“ဟောသည်စာက အထက်ချင်းတွင်း မင်းကင်းမြို့နယ်၊
ကျွဲကျကျောင်းဆရာတော် ဦးဓမ္မသာမိရဲ့
လျှောက်လွှာပါဘုရား။”

“ဦးဓမ္မသာမိ လျှောက်ထားတာက ဘုရားရှိခိုးခြင်းရဲ့
အကျိုးတရားများကို အမှတ်မထင် တွေ့ဖူးပါသတဲ့။
သို့သော်လည်း ဘယ်ဆီမှာ တွေ့ဖူးတယ်ဆိုတာ
အမှတ်မရတော့ပါဘူးတဲ့။ယခုအခါ ဘုရား
ရှိခိုးချင်သူတွေ တစ်စတစ်စ နည်းပါးလာပါသတဲ့။
သည်လိုနည်းပါးလာရခြင်းဟာ ဘုရားရှိခိုးခြင်းရဲ့
အကျိုးကို မသိကြလို့ ဖြစ်ပါလိမ့်မယ်တဲ့။
ဒါကြောင့်ဗုဒ္ဓဘာသာဝင်များ ဘုရားရှိခိုးချင်စိတ်
ဖြစ်ပွားလာအောင် ဘုရားရှိခိုးခြင်းရဲ့အကျိုးကို
ဖော်ပြပေးစေချင်ပါသတဲ့။အကယ်၍ ဖြစ်နိုင်မည်
ဆိုပါလျှင်လည်း ဘုရားရှိခိုးရသောအကျိုး
ဘွဲ့ - ဂါထာအနက်နှင့်တကွ ဝတ်အဖွဲ့ဝင် အမျိုးသမီးများ
ရွတ်ဆိုဖို့ရှစ်လုံးဖွဲ့ မြန်မာကဗျာကိုပါ ရေးသားချီးမြှင့်ပြီး
ဓမ္မဗျူဟာ စာစောင်မှတစ်ဆင့် ဖြန့်ဝေပေးတော်မူပါ
လို့လျှောက်ထားပါတယ် ဘုရား”

“ဘုရားရှိခိုးတယ်ဆိုတာ ကမ္မဋ္ဌာန်းတရား(၄၀)အနက်
ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းခြင်းဖြစ်တယ်ကွယ့်။
ဗုဒ္ဓနုဿတိကမ္မဋ္ဌာန်းဆိုတာ ဘုရားရှင်ရဲ့ဂုဏ်တော်ကို
စိတ်ဖြင့် အဖန်တလဲလဲ ဆင်ခြင်ခြင်းကို ဆိုလိုတာပဲ။
သို့သော် ဗုဒ္ဓဂုဏ်တော်ဆိုတာအလွန်နက်ရှိုင်းတယ်။
ဂုဏ်တော်ကို မကျက်မှတ် မရွတ်ဆိုဘဲ စိတ်ဖြင့်
ဆင်ခြင်ဖို့ မလွယ်ကူဘူး။ ဒါကြောင့် ဘုရားရှင် ဂုဏ်တော်တွေကို
ဦးစွာ ရအောင် ကျက်မှတ်ရတယ်။ ကျက်မှတ်ပြီးတော့
နှုတ်ကရွတ်ဆိုရတယ်။ နှုတ်က ရွတ်ဆိုရင်း စာမှာပါဝင်တဲ့
ဂုဏ်တော် ဆင်ခြင်တာကို ဘုရားရှိခိုးတယ်လို့ခေါ်တယ်။

ဂုဏ်တော်ကို ဆင်ခြင်ရင်း ၊ဘုရားရှိခိုးခြင်းဟာ အလွန်
အကျိုးများပါတယ်။ဂုဏ်တော်ဆင်ခြင်ရတဲ့အကျိုးတွေကို
ဝိသုဒ္ဓိမဂ်အဋ္ဌကထာ(ပ) ၂၀၆-မှာ သည်လို ပြထားသကွယ့်။”

“မိန့်တော်မူပါ ဘုရား”

(၁)။ဘုရားရှင်၌ ရိုသေခြင်း၊တုပ်ဝပ်ကျိုးနွံခြင်းရှိတယ်။
(၂)။(က)။ရတနာသုံးပါး၌ ယုံကြည်မှု၊ ကံ-ကံ၏
အကျိုး၌ ယုံကြည်မှု၊ သဒ္ဓါတရားတိုးပွားလာတယ်။
(ခ)။အမှတ်သတိ ကောင်းလာတယ်၊ မမေ့မလျော့ဘူး။
မရူးသွပ်နိုင်ဘူး၊ စိတ်ရောဂါ မဖြစ်နိုင်ဘူး။
(ဂ)။ဉာဏ်ပညာထက်မြက်လာတယ်။ဉာဏ်ထက်မြက်
လာလို့ စာကျက်လျှင် ရလွယ်တယ်။
စာကြည့်လျှင် မှတ်မိလွယ်တယ်။
(ဃ)။ကောင်းမှုတရားတိုးပွားလာတယ်။
ခန္ဓာကိုယ်အတွင်းမှာ ကုသိုလ်တရားတွေ ပွားများလာတယ်။
(၃)။ (က)။ နှစ်သက်ခြင်းပီတိတရား ဖြစ်ပွားလာတယ်။
(ခ)။နှစ်သက်ရုံမျှမက ဝမ်းသာခြင်းပါမောဇ္ဇတရားလည်း
တိုးပွားလာတယ်။
၄။ (က)။ ဘေးကြီးဘေးငယ် ရန်ကြီးရန်ငယ်တို့ကို
နှိမ်နှင်းနိုင်တယ်။မဟာရာဇဝင်မှာလာတဲ့မိဖုရားစောလုံဟာ
ဘုရားဂုဏ်တော် ထုံထားတော့ မီးမလောင်ဘူး။
ကောသလမင်းရဲ့ မိဖုရားကို မီးပုံတွင်းပစ်ချတော့
တောက်လောင်နေတဲ့မီးဟာ ငြိမ်းရတယ်။
ဒါကြောင့် ဘုရားရှင်ရဲ့ ဂုဏ်တော်ဟာ ဘေးရန်
အန္တရာယ်ကို နှိမ်နှင်းတယ်။
(ခ)။အကယ်၍ ဘေးရန်အန္တရာယ်နှင့် မလွှဲမရှောင်သာ
ကြုံဦးတော့ ကြုံလာတဲ့ ဘေးရန်အန္တရာယ်ကို
သည်းခံနိုင်စွမ်းရှိတယ်။
(၅)။မိမိကိုယ်ကို ဘုရားဂုဏ်တော်နှင့်ထုံထားတော့
ဘုရားရှင်နှင့်အတူ နေရသလိုအမှတ်ရတယ်။
(၆)။မိမိခန္ဓာကိုယ်ဟာ စေတီအိမ်လိုဖြစ်ပြီး၊
လူနတ်ဗြဟ္မာတို့ရဲ့ ပူဇော်ခြင်းကို ခံယူထိုက်တယ်။
(၇)။ ဘုရားဂုဏ်တော်ကို အာရုံပြုရင်း ဘုရားရှင်ရဲ့
ဂုဏ်တော်များ ဤမျှကြီးကျယ်ခမ်းနားလှပါကလား။
ငါလည်း ဤသို့သောဂုဏ်ပိုင်ရှင် ဘုရားဖြစ်ရန်
စိတ်ညွှတ်နိုင်တယ်။
(၈)။လွန်ကျူးအပ်တဲ့ ဒုစရိုက်မှုနှင့် မရှောင်သာမကွင်းသာ
တွေ့ကြုံသည့်တိုင်အောင်မိမိမျက်မှောက်မှာ ဘုရားရှင်ကို
မြင်ရသလိုဖြစ်ပြီး အရှက်အကြောက်ပေါ်လာကာ
ဒုစရိုက်က ရှောင်လွှဲနိုင်တယ်။
(၉)။အထက်မဂ်ဖိုလ်နိဗ္ဗာန်ကို မထိုးထွင်း
မသိမြင်နိုင်စေကာမူ သေသည်ရဲ့ အခြားမဲ့မှာဒုဂ္ဂတိဘဝကို
မလားနိုင်ဘူး။သုဂတိဘဝကိုသာ လားရောက်ဖို့ရှိတယ်။

ဘုရားရှိခိုးရတဲ့အကျိုးဟာ ယခုဘဝမှာပင် ခံစားနိုင်တဲ့
အကျိုးစိတ် ၁၃-ပါးရှိတယ်။ သည် ၁၃-ပါးကို တူရာ
ပေါင်းလိုက်လျှင်ပစ္စုပ္ပန် ဘုရားရှိခိုးရကျိုး ရှစ်ပါးရှိတယ်။
နောင်ဘဝ သုဂတိလားရတဲ့ အကျိုးတစ်ပါး
ထည့်လိုက်လျှင်ဘုရားရှိခိုးရတဲ့အကျိုးဟာ
ကိုးပါးရှိတယ်ကွယ့်။”

“မှန်ပါ၊ ဘုရားရှိခိုးရတဲ့အကျိုးကို မေးတဲ့ဦးဓမ္မာသာမိကို
ကျေးဇူးတင်လိုက်တာဘုရား”

“ဘာကြောင့်တုန်းကွယ့်”

“ဘာကြောင့်တုန်းဆိုတော့ တပည့်တော်များဟာ
ဘုရားကိုသာ ရှိခိုးနေကြတယ်။ဘုရားရှိခိုးရတဲ့အကျိုး
သည်မျှလောက် ကြီးမားမှန်းမသိဘူး။
ယခု ဦးဓမ္မာသာမိ မေးမှပဲ ရှင်းရှင်းလင်းလင်း သိရတော့တယ်။
ဒါကြောင့် ဦးဓမ္မသာမိ ကိုအလွန် ကျေးဇူးတင်ပါတယ်။
ဦးဓမ္မာသာမိ လျှောက်ထားတဲ့ ဘုရားရှိခိုးသော
အကျိုးဂါထာ ပါဌ်အနက်နှင့် မြန်မာကဗျာကိုလည်း
ရေးဖွဲ့ပေးတော်မူပါဦး ဘုရား”

“အေး-အေး၊ ရေးရသေးတာပ”

“ဘုရားရှိခိုးရသောအကျိုး လေးပါးဂါထာပါဌ်အနက်”
••••••••••••••••••••••••••••••••••••••••••••••••••••••••
(၁)။ ဗုဒ္ဓါနုဿတိနုယုတ္တော၊သဂါရဝေါ သပတိေဿာ။
သဒ္ဓါသတိပညာပုညံ၊ဝေပုလ္လံ အဓိဂစ္ဆာတိ။
(၂)။ ပီတိပါမောဇ္ဇဗဟုလော၊ ဘယဘေရဝပသယှော။
ဒုက္ခာဓိဝါသနသမတ္ထော၊သတ္ထာရာ သံဝါသသညံ။
(၃)။စေတိယံဝ ပူဇာရဟံ၊ ဗုဒ္ဓဘာဝဥ္စ နမတိ။
ဟိရောတ္တပ္ပံပစ္စုဋ္ဌာတိ၊ သုဂတိ သမ္ပရာယနော။
(၄)။တသ္မာ ဟဝေ အပ္ပမာဒံ၊ ကယိရာထ သုမေဓသော။
ဧဝံမဟာနုဘာဝါယ၊ ဗုဒ္ဓါနုဿတိယာ သဒါတိ။

(၁)။ ဗုဒ္ဓါနုဿတိနုယုတ္တော - ဗုဒ္ဓ၏ ဂုဏ်
ကိုယ်လုံးထုံလျက် ယုံကြည်မြတ်နိုး ရှိခိုးဆည်းကပ်
အားထုတ်တက်သော ပုဂ္ဂိုလ်သည်၊
သဂါရဝေါ -ဂုဏ်တော်ကိုးပါး မြတ်စွာဘုရား၌ စိတ်ထား
ညွှတ်အိ ရိုသေခြင်းရှိ၏။
သပတိေဿာ-ကိုယ်ရောနှုတ်ပါ လွန်စွာမြတ်နိုး
ရှိခိုးကျိုးနွံခြင်းလည်း ရှိ၏။
သဒ္ဓါသတိပညာပုညံ - သဒ္ဓါတရား၊ သတိတရား၊
ပညာတရား၊ကောင်းမှုကုသိုလ်တရားသည်၊
ဝေပုလ္လံ- ကောင်းကင်အလားထင်ရှားပြန့်ပြောခြင်းကို၊
အဓိဂစ္ဆာတိ- ရနိုင်၏။

(၂)။ ပီတိပါမောဇ္ဇဗဟုလော - နှစ်သက်ခြင်းတည်းဟူသော
ပီတိတရား၊ ဝမ်းမြောက် ခြင်းတည်းဟူသော
ပါမောဇ္ဇတရားသည်လည်း များစွာဖြစ်ပွားနိုင်သည်။
ဟောတိ - ဖြစ်၏။
ယဘေရဝပသယှော - ဘေးကြီးဘေးငယ် ရန်ကြီး
ရန်ငယ်အသွယ်သွယ်တို့ကို နှိပ်နယ်နိုင်နင်းသည်။
ဟောတိ-ဖြစ်၏။
ဒုက္ခာဓိဝါသနသမတ္ထော - ဆင်းရဲဒုက္ခကြုံတွေ့ကလည်း
ဓမ္မနှလုံးသွင်း သည်းခံခြင်းငှာ စွမ်းနိုင်သည်။
ဟောတိ-ဖြစ်၏။
သတ္ထာရာ - သက်တော်ထင်ရှားမြတ်စွာဘုရားနှင့်၊
သံဝါသသညံ - အတူတကွနေထိုင်ရသည်ဟူသော
အမှတ်ကို၊
ပဋိလဘတိ -ရလေ၏။

(၃)။ စေတိယံဝ- ဗုဒ္ဓစံပျော် စေတီတော်ကဲ့သို့၊
ပူဇာရဟံ - ပူဇော်အထူးကို ခံယူခြင်းငှာထိုက်သည်၊
ဟောတိ-ဖြစ်၏။
ဗုဒ္ဓဘာဝဥ္စ- သမ္မာသမ္ဗုဒ္ဓလောကသကျင်္စ်
ဘုရားအဖြစ်ကိုလည်း၊
နမတိ-စိတ်ညွှတ်၏။
ဟိရောတ္တပ္ပံ-မကောင်းမှု ဒုစရိုက်မှာ ရှက်ခြင်း၊
ကြောက်ခြင်းသည်၊
ပစ္စုဋ္ဌာတိ-ရေးရှုထင်၏။
သုဂတိ သမ္ပရာယနော- ယခုဘဝမဂ်ဖိုလ်မရသော်လည်း
မရဏဖျက် ခန္ဓာပျက်ခဲ့လျှင် အထက်သုဂတိလျှင်
လဲလျောင်းရာရှိသည်။
ဟောတိ-ဖြစ်၏။

(၄)။ တသ္မာ - အကျိုးတရား ထိုသို့များသောကြောင့်၊
သုမေဓသော- ကြောင်းကျိုးမြင်သိ ပညာရှိ
သူတော်ကောင်းသည်၊
ဧဝံ-ဤသို့ဆိုအပ်ခဲ့ပြီးသည့် အတိုင်း၊
မဟာနုဘာဝါယ- ကြီးမြတ်သော အာနုဘော်ရှိသော၊
ဗုဒ္ဓါနုဿတိယာ- ဘုရားဂုဏ်၌ လွှမ်းထုံမြတ်နိုး
လက်စုံမိုး၍ ရှိခိုးခြင်း ဗုဒ္ဓါနုဿတိတရား၌၊
ကယိရာထ-လုံ့လကြိုးကုတ်စွမး်အားထုတ်၍
ပြုလုပ်လိုက်ကြကုန်ရာသတည်း။
(ဂါထာပါဌ် အနက်ပြီး၏။)

“ဘုရားရှိခိုးရသောအကျိုး-ရှစ်လုံးဘွဲ့ကဗျာ”
•••••••••••••••••••••••••••••••••••••••••••••••
(၁)။မြတ်ဘုရား၌၊ ဝတ်တွားရိုသေ။
သဒ္ဓါ, သတိ၊ ဓိတိပုညေ။
နေ့စဉ်ပွားလို့၊ ပယ်ရှားကိလေ။
နှစ်သက်ခြင်း၊ ရွှင်ခြင်းပါမောဇ္ဇေ။

(၂)။ဘေးနှင့်ရန်မျိုး၊ ပယ်ချိုးနိုင်သလေ။
ဆင်းရဲကြုံလည်း၊ ခံသည်းမသွေ။
မြတ်ဗုဒ္ဓနှင့်၊ တကွတူနေ။
ပူဇော်ထူး၊ ညွှတ်ဦးခံထိုက်ပေ။

(၃)။ဗုဒ္ဓစင်စစ်၊ ဖြစ်လိုက်ချင်သလေ။
ရှက်ကြောက်နှစ်ပါး၊ ထင်ရှားပေါ်ချေ။
သေမှာမကြောက်၊ ဆိုက်ရောက်နတ်ပြေ(ပြည်)။
ရှိ-ရှိခိုး၊ ကောင်းကျိုးအထွေထွေ။

(၄)။မြတ်ဗုဒ္ဓအား၊ ဝတ်တွားကော်ရော်။
ရှိခိုးရကျိုး၊ ကိုးမျိုးဖွင့်ဖော်။
ဝိသုဒ္ဓိကျမ်း၊ ရွှင်လန်းအလျော်။
ကဗျာဖွင့်၊ ဉာဏ်ဖြင့်ရှုကာမျှော်။
“သာဓု - သာဓု - သာဓု”
-【အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ထီးချိုင့်မြို့-
တည်တောဆရာတော်ဘုရားကြီး ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ】