သစ္စာသည် မှန်ကန်ခြင်းဖြစ်၏။
မှန်ကန်စွာပြောဆိုအပ်သောစကားသည် ဝစီသစ္စာ
ဖြစ်၏။ ထိုဝစီသစ္စာကို မိမိသန္တာန်၌ ပြည့်စုံအောင်
ဖြည့်ကျင့်ခြင်းသည် သစ္စာပါရမီမည်၏။ အကျင့်ပိုင်းဆိုင်ရာ
ပဋိပတ္တိသစ္စာ ဖြစ်လေသည်။ သူတော်ကောင်းတို့
အလိုရှိအပ်၊ ဖြည့်ကျင့်အပ်သော သစ္စာပါရမီ သုံးမျိုးရှိ၏။
(၁)။ သဒ္ဓဟာပနသစ္စာ - မိမိအား ယုံကြည်စေရန်
အမှန်ကို ပြောဆိုခြင်း၊
(၂)။ ဣစ္ဆာပူရဏသစ္စာ - မိမိအလိုရှိသည်ကို
ပြည့်စုံစေရန် အမှန်ကိုပြောဆိုခြင်း၊
(၃)။ မုသာဝိရမဏသစ္စာ - မမှန်သောစကားကို
ရှောင်ကြဉ်၍ အမှန်ကိုပြောဆိုခြင်း၊

ဤသစ္စာသုံးပါးအနက် ဣစ္ဆာပူရဏသစ္စာကို
“အရေးပေါ်သစ္စာ” ဟုဆိုနိုင်ပါသည်။
သတ္တဝါတို့အား ဘေးအန္တရာယ်၊ ရန်စွယ်အသွယ်သွယ်
ကြုံလာသောအခါ၌ လည်းကောင်း၊ ပြဿနာ အခက်အခဲ
အကျပ်အတည်းများနှင့် ရင်ဆိုင်ရသောအခါများ၌
လည်းကောင်း၊ ဣစ္ဆာပူရဏသစ္စာကို ပြုကြ၏။
ထိုသစ္စာပြု၍ ချမ်းသာခြင်းကိုလည်း ရောက်ဖူးခဲ့ကြကုန်၏။
မှန်ကန်သောအမှုကိုအခြေပြုပြီး မိမိတို့ လိုလားသော
အရာကိုတောင့်တခြင်းသည် ဣစ္ဆာပူရဏသစ္စာ၏
အနက်ပင်တည်း။

သစ္စာသဘောမှာ အခြေခံအကြောင်းသည် ကုသိုလ်ဖြစ်စေ၊
ကုသိုလ်မဟုတ်သည် ဖြစ်စေ မှန်ကန်စွာပြောဆိုမှုပင်
ဖြစ်၏။ ကုသိုလ်ပင်ဖြစ်စေကာမူ မမှန်မကန်ပြောဆိုလျှင်
ဝစီသစ္စာမဖြစ်နိုင်တော့ပေ။ မမှန်ကန်သောကြောင့်
အကျိုးသည်လည်းတစ်စုံတစ်ရာ သက်ရောက်နိုင်မည်
မဟုတ်ပေ။ မှန်ကန်စွာပြောဆိုမှသာ အကျိုးရနိုင်ပေသည်။

သို့ဖြစ်ပါက ကောင်းမှုဖြစ်စေ၊ မကောင်းမှုဖြစ်စေ၊
မိမိပြုခဲ့သည့်အမှုကို ဟုတ်တိုင်းမှန်ရာ ထုတ်ဖော်
ပြောဆိုရမည်ဖြစ်ပါလျှင် ထိုသို့ပြောဆိုတိုင်း၊
သစ္စာပြုတိုင်း မိမိတို့အလိုရှိရာ ပြည့်စုံနိုင်ပါမည်လော
ဟု မေးနိုင်ဖွယ် ရှိလေသည်။

- ကျွနု်ပ်သည် မုသားစကားကို မတွန့်မရွံ့ အမြဲ
ဆိုတတ်သူဖြစ်ပါ၏။
ဤမှန်သောသစ္စာစကားကြောင့် စည်းစိမ်ဥစ္စာ
ပြည့်စုံချမ်းသာခြင်း ဖြစ်ရပါစေသတည်း။
-ကျွနု်ပ်သည် သေရည်အရက်ကို နှစ်သက်စွဲလမ်းစွာ
တစ်သက်တာ သောက်စားမူးယစ်ခဲ့သူ ဧကန်ဖြစ်ပါ၏။
ဤမှန်သောသစ္စာစကားကြောင့် သေသည့်နောက်
နတ်ပြည်သို့ ရောက်ရှိခံစားရပါစေသတည်း။
ထိုသို့ အနှစ်သာရကင်းမဲ့ ပေါ့ပျက်သောစကားများဖြင့်
မတရားလောဘထား၍ ပြုအပ်သော သစ္စာတရား
သည်ကား အကျိုးခံစားရန် အခွင့်အရေးဝေးလွန်းလှစွာ၏။
အကြောင်းရင်းခံက ကောင်းသည်ဖြစ်စေ၊
မကောင်းသည်ဖြစ်စေ၊ မှန်ကန်စွာထုတ်ဖော်သော
စကားသည် သစ္စာမည်သည်လည်း ဟုတ်၏။
ထိုသစ္စာစကားကြောင့် အကျိုးခံစားရမည်မှာလည်း
ဧကန်ဖြစ်၏။

သို့ရာတွင် သစ္စာပြုသူ၏ ဆည်းပူးခဲ့သော အထုံပါရမီ၊
ကျင့်ကြံနေထိုင်သောအကျင့်စာရိတ္တအပေါ် များစွာ
မူတည်နေလေသည်။

သဒ္ဓဟာပနသစ္စာ၊ ဣစ္ဆာပူရဏသစ္စာ၊ မုသာဝိရမဏသစ္စာ
မည်သော သစ္စာသုံးပါးသည် မှန်ကန်သောစကားကိုသာ
ပြောဆိုရခြင်းဖြစ်၏။မှန်ကန်သောစကားကို
အလေးအမြတ်ထားသည့်သစ္စာဖြစ်ခြင်းကြောင့်လည်း
သစ္စာပြုသူသည် မုသာဝိရမဏသစ္စာ ဟူသော
မဟုတ်မမှန်စကားကိုရှောင်ကြဉ်၍ ဟုတ်မှန်သော
စကားကိုသာ ပြောဆိုတတ်သည့် အလေ့အကျင့်
အမြဲရှိနေသူဖြစ်ရပေသည်။

ရှေးသူတော်ကောင်းတို့၏နှလုံးသားသည် လွန်စွာ
ဖြူစင်သန့်ရှင်း ကောင်းမွန်မြင့်မြတ်ကြပြီး ဖြောင့်မတ်
မှန်ကန်ကြ၏။ ဦးခေါင်းပေါ် ဓားမိုးလျက် မုသားပြော
ရမည်ဟုခြိမ်းခြောက်စေသော်လည်း အသက်ကိုသာ
ဧကန်အမှန်အသေခံလိမ့်မည်။
မုသားစကားပြောလိမ့်မည်မဟုတ်ပေ။

မဟာသုတသောမ ဇာတ်တော်၌ ပေါရိသာဒအား
မဟာသုတသောမမင်း ပြောသောစကားရှိသည်။
- “လောက၌ စင်ကြယ်သောသီလရှိ၍ သေရခြင်းက
မြတ်သေး၏။ယုတ်မာသောသဘော ရှိပြီး အသက်ရှင်
ရခြင်းသည် သူတစ်ပါးကဲ့ရဲ့အပ်သည်သာ ဖြစ်၏။
မမှန်မကန်ပြောဆိုသောစကားသည် သေသည်နောက်
အပါယ်ဒုဂ္ဂတိဘေးမှ ပြေးလွတ်မည်မဟုတ်ပေ။
ကောင်းကင်ကြီး ထက်ခြမ်းကွဲသွားပြီဆိုလျှင်လည်းကောင်း၊
မဟာသမုဒ္ဒရာကြီးခန်းခြောက်သွားပြီဆိုလျှင်လည်းကောင်း၊
မြင်းမိုရ်တောင်ကြီးပြိုလဲ သွားပြီ ဆိုလျှင်လည်းကောင်း၊
ယုံလိုက ယုံပါ။ မဟာသုတသောမမင်း မုသားပြောသည်ဟု
တစ်စုံတစ်ယောက်က ဆိုလာလျှင် မယုံပါလေနှင့်။

ထိုစကားကိုထောက်ခြင်းအားဖြင့် သူတော်ကောင်းတို့သည်
မှန်ကန်သော သစ္စာတရားကို မည်မျှအလေးအနက်
ထားကြောင်း ထင်ရှားလှသည်။
ပညာရှိ သူတော်ကောင်းတို့သည် မုသာဝါဒကို
ရှောင်ကြဉ်နိုင်ခြင်းတည်းဟူသော မုသာဝိရမဏသစ္စာကို
အမြဲစောင့်ထိန်းကျင့်ကြံကုန်ကြ၏။
ဟုတ်မှန်သော စကားကိုသာ ပြောဆိုတတ်ကြသည်။
မုသားသုံးရတော့ မည့်အခြေအနေသို့ကျရောက်လာပါက
လုံးဝမပြောဆိုတော့ဘဲ ဆိတ်ဆိတ်နေခြင်းဖြင့်
သစ္စာသဘောကို စောင့်ရှောက်ကြ၏။

ထို့ကြောင့် ရှေးသူတော်ကောင်းတို့ ခေတ်သည်
သစ္စာဝန်ထမ်းများ နေထိုင်ကြရာ သစ္စာနိုင်ငံကြီး ဖြစ်၍
သစ္စာစကား၊ သစ္စာတရားများ ထွန်းကားစည်ပင်လျက်
ရှိလေသည်။ သစ္စာတရား လက်ကိုင်ထားသူတို့အား
ကောင်းကျိုးချမ်းသာများစွာဖြစ်စေသကဲ့သို့ မုသာဝါဒ
တရားကြောင့်လည်း အပြစ်ဘေးဒဏ် ဒိဋ္ဌမြန်စွာ
ကျခံရလေသည်။

ယခုခေတ်၌ကား မုသားစကားကို ထမင်းစား၊ရေသောက်
ထည်လဲသုံးစွဲနေသူသာ များပြား၍လာကြရာ မုသားမပါ
လင်္ကာမချောဆိုသည့်စကားကို မြိန်မြိန်ယှက်ယှက်ကြီး
သုံးလျက် နေ့တဓူဝ လိမ်ညာနေရသည်ကိုပင်
အရသာတွေ့နေကြလေသည်။ ထိုသူတို့အား
အဘယ်မှာလျှင် သစ္စာ၏အစွမ်းအာနိသင် ထက်မြက်
စူးရှနိုင်ပါမည်နည်း။ အဘယ်သို့လျှင် သစ္စာကောင်းကျိုး
တိုးပွားချမ်းသာ ထင်ရှားနိုင်ပါမည်နည်း။

သစ္စာစကားကို တန်ဖိုးထားပါမှ သစ္စာတန်ခိုးဖြင့်
လိုရာအကျိုးကို မုချမှန်စွာရမည် ဖြစ်သောကြောင့်
သစ္စာဖြင့် ကောင်းကျိုးပြည့်ဝလိုသူတို့သည် မုသာဝါဒကံကို
လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ကြရမည်သာ
ဖြစ်ပေသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ဒုကူလ နှင့် ပါရိကာ၊ ဗဟုသုန္ဒရီ တို့၏သစ္စာ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သုဝဏ္ဏသာမဇာတ်တော်၌ အလောင်းတော်
သုဝဏ္ဏသာမသည် ပိဠိယက္ခမင်းကြီး၏ မြားချက်ကြောင့်
သတိမေ့မိန်းမူးနေစဉ် ဒုကူလနှင့်ပါရိကာ မိဘနှစ်ဖြာမှ
ကြီးစွာသော စိုးရိမ်ပူပန်မှုတို့ဖြင့် သားအသက်ရှင်ဖို့အရေး
အလေးအနက်ထား၍ သစ္စာပြုကြလေသည်။

- ကျွန်တော်မျိုးမ၏သား သာမသည် တရားကိုသာ ကျင့်၏။
မြတ်သောအကျင့်ကိုသာ ကျင့်၏။ မှန်သောစကားကိုသာ
ဆို၏။ မိဘတို့အား ပြုစုလုပ်ကျွေး၏။
အမျိုးထဲမှကြီးသူတို့အား ရိုသေ၏။
သာမကို ကျွန်တော်မျိုးမအသက်ထက် ပိုချစ်၏။
ကျွန်တော်မျိုးမတို့ မိဘနှစ်ဦး၏ကောင်းမှုကုသိုလ်
အလုံးစုံကြောင့် သာမ၏ အဆိပ်သည်
ပျောက်ကင်းပါစေသတည်း။
အမှန်တကယ်ပြုခဲ့သောအမှုကို အမှန်အတိုင်း ထုတ်ဖော်
ပြောဆို၍ မိမိတို့အလိုလားဆုံး၊ သုဝဏ္ဏသာမ၏
အသက်ရှင်မှုကိုတောင့်တကြသော ဣစ္ဆာပူရဏသစ္စာ
ဖြစ်၏။မိခင်ပါရိကာ သစ္စာပြုအပြီးတွင် အလောင်းတော်
သုဝဏ္ဏသာမသည် ဘယ်ညာပြောင်း၍အိပ်စက်၏။
ဖခင်ဒုကူလကလည်း မိခင်နည်းတူ သစ္စာပြုလေလျှင်
အလောင်းတော်သည် နံပါးတစ်ဖက်ဖြင့် ပြောင်းလဲ
အိပ်စက်ပြန်၏။ လုံးလုံးလျားလျားသတိမရသေးချေ။
ထိုအခါ အလောင်းတော်၏ခုနစ်ဘဝမြောက်က
မိခင်ဟောင်းဖြစ်ခဲ့သူ ဗဟုသုန္ဒရီနတ်သမီး ရောက်လာပြီး
သစ္စာပြုပြန်၏။

- ကျွနု်ပ်သည် ဟိမဝန္တာ၌ ကာလကြာမြင့်စွာ နေထိုင်
ခဲ့သော်လည်း သာမထက်ပို၍ ချစ်သောသူတစ်ဦးမျှ မရှိခဲ့။
ကျွနု်ပ်နေထိုင်ရာ ဂန္ဓမာဒနတောင်မှ သစ်ပင်ဟူသမျှ
တို့သည် နံ့သာပင်ချည်းဖြစ်၏။ ဤသစ္စာစကားကြောင့်
သာမ၏ အဆိပ်ပျောက်ကင်းပါစေသတည်း။

ထိုသို့ သုံးဦးသုံးလီ သစ္စာညီသဖြင့် အလောင်းတော်
သုဝဏ္ဏသာမသည် မြားဆိပ်ကင်းပျောက် ချမ်းသာခြင်းသို့
ရောက်ရှိသွားရလေသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“သိဝိမင်း၏ သစ္စာ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အလောင်းတော်သိဝိမင်းကြီးသည် အလှူဒါန စွန့်ကြဲ
လှူဒါန်းရာ၌ မရောင့်ရဲနိုင်ရကား ကိုယ်အင်္ဂါအစိတ်
အပိုင်းကိုပင် လှူရန် စိတ်အကြံဖြစ်လေသည်။
ထိုအခါ သိကြားမင်းသည် မျက်မမြင်ပုဏ္ဏားအသွင်
ဆောင်လျက် မင်းကြီးထံ မျက်လုံးအလှူခံလာသောအခါ
အားရ ဝမ်းသာပီတိဖြာလျက် နှစ်ဖက်သောမျက်စိကို
ထုတ်၍ ရက်ရောစွာ လှူဒါန်းတော်မူသည်။

မျက်စိနှစ်ကွင်းအလင်းမရတော့သည့် သိဝိမင်းကြီးသည်
ထီးနန်းအုပ်ချုပ်မင်းလုပ်ရန် မစွမ်းနိုင်တော့သဖြင့်
နန်းတော်ဆောင်မှဆင်းသက်တော်မူ၍ ဥယျာဉ်တော်တွင်း၌
နေထိုင်တော်မူ၏။ထိုအခါ သိကြားမင်း ရောက်လာပြီး
လိုရာဆုကို တောင်းစေ၏။ မင်းကြီးက မျက်စိမမြင်တော့သဖြင့်
သေခြင်းကိုသာ အလိုရှိကြောင်းပြောရာ သစ္စာပြုပြီးလျှင်
သစ္စာအစွမ်းဖြင့် မျက်စိပြန်မြင်ရလိမ့်မည်ဟုသိကြားမင်းက
အကြံပေးခဲ့၏။မင်းကြီးလည်း သိကြားမင်း၏အကြံပေးချက်ကို
ယုံကြည်စွာဖြင့် သစ္စာပြုလေသည်။

- “ကျွနု်ပ်ထံသို့လာကြသော အလှူခံတို့အားလည်းကောင်း၊
အလိုရှိရာကို တောင်းရမ်းသူတို့အား လည်းကောင်း
ကျွနု်ပ်သည် ချစ်ခင်နှစ်သက်ပါ၏။ ဤသစ္စာစကားကြောင့်
ကျွနု်ပ်၏မျက်လုံးသည် ကောင်းစွာမြင်ရပါစေသတည်း။
ထိုသစ္စာပြုချက်ဖြင့် မင်းကြီး၏မျက်လုံးတစ်ဖက်သည်
ပြန်မြင်ရ၏။
-မျက်မမြင်ပုဏ္ဏားသည် ကျွနု်ပ်ထံ မျက်လုံးအလှူခံလာ၏။
ထိုမျက်မမြင်ပုဏ္ဏားအား မျက်စိနှစ်ခုစလုံးပင်လှူဒါန်းခဲ့ပါ၏။
ထိုသို့လှူဒါန်းရသောကြောင့် ကျွနု်ပ်၏ စိတ်၌ နှစ်သက်
ရွှင်လန်းဝမ်းမြောက်ဝမ်းသာ ရှိလှ၏။
ဤသစ္စာစကားကြောင့် ကျန်မျက်လုံးတစ်ဖက်သည်
ထင်ရှားစွာမြင်ရပါစေသတည်း။
ဒုတိယသစ္စာပြုချက်ကြောင့် ကျန်နေသော မျက်လုံး
တစ်ဖက်လည်း ထင်ရှားစွာဖြစ်ပေါ်လျက် သိဝိမင်းကြီးသည်
မျက်စိနှစ်ကွင်း အလင်းပြန်ရသွားလေသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“သမ္ဗုလ၏ သစ္စာ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဗုလ၊ တော်လေးဝဟုဆိုလျှင်
မိန်းမမြတ် စာရင်းဝင်များအဖြစ် ထင်ရှားကြလေသည်။
လင်ယောကျာ်းအပေါ် သစ္စာစောင့်သိသော၊
အလုပ်အကျွေးပြုအပ်သော မိန်းမမြတ်များဖြစ်ကြ၏။
သမ္ဗုလသည် ဗြဟ္မဒတ်မင်း၏သားတော်
သောတ္ထိသေနမင်း၏ ကြင်ယာတော် ဖြစ်၏။
ကိုယ်ရောင် ထွန်းတောက်၍ မြတ်သောအဆင်းရှိ၏။
သောတ္ထိသေနမင်းမှာ နူနာရောဂါ စွဲကပ်သောကြောင့်
ထီးနန်းကို စွန့်၍ မြို့တော်မှထွက်ခွာခဲ့လေရာ
သမ္ဗုလသည်လည်း နောက် တော်ပါးမှတစ်ဖဝါးမခွာပင်
လိုက်ပါခဲ့လေသည်။

တောတွင်းသို့ရောက်သောအခါ သမ္ဗုလသည် သစ်သီးဝလံ
ရှာဖွေကျွေးမွေးခြင်း၊ ရေပူရေချမ်း ကမ်းလှမ်းခြင်းဖြင့်
ဝတ်ကြီးဝတ်ငယ်ပြုလျက်နေလေ၏။ တစ်နေ့တွင်
သစ်သီးရှာဖွေရန် ထွက်ခွာသွားစဉ် တောလမ်းခရီး၌
တာနောဘီလူး နှောင့်ယှက်သဖြင့် နေဝင်ချိန်ပြီးမှ
နောက်ကျစွာပြန်ရောက်လာ၏။ထိုအခါ
သောတ္ထိသေနမင်းသည် သမ္ဗုလအား သံသယစကားဖြင့်
စွပ်စွဲပြောဆိုလေ၏။

သမ္ဗုလသည် အဖြစ်မှန်ကို ရှင်းပြပါသော်လည်း
မယုံကြည်နိုင်အောင် ဖြစ်ရသောကြောင့် သောတ္ထိသေနမင်း
ယုံကြည်စေရန် သမ္ဗုလသည် ရေပြည့်သော ရေအိုး
တစ်လုံးကိုယူ၍ သစ္စာပြုလေ၏။
-ကျွနု်ပ်သည် အရှင့်သားမှတစ်ပါး သာလွန်၍ ချစ်ရသောသူ
မရှိပါ။ဤမှန်သောသစ္စာစကားကြောင့် အရှင့်သား၏
ရောဂါဝေဒနာသည် ပျောက်ကင်းပါစေသတည်း။
သမ္ဗုလ သစ္စာပြုပြီးသည်နှင့် ရေအိုးထဲမှရေကို
သောတ္ထိသေနမင်း၏ ဦးခေါင်းပေါ်သို့လောင်းချ
လိုက်လေသည်။ တစ်ခဏအတွင်းမှာပင် သောတ္ထိ
သေနမင်းတွင် စွဲကပ်နေသော နူနာရောဂါဝေဒနာသည်
ပျောက်ကင်းခြင်းသို့ ရောက်လေ၏။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ဇဂ္ဂန၏ သစ္စာ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီး နောက်ပိုင်း
သီဟိုဠ်ကျွန်းတွင် မိန်းမတစ်ဦးရောဂါဖြစ်ရာ ဆေးကု
ဆရာသမားက ယုန်သားစိမ်းရလျှင် ကောင်းမည်ဟုဆို၏။
ထိုမိန်းမ၌ သားနှစ်ယောက်ရှိရာ သားကြီး ဖြစ်သူက
သားငယ်ဖြစ်သူအား ယုန်ရှာရန် စေခိုင်း လေသည်။
သားငယ် ဇဂ္ဂနသည် အစ်ကို စေခိုင်းသောကြောင့်
ယုန်ရှာရန် တောသို့ ထွက်လာရလေသည်။
တောစပ်သို့ ရောက်သောအခါ ယုန်တစ်ကောင်သည်
ဇဂ္ဂနကိုမြင်သဖြင့် ကြောက်လန့်စွာထွက်ပြေးရာ နွယ်ပင်၌
ငြိနေလေတော့၏။ ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်
မြည်ကြွေး ရုန်းကန်နေသော ယုန်ကို ဖမ်းပြီးနောက်
ဇဂ္ဂနသည် ဆင်ခြင် စဉ်းစားလိုက်၏။

မိခင်၏ အသက်ကိုမသေစေလို၍ ယုန်ငယ်ကိုသတ်မည်
ဆိုပါက တရားနည်းလမ်းမကျဟုဆင်ခြင်မိပြီး ယုန်ငယ်ကို
ပြန်လွှတ်လိုက်လေသည်။
ဇဂ္ဂနအိမ်သို့ပြန်ရောက်သောအခါ အဖြစ်မှန်အတိုင်း
ပြောပြလေရာ အစ်ကို၏ဆူပူကြိမ်းမောင်းခြင်းကို
ခံရတော့၏။ ထိုအခါ ဇဂ္ဂနသည် မိခင်အနီးသို့ချဉ်းကပ်
လာပြီး -
-ကျွနု်ပ်သည် လူဖြစ်သည်မှစပြီး သေစေလိုသည့် စိတ်ဖြင့်
သတ္တဝါကို သတ်ဖူးသည် မရှိပါ။ ဤ သစ္စာစကားကြောင့်
ကျွနု်ပ်၏မိခင်သည် ကျန်းမာချမ်းသာပါစေသတည်း။
ဇဂ္ဂန သစ္စာဆိုပြီးသည့်ခဏမှာပင် မိခင်ကြီး၏ ရောဂါ
ပျောက်ကင်းလျက် ကျန်းမာချမ်းသာခြင်းသို့
ရောက်လေသည်။

ထိုသို့သောအကြောင်းအရာတို့သည် ဣစ္ဆာပူရဏ သစ္စာ
ပြုချက်များဖြစ်၏။ ထိုသစ္စာပြုချက်ကို သေရေး၊ရှင်ရေးတမျှ
အရေးကြီးလှသောအကြောင်းတစ်စုံ တစ်ရာ
ပေါ်ပေါက်မှသာလျှင် အသုံးပြုသင့်၏။
အကြောင်း ထူးမရှိဘဲ အလွယ်တကူ လိုရာစွဲသုံး
သဘောမျိုးမလုပ်သင့်ပေ။ လုပ်ပါကလည်း မည်သည့်
အကျိုးအာနိသင်မှ ရမည်မဟုတ်ပါချေ။

ပညာရှိသူတော်ကောင်းတို့ကား လောက၌ သစ္စာနှင့်
တူသော မှီခိုအားထားရာသည် မရှိဟု နှလုံးသွင်းကြကုန်၏။
သစ္စာသည် သူတော်ကောင်း ပညာရှိတို့၏ အသက်
သွေးကြော ပမာလည်းဖြစ်၏။ မုသားပြောဆိုမှုကို
အသက်နှင့်လဲ၍ပင် ရှောင်ကြဉ်ကြကုန်၏။
ထို သူတော်ကောင်းတို့သည် အလေ့အကျင့်ဖြင့်
ထုံမွှန်းအပ်သော သစ္စာ၏အစွမ်းဖြင့် အရေးကြုံ၍
လိုအပ်လာပါက လိုရာဆန္ဒပြည့်ဝကြစေကုန်၏။

ယေကေစိ မေ အတ္ထိရသာ ပထဗျာ၊
သစ္စံ သာဓုတရံ ရသာနံ။
မြေပြင်တစ်ဝှမ်းရှိ အလုံးစုံသော အရသာဟူသမျှတို့တွင်
သစ္စာသည် အကောင်းမြတ်ဆုံးအရသာဖြစ်၏။
-【ဥက္ကလာမြင့်သန်းအောင်】
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
Posted by►
www.facebook.com/youngbuddhistassociation.mm