည်
“နတ္ထိကနိယတမိစ္ဆာဒိဋ္ဌိကံ” ဖြစ်ပေသည်။

❖ ကောင်းသည့်ကုသိုလ်အမှုကို ပြုပါသော်လည်း
ကောင်းသည့်ကုသိုလ်ကံများဖြစ်မလာပေ။
မကောင်းသည့်အကုသိုလ်အမှုများကို ပြုပါသော်လည်း
မကောင်းသည့်အကုသိုလ်ကံများ ဖြစ်မလာပေ
ဟုစွဲယူမှားသော မိစ္ဆာဒိဋ္ဌိကံသည်
“အကိရိယ နိယတမိစ္ဆာဒိဋ္ဌိကံ” ဖြစ်ပေသည်။

ဤပဥ္စာနန္တရိယကံ နှင့် နိယတမိစ္ဆာဒိဋ္ဌိကံ ရှိကြသော
ပုဂ္ဂိုလ်တို့သည် သေပြီးသည်မှနောက် ကာလ
ဒုတိယဘဝ၌ အပါယ်ငရဲသို့ ကျရောက်ကြရပေသည်။
မည်သည့်ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကမှ
တားမြစ်လို့ မရသောကြောင့် “ဂရုကံ” တို့ ဖြစ်ကြပေသည်။

ကုသိုလ်ကံ အရာ၌ မဟဂ္ဂုတ်(စျာန်) ကုသိုလ်ကံတို့
ဖြစ်ကြပေသည်။ ထိုမဟဂ္ဂုတ်စျာန် ကုသိုလ်ကံတို့နှင့်
ပြည့်စုံသော ပုဂ္ဂိုလ်တို့သည် ဒုတိယဘဝတွင်
ဗြဟ္မာ့ပြည်သို့ ဧကန်မုချ ရောက်ကြရမည် ဖြစ်ပေသည်။
မည်သည့် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကမှ
တားမြစ်လို့မရသောကြောင့် ကြီးလေးသော
“ဂရုကံ” တို့ဖြစ်ကြပေသည်။

(၂)။ အာသန္နကံ = သေခါနီးကာလ၌ ပြုအပ်သောကံ နှင့်
အောက်မေ့အပ်သောကံဟူသည် ကုသိုလ်အာသန္နကံနှင့်
အကုသိုလ်အာသန္န ကံဟူ၍ နှစ်မျိုးပင်ရှိပေသည်။
ကုသိုလ် အာသန္နကံသည် နေ့စဉ်မပြတ်မှီဝဲအပ်သော
အကုသိုလ်အာစိဏ္ဏကံကို ပယ်ဖြတ်၍ ကောင်းကျိုးများကို
ပေးနိုင်ပေသည်။ အကုသိုလ် အာစိဏ္ဏကံသည်လည်း
နေ့စဉ်မပြတ်မှီဝဲအပ်သော ကုသိုလ်အာစိဏ္ဏကံကို
ပယ်ဖျက်၍ မကောင်းကျိုးများကို ပေးနိုင်ပေသည်။

အကုသိုလ်အာစိဏ္ဏကံကို ကုသိုလ်အာသန္နကံက
ပယ်ဖျက်ရာ၌ သောဏမထေရ်၏ဖခင် မုဆိုးရဟန်းကြီး
သာဓကဖြင့် ထင်ရှားလှပေသည်။ သောဏမထေရ်၏
ဖခင်မုဆိုးရဟန်းကြီး၌ ကွယ်လွန်လောက်သည့်
ရောဂါဝေဒနာ များဖြစ်လာသောအခါ ခွေးမုဆိုးအလုပ်ကို
တစ်သက်ပတ်လုံးပြုလုပ်ခဲ့သော အကုသိုလ်ကံ၏
အကျိုးပေးဖြစ်သည့် ခွေးကြီးများက သူ့ကို
ကိုက်စားတော့မည့် နိမိတ်များထင်လာ၍ ကြောက်လန့်
သောအသံဖြင့် သောဏတို့ ခွေးကြီးများကို
မောင်းထုတ်ပေးကြပါဟု ပြောဆိုလေ၏။

ထိုအခါ သောဏမထေရ်က ဖခင်မုဆိုးရဟန်းကြီး
ငရဲကျတော့မည့်ဘေးကို ကာကွယ်ပေးစေလို၍
စေတီရင်ပြင်တော်၌ ပန်းတွေပူဇော်လှူဒါန်းကာ
ဖခင်မုဆိုးရဟန်းကြီးကို ရှိခိုး ပူဇော်စေ၏။
ထို့နောက်မကြာမီမှာပင် နတ်သမီးနိမိတ်တွေထင်လာ၍
သောဏတို့ ဖယ်ကြ၊ဖယ်ကြ သင်တို့၏ မိခင်တွေ
လာနေပြီဟု ပြောဆိုကာ ပျံလွန်တော်မူသွားပြီး၊
နတ်ပြည်သို့ ရောက်သွားလေ၏။

ဤသာဓက၌ တစ်သက်ပတ်လုံး ခွေးမုဆိုး ပြုလုပ်ခဲ့သည့်
အကုသိုလ်အာစိဏ္ဏကံကို ပျံလွန်တော်မူခါနီးမှာ
ပန်းလှူဒါန်းပူဇော်သည့် အာသန္နကံက ပယ်ဖျက်
လိုက်သည်မှာ ထင်ရှားလှပေသည်။

(၃)။ အာစိဏ္ဏကံ = နေ့စဉ်အကြိမ်ကြိမ် လေ့ကျင့်အပ်သော
ကံဟူသည် ကုသိုလ်ကံ နှင့် အကုသိုလ်ကံဟူ၍ နှစ်မျိုးပင်
ရှိပေသည်။ ဘုရား၌ ဆွမ်းတော်တင်၍ လှူဒါန်းခြင်း၊
ပန်း ရေချမ်း ဆီမီးလှူဒါန်းခြင်း၊
သံဃာတော်တို့အား ဆွမ်းလောင်းလှူဒါန်းခြင်း၊
ငါးပါးသီလကိုဆောက်တည်ခြင်း
စသော နေ့စဉ်အကြိမ်ကြိမ် လေ့ကျင့်ပြုလုပ်အပ်သော
ကံသည် “ကုသိုလ်အာစိဏ္ဏကံ” ဖြစ်ပေသည်။
ထို ကုသိုလ်အာစိဏ္ဏကံ၌ မိမိပြုခဲ့မိသည့် ကုသိုလ်များကို
ပြန်သတိရ၍ အထပ်ထပ် ဝမ်းမြောက်မှုကို
ဖြစ်စေသောကံသည်လည်း အာစိဏ္ဏကံပင် ဖြစ်ပေသည်။

မုဆိုး၊ တံငါအလုပ်ဖြင့် အသက်မွေးကြသော သူတို့
နေ့စဉ်အကြိမ်ကြိမ်ပြုလုပ်ကြသော ပါဏာတိပါတ စသော
ကံသည် အကုသိုလ် အာစိဏ္ဏကံဖြစ်ပေသည်။
မိမိပြုခဲ့သည့် အကုသိုလ်များကို ပြန်သတိရ၍ အထပ်ထပ်
နောင်တပူပန်မှုကိုဖြစ်စေတတ်သော ကံသည်လည်း
အာစိဏ္ဏကံပင် ဖြစ်ပေသည်။

အာသန္နကံ ၊ အာစိဏ္ဏကံနှစ်ပါးတို့တွင် အားရှိသောကံသည်
ရှေးဦးစွာအကျိုးပေး၏။ အားချင်းတူလျှင် “အာသန္နကံ” က
ရှေးဦးစွာ အကျိုးပေး၏။

(၄)။ ကဋတ္တာကံ = ပြုဖူးကာမျှဖြစ်သော ကံ ဟူသည်
ဂရုကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ ဟူသော ရှေးကံသုံးပါးတို့မှ
လွတ်သော အဖန်ဖန်ပြုအပ်သည့် ကံများသည်
“ကဋတ္တာကံ” ဖြစ်ပေသည်။

အကြင်ပုဂ္ဂိုလ်၌ ဂရုကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ၊
ကဋတ္တာကံ ဟူသော ဤကံလေးမျိုးလုံး ရှိနေ၏။
ထိုပုဂ္ဂိုလ်အတွက် ယခုဘဝမှ အခြားမဲ့ ဒုတိယဘဝ၌
ဂရုကံက အကျိုးပေးခွင့်ရလေသည်။
ဂရုကံ မရှိလျှင် အာသန္နကံက အကျိုးပေးခွင့် ရလေ၏။
အာသန္နကံက မရှိခဲ့လျှင် အာစိဏ္ဏကံက အကျိုးပေးခွင့်
ရလေ၏။ အာစိဏ္ဏကံ မရှိခဲ့လျှင် ကဋတ္တာကံက
အကျိုးပေးခွင့်ရလေ၏။ ဤကဲ့သို့အကျိုးပေးခွင့်
အစဉ်အားဖြင့် ကံလေးမျိုး၏အကျိုးပေးပုံမှာ
သိဖွယ်ကောင်းလှပေသည်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာစည်နာယက၊အဂ္ဂမဟာ
ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】
Posted by
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ချ်များအနေနဲ့ share မယ်ဆိုရင်
စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]
(သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားကြီး၏
“သိကောင်းစရာ ဓမ္မပဒေသာမှ”-)