“ဟောဒီစာက ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့က
မေးလျှောက်တဲ့ စာလွှာဖြစ်ပါတယ်။
တပည့်တော် ဖတ်လျှောက်ပါရစေဘုရား။”

၁။ တပည့်တော် လျှောက်ထားပါသည်။
(က)။ မြတ်စွာဘုရား မြန်မာနိုင်ငံသို့ ကြွရောက်ခြင်း
ရှိ၊မရှိ။
(ခ)။ ကြွရောက်လျှင် အကြိမ်ပေါင်း မည်မျှ
ကြွရောက်သည်ကို သိလိုပါသည်။

၂။ သီရိဓမ္မာသောကမင်းကြီး စပါးကြီးမြွေဖြစ်၍
သားတော် ရှင်မဟာမဟိန္ဒ ကြွရောက်၍ချွတ်ရကြောင်း
ကြားဖူးပါသည်။ထိုကား ဟုတ်,မဟုတ်။
သီရိဓမ္မာသောကမင်းကြီး အကျွတ်တရားရ၊
မရ သိလိုပါသည် ဘုရား။
(ဦးအောင်၊အမှတ်(၄) ရပ်ကွက်၊
မိုင်းကိုင်မြို့၊ရှမ်းပြည်တောင်ပိုင်း)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“မြန်မာနိုင်ငံသို့ ဘုရားရှင် ကြွ၊မကြွ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ဦးအောင်ရဲ့ အမေးက နှစ်ခုကိုးကွယ့်။”

“မှန်ပါ အမေးနှစ်ခု ဖြစ်ပါတယ် ဘုရား။”

“ပါဠိတော်၊အဋ္ဌကထာ၊ဋီကာများမှာတော့ မြန်မာနိုင်ငံသို့
ဘုရားရှင်ကြွတော်မူကြောင်း ဖွင့်ပြထားတာမတွေ့ဖူးဘူး။
သို့သော်လည်း သာသနာလင်္ကာရစတဲ့
မြန်မာစာတမ်းတွေမှာတော့ မြန်မာနိုင်ငံသို့ ဘုရားရှင်
အကြိမ်ကြိမ် ကြွရောက်တော်မူကြောင်း
ဖော်ပြထားတယ်ကွယ့်။”

“မှန်ပါ - အမိန့်ရှိပါဦး ဘုရား။”

-“အရှင်မဟာပုဏ္ဏမထေရ် ပင့်ဖိတ်လို့ ဘုရားရှင်
သုနာပရန္တတိုင်း ဝါဏိဇရွာသို့ ကြွတော်မူကြောင်း၊
-ဝါဏိဇရွာက နမ္ပဒါမြစ်ကမ်းသို့ ကြွပြီးး၊
နမ္ပဒါနဂါး တောင်းပန်လို့ အောက်စက်တော်ရာကို
ချကြောင်း၊
-အဲဒီက သစ္စဗန္ဓတောင်ကို ကြွသွားပြီး သစ္စဗန္ဓ
ရဟန်းတော် တောင်းပန်တဲ့အတွက်
အောက်စက်တော်ရာကို ချကြောင်း၊
ဥပရိပဏ္ဏာသ ပါဠိတော်နှင့် အဋ္ဌကထာမှာ
ပြထားတယ်။ဥပရိပဏ္ဏာသကဆိုတဲ့ သုနာပရန္တတိုင်း
ဆိုတာဟာ ယခု “လက်ကိုင်းအရပ်” ဖြစ်တယ်
လို့ မြန်မာစာတမ်းများမှာဆိုတယ်။

ကျိုက်ထီးရိုးသမိုင်းမှာလည်း ရာမညတိုင်း သထုံပြည်
သီဟရာဇာမင်းလက်ထက်ဘုရားရှင် ကြွလာဖူးကြောင်း
ပြဆိုထားတယ်။တကောင်းမြို့သမိုင်း၊ပုဂံမြို့သမိုင်းများ
မှလည်း ဘုရားရှင်ကိုယ် ကြွလာပြီး၊ဗျာဒိတ်ပေးကြောင်း၊
ဘုရားရှင် တန့်ရပ် ကြည့်ရှုတော်မူရာ တောင်ကို
ယနေ့အထိ တန့်ကြည့်တောင်လို့ ခေါ်ဝေါ်ကြကြောင်း၊
ပြဆိုထားတယ်။

မန္တလေးသမိုင်းမှာလည်း ဘုရားရှင်ကြွလာပြီး
မန္တလေးမြို့ကို ဗျာဒိတ်ပေးကြောင်း။စန္ဒမုခီဘီလူးမက
သားမြတ်ကို ဖြတ်လှူကြောင်း ပြဆိုထားတယ်။
ဒါကြောင့် မြန်မာစာတမ်းများအရ မြန်မာနိုင်ငံတော်သို့
ဘုရားရှင် အကြိမ်ကြိမ် ကြွတော်မူလာတယ်လို့
မှတ်သင့်တာပေါ့ကွယ်။”

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“သီရီဓမ္မာသောကမင်းကြီး”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“မှန်ပါ - ပထမပြဿနာကတော့ ပြေလောက်ပါပြီ။
ဒုတိယပြဿနာကိုလည်း အဖြေပေးတော်မူပါဦးဘုရား။”

“ဒုတိယပြဿနာက သီရိဓမ္မသောကမင်းကြီး စပါးကြီး
မြွေဖြစ်၊မဖြစ်။အကျွတ်တရား ရ၊မရပေါ့။ ဟုတ်လား”

“ဟုတ်မှတ်ကြောင်းပါ ဘုရား”

“သီရိဓမ္မာသောကမင်းကြီး အကြောင်းကို လေ့လာမယ်
ဆိုလျှင်အပိုင်းနှစ်ပိုင်း ခွဲပြီး လေ့လာရမယ်။
အပိုင်းနှစ်ပိုင်းဆိုတာ ငယ်စဉ်အရွယ်က အပိုင်းနှင့်
အသက်အရွယ် ကြီးလာတဲ့အပိုင်းပေါ့။

သီရိဓမ္မာသောကမင်းကြီးရဲ့ အမည်ရင်းက (အသောက)
တဲ့။အသောကဟာပဋိလိပုတ် ပြည့်ရှင် ဗိန္ဓုသာရမင်းကြီးရဲ့
သားတော်တစ်ပါးဖြစ်တယ်။ဗိန္ဓုသာရမင်းကြီးမှာမိဖုရား
အမြောက်အမြား သားသမီး အမြောက်အများ
ရှိရာက အသောကမင်းသားဟာ ဓမ္မာမိဖုရားရဲ့
သားတော်ဖြစ်တယ်။

အသောကာဒေါနဆိုတဲ့ သက္ကတကျမ်း စာအုပ်မှာတော့
အသောကမင်းရဲ့ မယ်တော်ဟာ ဥဒိန္ဒပုဏ္ဏားမျိုး
(သုဘဒ္ဒရံဂိဒေဝီ) အမည်ရှိတယ်လို့ ဖော်ပြထားတယ်။
အသောကမင်းမှာ မိတူဖတူ ညီအစ်ကို နှစ်ယောက်တည်း
ရှိတယ်။သူ့ညီနာမည်က တိဿလို့ခေါ်သတဲ့ကွယ်။
အသောကမင်းသား ငယ်ရွယ်စဉ်က ဥဇ္ဇေနီမြို့ကို
အပိုင်စားရတယ်။ဥဇ္ဇေနီမြို့စား ဘဝနှင့်နေရင်း
ဝေဒိဿကမြို့က သာကီဝင်မင်းမျိုး သူဌေးသမီး
ဝိဟာရဒေဝီကိုကောက်ယူခဲ့တယ်။
ဝိဟာရဒေဝီက “သားတော်မဟိန္ဒနှင့် သမီးတော်
သင်္ဃမိတ္တာ” တို့ကို ဖွားတယ်။

ဗိန္ဓုသာရ မင်းကြီးမှာ သားတော်ပေါင်း (၁၀၁)ပါးရှိရာမှ
အကြီးဆုံး သားတော်က သုမနမင်းသားဖြစ်တယ်။
အခါတစ်ပါး တက္ကသိုလ်နယ်မြေ ပတ်ဝန်းကျင်မှာ
သူပုန်သူကန်များထကြွတဲ့အတွက် သားတော်ကြီး
သုမနကို သူပုန်ရန် နှိမ်နှင်းဖို့ လွှတ်လိုက်တယ်။
ထိုအခိုက်ဗိန္ဓုသာရမင်းကြီး မကျန်းမမာ ဖြစ်တော်
မူလာတယ်။ ဒီအကြောင်း အသောကမင်းသား သိလို့
မိမိအခြံအရံဖြင့်နေပြည်တော်ကို ချီတက်လာပြီး
ခမည်းတော်ကို ပြုစုတယ်။ပြုစုနေရင်း ခမည်းတော်
နတ်ရွာစံတော်မူတဲ့အတွက်မှူးမတ်အများ သဘော
တူညီချက်နှင့် ပါဋလိပုတ် ထီးနန်းကို သိမ်းမြန်း
စိုးစံတော်မူတယ်၊ ဒီအကြောင်း အခြားသားတော်များ
သိတဲ့အခါ သမုဒ္ဒရာလှိုင်းတက်သလိုကြီးစွာသော
စစ်တပ်များဖြင့် ချီတက် လုပ်ကြံကြသော်လည်း
အသောမင်းရဲ့ ဘုန်းကံကို မမီဘဲအားလုံး
ကျဆုံးကြရသတဲ့။

အသောကမင်းဟာ ဘိသိက်တော်ခံယူပြီးတဲ့နောက်
အလွန် ဘုန်းတန်ခိုးတိုးတက်လာတဲ့အတွက် ကောင်းကင်
တစ်ယူဇနာ။ မြေအောက်တစ်ယူဇနာတိုင်အောင်
အာဏာတော် ပေါက်ရောက်သတဲ့။အသောက
မင်းကြီးဟာ တန်ခိုးအာဏာ ကြီးမားသလောက်
အလွန်လည်း ရက်စက်တော်မူသတဲ့။
ကလိင်္ဂတိုင်းကို တိုက်ခိုက်သိမ်းယူစဉ်က လူပေါင်း
တစ်သိန်းခွဲလောက် သတ်ဖြတ်ခြင်း ခံကြရတယ်။
လူတစ်သိန်းခွဲလောက်လည်း တိုင်းပြည်က
ထွက်ပြေးကြတယ်။သူ့ကို မနှစ်သက်တဲ့ အမတ်ငါးရာ
တို့ကိုလည်းကိုယ်တော်တိုင် သတ်တော်မူသတဲ့။
သူ့ကို ပြောင်လှောင်တယ်ထင်တဲ့ မင်းမောင်းမ
ငါးရာတို့ကိုလည်းထို့အတူ သတ်တော်မူသတဲ့။
ဒီလိုကြမ်းတမ်းလွန်းလို့ အသောကဆိုတဲ့ သူ့အမည်ရဲ့
ထိပ်က ကြမ်းတမ်းခြင်းအနက်ဟော စဏ္ဍသဒ္ဒါနှင့်
တွဲပြီး (စဏ္ဍသောက)လို့ ခေါ်ကြသတဲ့။
ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့မင်းကြီးဟာ
နောင်အခါ တူတော် နိဂြောဓသာမဏေ ဟောပြောတဲ့
အပ္ပမာဒတရားဖြင့် သတိတရား ရလာခဲ့ပြီး
ကုသိုလ်ဘက်ကို စိတ်ဓာတ် ယိမ်းယိုင်လာခဲ့သတဲ့။”

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“သီရိဓမ္မာသောက အမည်ရခြင်း”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အလွန်ကြမ်းတမ်းလို့ စဏ္ဍသောက ခေါ်ရာက
တရားရှင်သီရိဓမ္မာသောက ဖြစ်လာပုံကို
ဆက်ပြောရသေးတာပေါ့။”

“မိန့်တော်မူပါ ဘုရား။”

“အသောကမင်းကြီး နန်တက်တော်မူစက ဆန့်ကျင်ဘက်
ရန်သူများကို ညှဉ်းပန်းနှိပ်စက်ဖို့ အလွန်ကြောက်စရာ
ကောင်းတဲ့ ထောင်ကြီးတစ်ခု တည်ဆောက်ထား
သတဲ့။ ထောင်မှူးကြီးရဲ့ နာမည်က ဂီရိတဲ့။
အလွန် ကြမ်းကြုတ်ရက်စက်လွန်းလို့ (စဏ္ဍဂီရိ)လို့
ခေါ်ကြတဲ့၊တစ်ရက်တော့ သမုဒ္ဒဂုတ္တအမည်ရှိတဲ့
ရဟန်းတော်တစ်ပါး ထောင်အတွင်း ရောက်လာသတဲ့။
ဘာကိစ္စ ရောက်လာတယ်လို့တော့ဖော်ပြခြင်း
မရှိဘူး။

စဏ္ဍဂီရိ ထောင်မှူးကြီးဟာ ရဟန်းတော်ကို မြင်တော့
ဖမ်းယူပြီး သတ်မည်လုပ်တယ်။ရဟန်းတော်က ဒါယကာ
ငါ့ကို ယခု မသတ်ပါနှင့်။ခုနစ်ရက် နေခွင့်ပြုပါဦးလို့
တောင်းပန်သတဲ့၊ထောင်းမှူးက ရဟန်းတော်ရဲ့
စကားအတိုင်း ထောင်တွင်းမှာ (၇)ရက် ချုပ်ထားတယ်။
(၇)ရက်လွန်တော့အလွန်ကြီးမားတဲ့ ကြေးအိုးကြီး
အတွင်း ရေထည့်ပြီး မီးထိုးလိုက်တော့ ရေတွေ
တပွက်ပွက် ဆူလာတယ်၊ထောင်မှူးကြီးဟာ
မထေရ်ကို ဖမ်းချုပ်ပြီး ပွက်ပွက်ဆူနေတဲ့ ရေတွင်းက
လှည်းဘီးလောက်ကြီးမားတဲ့ကြာပွင့်ကြီး ပေါ်ပေါက်လာပြီး
မထေရ်ကို ခံယူသတဲ့။

ထောင်မှူးလုပ်သူလည်း ကြောက်ရွံ့ပြိးမင်းကြီးထံ
သွားရောက် သံတော်ဦးတင်တယ်။မင်းကြီးလည်း မှူးကြီး
မတ်ရာ သေနာ အခြံအရံဖြင့်လာရောက်ဖူးမြောက်တဲ့
အခါ ရဟန်းတော်က တရားဟောပြတဲ့အတွက်
ထောင်ကြီးကို ဖျက်ဆီးပြီး ဖမ်းထားသူအားလုံးကို
ပြန်လွှတ်သတဲ့။အဲဒီအချိန်ကစပြီး မင်းကြီးဟာ
သာသနာတော်အတွင်း သက်ဝင်ယုံကြည်ကာ
တရားဖြင့်အုပ်စိုးတော်မူလာလို့ (သီရိဓမ္မာသောက)
ဆိုတဲ့ အမည်ကို ရတာတဲ့ကွယ်။
ဒီနေရာမှာ ခတ္တရပ်ပြီးစဉ်းစားကြည့်ကြဦးစို့ရဲ့”

“ဘယ်လို စဉ်းစားကြည့်ရမှာလဲ ဘုရား”

“သီရိဓမ္မာသောကမင်းကြီးဟာ ကိုယ်တည်းတစ်ယောက်
ချမ်းသာရောက်ဖို့အတွက် မြောက်များစွာသော
သူတစ်ပါးအပေါ် ရက်စက်ခဲ့တယ်။ဖတူမိကွဲ ညီအစ်ကို
များကိုသော်လည်းရက်ရက်စက်စက် သတ်ခဲ့တယ်။
အပြစ်မဲ့တဲ့ တိုင်းသူပြည်သားတွေအပေါ် နိုင်လိုမင်းထက်
ရက်စက်ခဲ့တယ်။မင်းကြီး လွန်ကြူးးခဲ့တဲ့
အကုသိုလ်တွေဟာ နည်းတာမှ မဟုတ်ဘဲ။
ဒီအကုသိုလ်ကံတွေ နောင်ဘဝအကျိုး
မပေးနိုင်အောင် ယခုဘဝမှာ အရဟတ္တဖိုလ်
တည်သွားနိုင်လျှင် ကောင်းတယ်။

အရဟတ္တမဂ်က “ကုသလံ ကုသလံ ဇဟံ” ဆိုတဲ့
အတိုင်း အလုံးစုံသော ကုသိုလ်ကံအကုသိုလ်ကံတွေကို
ပယ်စွန့်နိုင်စွမ်းရှိတယ်၊ အရဟတ္တဖိုလ် မတည်သေး
လျှင်တော့ နောင်ဘဝ ကျန်လိမ့်ဦးမယ်။
နောင်တစ်ဘဝမှာ ဒီ အကုသိုလ်ကံတွေက
အကျိုးပေးမှာ ဧကန်ပဲ။

သီရိဓမ္မာသောကမင်းကြီးဟာ တတိယ သင်္ဂါယနာ
တင်ခဲ့တယ်။ စေတီပေါင်း ရှစ်သောင်းလေးထောင်၊
ကျောင်းပေါင်း ရှစ်သောင်းလေးထောင်
တည်ထားဆောက်လုပ်လှူဒါန်းခဲ့တယ်။
ဗုဒ္ဓသာသနာတော်အတွင်းမှာ အတုမရှိသော ဒါနရှင်
တစ်ဦးလည်းဖြစ်တယ်။သို့သော်မင်းတရားကြီး ပြုစု
အားထုတ်ခဲ့တဲ့ ကုသိုလ်အဆောက်အအုံဟာ ဘယ်လောက်
ကြီးကျယ်သော်လည်း အမှန်တကယ် သူရရှိတဲ့
ကုသိုလ်စိတ်က ကာမကုသိုလ်စိတ်မျှသာ ဖြစ်တယ်။
ကာမကုသိုလ်ကံဆိုတာ မဟဂ္ဂုတ်ကုသိုလ်၊
လောကုတ္တရာကုသိုလ်တို့ကို လေးသော ဂရုကံ
မဟုတ်ဘူး။ပေါ့သော လဟုကံမျှသာဖြစ်တယ်။
ပေါ့သောလဟုကံမျှသာဖြစ်လို့ ဂရုကံလို
ဒုတိယဘဝမှာ ဧကန် အကျိုးမပေးဘူး။
လဟုကံဖြစ်လို့ဒုတိယဘဝ ဧကန်အကျိုးမပေးနိုင်သော်
ဒုတိယဘဝ ဧကန် အကျိုးပေးနိုင်တဲ့ကံက ဘယ်ကံတုံး
ဆိုတော့အာသန္နကံ ဖြစ်တယ်ကွယ့်။”

“အာသန္နကံဆိုတာ ဘယ်လိုကံပါလဲ ဘုရား။”

“အာသန္နကံဆိုတာ သေခါနီးကာလမှာ အောက်မေ့
မိတဲ့ကံ၊သေခါနီး ပြုစုအားထုတ်မိတဲ့ကံကို
ဆိုလိုတယ်။
သီရိဓမ္မာသောကမင်းကြီး ကွယ်လွန်ပြီးတဲ့နောက်
ဘယ်ဘဝရောက်မည်လဲဆိုတာကို အာသန္နကံနှင့်
ချိန်းထိုးပြီး ကြည့်သင့်တယ်ကွယ့်။”

“ဘယ်လို ချိန်ထိုးကြည့်ရလဲ ဘုရား”

“ချိန်ထိုးကြည့်ဖို့ဆိုတာ ဒီလိုလေ၊ သီရိဓမ္မာသောက
မင်းကြီးသေခါနီးတော့ သူ့စိတ်မှာ ကုသိုလ်ပေါ်လာမလား။
အကုသိုလ်ပေါ်လာမလားဆိုတာ ချိန်ထိုးကြည့်ဖို့
ပြောတာပေါ့။”

“သီရိဓမ္မာသေကမင်းကြီးရဲ့ သေခါနီးစိတ်ကုသိုလ်-
အကုသိုလ် ဖြစ်တယ်လို့ ဘယ်လိုသိရမှာလဲ ဘုရား။”

“သိသင့်အကြောင်း ပြောရသေးတာပေါ့”

“အမိန့်ရှိပါဦး ဆရာတော်”

“လူတစ်ယောက်မှာ တစ်ဘဝတည်း၌ သော်လည်း
ကံဇာတာ တတ်တဲ့အခိုက် ၊ကျတဲ့အခိုက်လို့ ရှိမြဲပဲကွယ့်။
လောကဓံရှစ်ပါးကိုကြည့်လျှင် -
- တစ်ခါတစ်ရံအခြံအရံရှိတယ်၊
တစ်ခါတစ်ရံ အခြံအရံမဲ့တယ်။
-တစ်ခါတစ်ရံလာဘ်ပေါများတယ်။
တစ်ခါတစ်ရံ လာဘ်ရှားတယ်၊
- တစ်ခါတစ်ရံအချီးမွမ်းခံရတယ်၊
တစ်ခါတစ်ရံ အကဲ့ရဲ့ခံရတယ်။
- တစ်ခါတစ်ရံချမ်းသာတယ်၊
တစ်ခါတစ်ရံ ဆင်းရဲတယ်။

ဒါဟာလူတိုင်း တွေ့ကြုံရတတ်တဲ့ ဓမ္မာတာတရား
ပဲပေါ့၊သီရိဓမ္မာသောကမင်းကြီးလည်း ကံဇာတာ
တက်ချိန်က အလွန်တက်တယ်။မြေကြီးအောက်က
နဂါးကို ခေါ်နိုင်တယ်။တောတွင်း တိရစ္ဆာန်များက
လာရောက် အကူအညီပေးကြရတယ်။ကံဇာတာ
ကျချိန်ရောက်တော့ မင်းကြီးရဲ့တန်ခိုးအာဏာများ
ပျက်သုဉ်းလာတယ်။
ကိုယ်လုပ်သလို လုပ်လို့မရတော့ဘူး။

အိုဘေး နာဘေး ဆိုက်ရောက်လာတော့မကြာမီ
ငါ သေတော့မှာ ပါကလားလို့ သိလာတယ်။
မသေမီ ကုဋေတစ်ရာဖိုး လှူမယ်လို့ စိတ်ဆုံးဖြတ်ပြီး
ကုက္ကုဋာရုံကျောင်းတော်ကြီးဆီ နေ့တိုင်း အလှူတွေ
ဆက်နေတယ်။မင်းကြီး ဒီလိုသာလှူနေလျှင်မင်းဘဏ္ဍာ
ကျန်မှာ မဟုတ်လို့ နောင်တက်တဲ့မင်း အခက်
ကြုံတော့မယ် လို့ အာဏာရှိတဲ့အမတ်က မင်းကြီး
တောင်းတိုင်း မပေးဖို့ တားမြစ်လိုက်တယ်။
ယခင် ကိုယ်စိတ်ထင်သလို ပြုလုပ်လာခဲ့တဲ့ မင်းကြီးဟာ
ဒီလိုအတားအမြစ်ခံရတော့ အလွန် မကျေမနပ်
ဖြစ်သွားတယ်။ ဒါကြောင့် ဘဏ္ဍာထဲက မရလျှင်
ငါ့စားပေါ်ကရွှေခွက်တွေကို လှူမယ်ဆိုပြီး ရွှေခွက်တွေ
အားလုံး လှူလိုက်တယ်။ရွှေအိုး၊ ရွှေခွက် မရှိတော့
ငွေအိုး ငွေခွက်တွေ လှူပြန်တယ်။
နောက်တော့ မင်းကြီးရဲ့ စားပွဲပေါ်မှာ မြေအိုး ၊
မြေခွက်သာကျန်တော့တယ်။မင်းကြီးဟာ သူ့သဘော
အတိုင်း မဖြစ်တော့ အနတ္တသဘောကို မဆင်ခြင်နိုင်ဘဲ၊
ချုန်းချုန်းချငိုယိုပြီးတော့ သူ့ရဲ့ ကျွန်ယုံတော် ရာဓာဂုတ္တ
အမတ်ကြီးကို “ဘယ်သူဟာ ဤတိုင်းပြည်ကြီးရဲ့
ဘုရင် ဖြစ်သလဲ” လို့ မေးသတဲ့။
ရာဓာဂုတ္တက “အရှင်မင်းကြီးသာ ဤဇမ္ဗူဒိပ်ရဲ့
အရှင်သခင်ဘုရင်ဖြစ်ပါတယ်” လို့ သံတော်ဦးတင်တော့
မင်းကြီးက “ရာဓာဂုတ္တ - သင်ဟာ ငါ့ကို သနားသူ၊
ချစ်ခင်သူဖြစ်ပါလျက် ဘာကြောင့် လိမ်လည်
ပြောဆိုသလဲ၊ ငါဟာ ယခုအခါ မင်းမဟုတ်တော့ဘူး။
မင်းဘဝက ကျဆုံးသူဖြစ်ခဲ့ပြီ”လို့ ငိုယိုပြီး
ပြောသတဲ့ကွယ်။

နောက်ဆုံးမှာ မင်းကြီးဟာ ဘာမျှ လှူဒါန်းစရာမရှိတော့လို့
စားပွဲပေါ်မှာ ဓာတ်စာအဖြစ် တင်ထားတဲ့ သျှိသျှားသီးကို
ဆောင်ယူပြီး ကုက္ကုဋာရုံကျောင်းသံဃာတော်များကို
ကပ်လှူပါ၊ ကပ်လှူပြီးလျှင် သံဃာတော်များကို
“ဤဇမ္ဗူဒိပ်၏ ဧကရာဇ်ဖြစ်ဖူးသော သီရိဓမ္မာသောက
မင်းတရားကြီးသည် ယခုအခါ တန်ခိုးအာဏာနှင့်
ဘုရင်ဘဝမှ လျှောကျ၍ ခိုးကိုးရာမဲ့ဘဝသို့ ရောက်နေပြီ
ဖြစ်ကြောင်းလျှောက်ကြားလိုက်ပါ” လို့ မျက်ရည်
စက်လက်နှင့် မိန့်တော်မူပြီးအဲဒီညမှာပင် စံလွန်တော်
မူသတဲ့။မင်းကြီးဟာ ဘုန်းတန်ခိုးလည်း အလွန်
ကြီးမားတယ်၊ သာသနာတော်ကိုလည်းအလွန်
လေးစား ကြည်ညိုတယ်။
သို့သော် သေခါနီးစိတ်ဓာတ် မသန့်ရှင်းဘူး။

“စိတ္တေသံကိလိဋ္ဌေ ဒုဂ္ဂတိ ံ ပါဋိကင်္ခ ိတဗ္ဗာ” လို့
မူလပဏ္ဏာသပါဠိ ဝတ္တသုတ်မှာ ဘုရားရှင်ဟောတော်မူတဲ့
အတိုင်း သေခါနီး စိတ်ဓာတ်ညစ်ညူးခဲ့လျှင်
ဒုဂ္ဂတိဆိုတဲ့ အပါယ်ဘုံကို လားတတ်တယ်။
ဒါကြောင့် သီရိဓမ္မာသောကမင်းကြီး စပါးကြီးမြွေ
ဖြစ်တယ်ဆိုတာ ဖြစ်နိုင်ခွင့်ရှိတာပေါ့။

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ မြွေအန်တော်
ဆိုတဲ့ စေတီတစ်ဆူရှိတယ်။အဲဒီ စေတီဟာ
သီရိဓမ္မာသောကမင်းကြီး မြွေဘဝဖြင့်
သတ္တဝါတစ်ကောင်ကို ဖမ်းဆီးမျိုစဉ် သားတော်
ရှင်မဟာမဟိန္ဒ ကြွရောက် တရားဟောတဲ့အတွက်
မျိုထားတဲ့ သတ္တဝါကို ပြန်အန်တဲ့နေရာတည်ထားလို့
မြွေအန်တော် ခေါ်ကြောင်း ပြောကြတယ်။
ခိုင်ခိုင်မာမာကျန်းလာတဲ့ စကားတော့ မဟုတ်ပါဘူး။
သို့သော် ပုထုဇဉ်ဘဝဆိုတာ ဝိနိပါကဆိုတဲ့ ဖရိုဖရဲပြို
ကွဲကျရောက်တတ်တဲ့ အပါယ်ဘေးကြီးက ရှေ့မှာ
ကားဆီးလျက် ရှိနေတာမို့ ဖြစ်ချင်လည်း ဖြစ်နိုင်တယ်
လို့မှတ်တော့တာပေါ့ကွယ်။”

“မှန်ပါ - စပါးကြီးမြွေ ဖြစ်တယ်ဆိုတာ ရှိပေစေတော့။
သီရိဓမ္မာသောကမင်းကြီး အကျွတ်တရား ရ၊မရ
ဆိုတဲ့ ပြဿနာကိုလည်း တစ်ဆက်တည်း
ဖြေရှင်းပေးပါဦးဘုရား။”

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အသောကမင်းကြီး၏ နောက်ဆုံးဘဝ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“သီရိဓမ္မာသောကမင်းကြီး အကျွတ်တရား ရ၊မရ
နှင့်ပတ်သက်ပြီး ဝတ္ထုတစ်ပုဒ်ရှိတယ်ကွယ့်။”

“ဘာဝတ္ထုလဲဘုရာ့၊ အမိန့် ရှိတော်မူပါဦး”

“အင်္ဂုတ္တရပါဋိတော်၊ တိကနိပါတ်၊ စူဠဝဂ်မှာ
(တိဌာနသုတ်) ဆိုတာရှိတယ်၊ သုတ်ရဲ့ အဓိပ္ပာယ်က -

(၁) ။သီလဝန္တပုဂ္ဂိုလ်ကို ဖူးမြင်လိုခြင်း၊
(၂) ။သူတော်ကောင်းတရားကို နာလိုခြင်း၊
(၃) ။လွတ်လွတ် စွန့်ကြဲ ပေးကမ်း လှူဒါန်းလိုခြင်း-

ဤအကြောင်းတရား သုံးပါးတို့ဖြင့် ကြည်ညိုသူကို
(သဒ္ဓါတရားပြည့်စုံသူ) လို့ ဆိုရမည်တဲ့။
ဤအကြောင်းသုံးပါးအနက် ပထမအကြောင်းနှင့်
ပြည့်စုံသူအဖြစ်ပါဋလိပုတ်ပြည်သား ပုဏ္ဏားနှင့်
သဒ္ဓါတိဿမင်းကြီးကို အဋ္ဌကထာက ဥပမာ
ထုတ်ပြထားတယ်။

ပါဋလိပုတ်ပြည်သားပုဏ္ဏားဝတ္ထုက ပါဋလိပုတ်ပြည်
တံခါးဝဇရပ်မှာ နေကြတဲ့ ပုဏ္ဏားနှစ်ယောက်တို့ဟာ
နွယ်နက်မဏ္ဍပ်ကျောင်းမှာသီတင်းသုံးတော်မူတဲ့
“မဟာနာဂထေရ်” ဟာ အလွန် သီလစင်ကြယ်သူဖြစ်တဲ့
အကြောင်း သတင်းစကား ကြားကြတဲ့အတွက်
မဟာနာဂထေရ်ထံ သွားရောက်ဖူးမြော်ကြရအောင်
လို့ တိုင်ပင်ပြီး ပါဋလိပုတ်က ခရီးထွက်ခဲ့ကြရာ
ပုဏ္ဏားတစ်ယောက်ဟာ ခရီးပန်းပြီးလမ်းမှာ
ကွယ်လွန်ခဲ့တယ်။ပုဏ္ဏားတစ်ယောက်ကတော့
သမုဒ္ဒရာကို သဘောင်္စီးပြီး သီဟိုဠ်ကျွန်း အနုရာဓမြို့ကို
ရောက်လာတယ်။အနုရာဓမြို့ရောက်တော့ ရောဟဏ
ဇနပုဒ်မှာတည်ရှိတဲ့ နွယ်နက်ကျောင်း အရောက်သွားပြီး
မဟာနာဂထေရ်ကို ဖူးတယ်။ဖူးပြီး “အရှင်ဘုရား
အရပ် မြင့်လှပါတယ်” လို့ လျှောက်သတဲ့။
မထေရ်က “ငါ အရပ် မမြင့်ပါလား ဒကာ” လို့
မိန့်တော်မူတော့ “အရှင်ဘုရားရဲ့ ဂုဏ်အရပ်မြင့်လွန်း
လို့တပည့်တော် ဇမ္ဗူဒိပ်ပါဋလိပုတ်ပြည်က အဖူးအမြော်
လာရပါကြောင်း” လျှောက်ထားပြီး မထေရ်ရဲ့ ထံမှာ
သင်္ကန်းဝတ်ခဲ့တာ နှစ်ရက်၊သုံးရက်မျှနှင့် ရဟန္တာ
ဖြစ်သတဲ့ကွယ်။ဒါက ပထမဝတ္ထုအကြောင်းပေါ့။
ဒီဝတ္ထုအကြောင်းက ဆိုရေးရှိလို့သာ ဆိုလိုက်ရတယ်။
သီရိဓမ္မာသောကမင်းကြီးနှင့်ဘာမျှ မပတ်သက်ပါဘူး။
သီရိဓမ္မာသောကမင်းကြီးနှင့် ပတ်သက်တဲ့
ဒုတိယဝတ္ထုက သဒ္ဓါတိဿမင်းကြီးဝတ္ထု တဲ့ကွယ်။

“မှန်ပါ၊ မိန့်တော်မူပါ ဘုရား”

“တစ်ရက်မှာ သဒ္ဓါတိဿမင်းကြီးက ရဟန်းတော်များကို
လျှောက်သတဲ့။မင်းကြီး လျှောက်ထားပုံက
အရှင်ဘုရားတို့ တပည့်တော်ဟာ သီလပြည့်စုံ
စောင့်ထိန်းတဲ့ရဟန္တာပုဂ္ဂိုလ်ကို ရှိခိုး ဦးချချင်ပါတယ်။
အဲဒီလို ထူးမြတ်သော ပုဂ္ဂိုလ်ကြီးများရှိလျှင်
တပည့်တော်ကို ညွှန်ကြား ပြသပေးတော်မူကြပါတဲ့။”

ဒီအခါ ရဟန်းတော််များက “မင်းကြီး - မင်္ဂလာကျောင်းမှာ
သီတင်းသုံးတဲ့(ကုဋ္ဋတိဿမထေရ်)ဟာ မင်းကြီး
ရှိခိုးထိုက်တဲ့ ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်ပါတယ်” လို့
မိန့်ကြားတော်မူကြတယ်။မင်းကြီးဟာဒီ စကားကို
ကြားလျှင် လွန်စွာ နှစ်သက်ခြင်းရှိတဲ့အတွက် နန်းတော်ကို
မပြန်တော့ဘဲ အခြံအရံများစွာနှင့်ငါးယူဇနာ
ဝေးကွာတဲ့ မင်္ဂလာအရပ်ကို ရဟန္တာဖူး ကြွတော်မူသတဲ့။
သဒ္ဓါတိဿမင်းကြီး ကြွချီတော်မူလာတဲ့အတွက်
ဆင်သံ၊ မြင်းသံ၊ရထားသံ၊တူရိယာသံတွေဟာ
ဆူညံနေကြတယ်။ဒီအသံမျိုးစုံကို ကြားတော့
ကုဋ္ဋတိဿမထေရ်မြတ်ကဘာသံတွေလဲ လို့
မေးသတဲ့။

“အရှင်ဘုရားထံ အဖူးအမြော် ကြွလာတဲ့
သဒ္ဓါတိဿမင်းကြီးရဲ့အခြံအရံအသံများ ဖြစ်ပါတယ်”
လို့ လျှောက်ထားကြတယ်၊ ဒီလို လျှောက်ထား
ကြတော့မထေရ်ကြီးက ကြံသတဲ့ကွယ့်။

“မှန်ပါ၊ ဘယ်လိုများ ကြံပါသတဲ့လဲ ဘုရား”

“ငါဟာ အသက်အရွယ် ကြီးပြီ။
မင်း အကြည်ညိုခံရလို့ဘာမျှ အကျိုးမရှိဘူး။
ဒါကြောင့် မင်းအကြည်ညို ပျက်အောင် လုပ်မှ တော်မယ်
လို့ အဲဒီလို ကြံစည်တော်မူပြီး နေ့သန့်ရာဌာန
ညောင်စောင်းပေါ်အလျားမှောက်အိပ်ပြီး လက်ညှိုးနှင့်
မြေကြီးပေါ်လျှောက်ခြစ်နေဟန် ပြုသတဲ့။
သဒ္ဓါတိဿမင်းကြီးက ကုဋ္ဋတိဿ မထေရ်ကြီး
ဘယ်မှာလဲလို့ မေးတော့ ရဟန်းတော်များက
မထေရ်မြတ်ကို ညွှန်ပြသကြသတဲ့။မင်းကြီးဟာ
ရဟန်းတော်များ ညွှန်ပြတဲ့ မထေရ်မြတ်ကြီးကိုမြင်တော့
“ဟင်- ငါ့မှာ ရဟန္တာဆိုလို့ တပင်တပန်း အဖူးအမြော်
လာလိုက်ရတာ။ ရဟန္တာဆိုတာ လက်ဖောက်ပြန်ခြင်း
မရှိစကောင်းဘူး၊ ဒါဟာ ရဟန္တာ မဟုတ်ပါဘူး”
လို့ ရှိမခိုးဘဲ ပြန်သွားသတဲ့။

ဒီအခါ ရဟန်းတော်များက “အရှင်ဘုရား၊
သဒ္ဓါတရားရှိလို့ အဝေးကြီးကအဖူးမြော်လာရှာတဲ့
မင်းကြီးကို နှလုံးမသာမယာဖြစ်အောင် ဘာကြောင့်
ပြုပါသလဲ” လို့ လျှောက်ကြတယ်။
မထေရ်ကြီးက “ငါ့ရှင်တို့ - မင်းကြီးရဲ့ သဒ္ဓါတရားကို
စောင့်ရှောက်ခြင်းဟာ သင်တို့ရဲ့ တာဝန် မဟုတ်၊
ငါ့ရဲ့ တာဝန်သာဖြစ်တယ်၊ စောင့်ကြည့်ရစ်ကြပါ။”
လို့ မိန့်တော်မူသတဲ့။

ကုဋ္ဋတိဿမထေရ်ကြီး ပရိနိဗ္ဗာန် ဝင်စံချိန်နီးတော့
သံဃာတော်များကို စည်းဝေးစေပြီး “ငါ့ရဲ့အလောင်းတင်
ပြာသာဒ်အတွင်းမှာညောင်စောင်းတစ်ခုသီးသန့်
ခင်းထားကြပါ” လို့ မိန့်တော်မူသတဲ့။
သံဃာတော်များကခင်းထားပြီးကြောင်း လျှောက်ထား
ကြတော့ မထေရ်ကြီးက “ငါ့အလောင်းတင် ပြာသဒ်သည်
အတွင်း၌ မတည်မူ၍သဒ္ဓါတိဿမင်းကြီး ဖူးမြော်စဉ်
မြေသို့ကျပါစေသတည်း” လို့ အဓိဋ္ဌာန်ပြီး
ပရိနိဗ္ဗာန် ဝင်စံတော်မူသတဲ့။အလောင်းတင်ပြာသာဒ်ဟာ
ရဟန္တာကြီးရဲ့ အဓိဋ္ဌာန်အတိုင်း ငါးယူဇနာကွာဝေးတဲ့
မင်းကြီးရှိရာကိုကောင်းကင်ခရီးက သွားသတဲ့။
မထေရ်ကြီးရဲ့ အလောင်းတင်ပြာသာဒ် ကောင်းကင်
ခရီးက ကြွလာတယ်ဆိုတာကိုမင်းကြီးက မယုံဘူးတဲ့။
အလောင်းတင်ပြာသာဒ်ဟာ ကောင်းကင်ခရီးက
လာပြီး ထူပါရုံစေတီတော်ကိုလက်ယာရစ် ပတ်တယ်။
ထူပါရုံစေတီတော်ဆီက ကျောက်စေတီ
တည်ရာကို သွားတယ်။

ကျောက်စေတီဆီရောက်တော့ကျောက်စေတီဟာ
မြေကပျံတက်ပြီး အလောင်းတင်ပြသာဒ်ရဲ့ ထိပ်မှာ
တည်တယ်။ဒီလို အံ့ဖွယ်သရဲကိုမြင်ကြလို့ မင်းနှင့်တကွ
ပြည်သူအားလုံး သောင်းသောင်းဖြဖြ ပူဇော်ကြတယ်။

ဒီအချိန်မှာ မဟာဗျဂ္ဃထေရ်ဟာ လောဟပါသာဒ
ပြာသာဒ်ရဲ့(၇)ခုမြောက် ဘုံမှာ ရဟန်းတော်များရဲ့
ဝိနည်းကံကို ဆောင်ရွက်တော်မူနေတယ်။အုတ်အုတ်
ကျက်ကျက်အသံတွေကြားလို့ ဘာသံတွေလဲလို့
မေးတော်မူသတဲ့။ရဟန်းတော်များ က
“မင်္ဂလာကျောင်းမှာ သီတင်းသုံးတဲ့ ကုဋ္ဋတိဿမထေရ်
ပရိနိဗ္ဗာန် ဝင်စံတော်မူပြီး အလောင်းတင်ပြာသာဒ်
ကောင်းကင် ပျံကြွလာလို့ လူအများ ကောင်းချီး
ပြုကြတဲ့အသံပါဘုရား”လို့ လျှောက်ကြသတဲ့။

ဒီတော့ မဟာဗျဂ ္ဃမထေရ်ကြီးက “ငါ့ရှင်တို့ ကောင်းမှု
ရှိသောသူကို အမှီပြုပြီးငါ့အား ပူဇော်သက္ကာရ ဖြစ်ဖွယ်
ရှိတယ်။တပည့်တို့ ငါ့အပေါ်မှာ အပြစ်ရှိလျှင် သည်းခံကြ”
လို့ မိန့်တော်မူပြီး ကောင်းကင် ပျံတက်တော်မူတယ်။
ကောင်းကင်ရောက်တော့ ပျံလာတဲ့အလောင်းပြာသာဒ်
အတွင်း ဝင်ပြီး ဒုတိယ ညောင်စောင်းပေါ်ထိုင်ကာ
ပရိနိဗ္ဗာန် ဝင်စံတော်မူပါသတဲ့။

❖ဒီဝတ္ထုက အင်္ဂုတ္တရအဋ္ဌကထာ ဒုတိယအုပ်
စာမျက်နှာ၁၃၃-ကလာတဲ့ ဝတ္ထုဖြစ်တယ်။
ဒီဝတ္ထုကို “ဇမ္ဗူဒီပသီဟဠဝတ္ထု” က ဘယ်လို ဖွင့်ပြသလဲ
ဆိုတော့ “ကုဋ္ဋတိဿရဟန္တာ” ဆိုတာ “သီရိဓမ္မာသောက
မင်းကြီး” ဖြစ်ကြောင်း၊ မဟာဗျဂ ္ဃ ရဟန္တာဟာ
သီရိဓမ္မာသောကမင်းကြီးရဲ့ မိတ်တွေဖြစ်ကြောင်း
ဖွင့်ပြထားတယ်။

❖သီရိဓမ္မာသောကမင်းကြီးရဲ့ မိတ်ဆွေဆိုတာ ဘယ်သူ
ဘယ်ဝါလို့တိတိကျကျဖော်ပြခြင်း မရှိခဲ့ဘူး။
ဒေဝါနံပိယတိဿ မင်းကြီးကိုများ ဆိုလိုသလား
မသိဘူးကွယ့်။အထူးကတော့ အင်္ဂုတ္တရအဋ္ဌကထာက
လာတဲ့ ကုဋ္ဋတိဿထေရ်ကို ဇမ္ဗူဒီပသီဟဠဝတ္ထုက
“ကုဏ္ဍလတိဿ”လို့ ဖော်ပြပြီး မဟာဗျဂ္ဃထေရ်ကိုတော့
“မဟာဗျက္ခ”လို့ ပြဆိုထားတယ်။

“ဇမ္ဗူဒီပသီဟဋ္ဌဝတ္ထုကျမ်းအရဆိုလျှင် သီရိဓမ္မာ
သောကမင်းကြီး ကျွတ်တမ်းဝင်သွားပြီလို့
ဖြေဆိုရမှာပေါ့ကွယ်။”

“သာဓု - သာဓု - သာဓု”။ ။
-【အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ထီးချိုင့်မြို့-
တည်တောဆရာတော်ဘုရားကြီး ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ】