ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် အလှူရေစက် လက်နှင့်
မကွာ ဆိုသကဲ့သို့- ဒါန ကုသိုလ်ကောင်းမှုတို့ကို မိမိတို့
စွမ်းနိုင်သမျှ ပြုလုပ်လျက် ရှိကြပေသည်။ ထိုဒါနကုသိုလ်
ကောင်းမှုများကိုပြုကြရာ၌ ဒါနကုသိုလ်ကံ ဇောတို့သည်
(၇)ကြိမ် (၇)ကြိမ် ဖြစ်သွားကြပေသည်။

ထို (၇)ကြိမ်တို့တွင် -
(၁)။ပထမဇော ကုသိုလ်ကံက ယခုဘဝမှာပင်
အကျိုးပေးသည်။
(၂)။(၇)ခုမြောက် သတ္တမဇော ကုသိုလ်ကံက
ဒုတိယဘဝမှာ အကျိုးပေးသည်။
(၃)။ အလယ်ဇော ကုသိုလ်ကံ (၅)ပါးတို့က တတိယ
ဘဝမှစ၍ နိဗ္ဗာန် ရောက်သည့်ဘဝ၊ ရဟန္တာ ဖြစ်သည့်
ဘဝတိုင်အောင် အကျိုးပေးသည်။

❖(၁)။ ပထမဇော၊ ကုသိုလ်ကံက ယခုဘဝမှာပင်
အကျိုးပေးသည် ဟု ဆိုရာ၌ ဒါနကုသိုလ် ပထမဇောကံက
ဒါနကုသိုလ် ကောင်းမှုပြုထားသူ ကောင်းမှုရှင်
ကိုယ်ချမ်းသာ စိတ်ချမ်းသာ ရှိနေရအောင်၊ ဘေးရန်
အန္တရာယ်များ ကင်းနေရအောင်၊
ဒါနကုသိုလ်ရှင် ပြုချင်သည့် ကိစ္စများ လွယ်လွယ်နှင့်
ပြီးမြောက်သွားရအောင်၊ ဒါနကုသိုလ်ရှင် ရလိုသည့်
အကျိုးများ လွယ်လွယ် နှင့်ရရှိလာရအောင်
ယခုမျက်မှောက်ဘဝမှာပင် အကျိုးပေးပါသည်။

ပထမဇော၊ ကုသိုလ်ကံသည် မွေးဖွားခါစ ကလေး
သူငယ်များကဲ့သို့ အားနည်းနေသောကြောင့် ယခု
ဘဝမှာပင် အကျိုးပေးသည်။ ယခုဘဝမှာ အကယ်၍
အကျိုးပေးခွင့် မရခဲ့သော် ဒုတိယဘဝ၊ တတိယဘဝ
စသည်တို့၌ အကျိုးမပေးတော့ပေ။
အကျိုးမပေးသည့် အဟောသိကံ ဖြစ်သွားပေသည်။

❖(၂)။ (၇)ခုမြောက် သတ္တမဇေဇာ၊ ကုသိုလ်ကံက
ဒုတိယဘဝမှာ အကျိုးပေးသည် ဟု ဆိုရာ၌
ဒါနကုသိုလ် သတ္တမဇော၊ကံက ဒါနကုသိုလ် ကောင်းမှု
ပြုထားသူ ကောင်းမှုရှင်ကို ယခုဘဝမှ စုတေ၍
ကွယ်လွန်သွားပြီးသောအခါ ဒုတိယဘဝမှာ
ကောင်းမြတ်သည့် လူ့ပြည်၊နတ်ပြည် (၆)ထပ်တို့၌
သွားရောက်၍ ဖြစ်စေခြင်းဖြင့် ဒုတိယဘဝမှာ
အကျိုးပေးပါသည်။

(၇)ခုမြောက် သတ္တမဇော၊ ကုသိုလ်ကံသည်လည်း
အလွန်အိုမင်းနေကြသော အဖိုးအို၊အဖွားအိုများကဲ့သို့
အားနည်းနေသောကြောင့် ဒုတိယ ဘဝမှာပင်
အကျိုးပေးသည်။ ဒုတိယဘဝမှာ အကယ်၍ အကျိုး
ပေးခွင့် မရခဲ့သည်ရှိသော် တတိယဘဝ၊ စတုတ္ထ
ဘဝစသည်တို့၌ အကျိုးမပေးတော့ပေ။
အကျိုးမပေးသည့် အဟောသိကံ ဖြစ်သွားပေသည်။

❖(၃)။ အလယ်ဇော ကုသိုလ်ကံ (၅)ပါးတို့က တတိယဘဝ
မှစ၍ နိဗ္ဗာန် ရောက်သည့်ဘဝ၊ ရဟန္တာဖြစ်သည့် ဘဝ
တိုင်အောင် အကျိုးပေးသည် ဟု ဆိုရာ၌ ဒါနကုသိုလ်
အလယ်ဇော၊ ကံ (၅)ပါးတို့က ဒါနကုသိုလ်ကောင်းမှု
ပြုထားသူ ကောင်းမှုရှင်ကို တတိယဘဝမှစ၍
နိဗ္ဗာန်ရောက်သည့်ဘဝ၊ ရဟန္တာဖြစ်သည့်ဘဝတိုင်အောင်
ကောင်းကျိုးအမျိုးမျိုးတို့ကို ရရှိစေခြင်းဖြင့်
အကျိုးပေးပါသည်။

ဒါနကုသိုလ် အလယ်ဇော ကုသိုလ်ကံ (၅)ပါးတို့က
နိဗ္ဗာန်ရောက် သည့် ဘဝတိုင်အောင်ရဟန္တာ ဖြစ်သည့်
ဘဝတိုင်အောင် အကျိုးပေးနိုင်သည့် ထင်ရှားသော
သာဓကမှာ ကဿပ မြတ်စွာဘုရား လက်ထက်တော်
အခါက ဒါနကုသိုလ်ကောင်းမှု ပြုသော ရဟန်းနှင့်
ဒါနကုသိုလ်ကောင်းမှု မပြုသော ရဟန်း (၂)ပါးတို့
ရှိကြပေသည်။ ထိုရဟန်း (၂)ပါးတို့၏ သာဓက ဖြင့်
ထင်ရှားလှပေသည်။

ကဿပ မြတ်စွာဘုရား လက်ထက်တော်အခါက
သဒ္ဓါ ၊သီလ၊ ပညာ ဟူသော အကျင့်တရားခြင်း
တူကြသော ရဟန်း (၂)ပါးတို့သည် အတူတကွ
နေထိုင်ကြ၏။ထိုသို့အတူတကွပင် နေထိုင်ကြသော်လည်း
အယူအဆခြင်း မတူကြပေ။ တစ်ပါးက အလှူဒါန
ပြုသင့်သည်ဟု ယူဆကာ အလှူဒါနပြု၏။
တစ်ပါးက ရဟန်းဆိုတာ ဒါန မလို ရဟန်းအကျင့်ကိုသာ
ပြည့်စုံဖို့ လိုသည် ဟု ယူဆကာ ဒါနမပြုဘဲ နေ၏။
တစ်ပါးနှင့်တစ်ပါး အယူအဆ တူညီရအောင်
ဆွေးနွေးတိုင်ပင်လို့ မရခဲ့ကြပေ။ သက်တမ်း
ကုန်သွားသောအခါ ပျံလွန်တော်မူသွားကြပေသည်။

ကဿပ မြတ်စွာဘုရားနှင့် ဂေါတမမြတ်စွာဘုရား
(၂)ဆူအကြား မှာ လူ့ပြည်၊နတ်ပြည်တို့၌သာ
အဖန်ဖန် ဖြစ်ကြရပေသည်။ ဂေါတမ မြတ်စွာဘုရား
ပွင့်တော်မူလာသောအခါ ကောသလမင်းကြီး၏
နန်းတော်တွင် လူလာ ဖြစ်ကြပေသည်။
တစ်နေ့တည်းတွင်ပဲ ဖွားမြင်ကြပေသည်။
ဒါနကုသိုလ်ပြုထားသည့် ရဟန်းတော်က မင်းကြီး
အမြတ်နိုးဆုံးဖြစ်သည့် မိဖုရားကြီး၏ သားတော်
ဖြစ်လာလေ၏။ ဒါနကုသိုလ် မပြုသည့် ရဟန်းတော်က
နန်းတွင်း အခိုင်းအစေ (ကျွန်မ)၏သား ဖြစ်လာလေ၏။

တစ်နေ့သောအခါ သူငယ် (၂)ယောက်တို့အား
အမည်ပေးမင်္ဂလာ ပြုလုပ်ဖို့ရာ နန်းတွင်းသူ သက်ဆိုင်ရာ
လူကြီးများက အခန်းပြင်ပသို့ ထွက်၍ စီစဉ်
နေကြရာတွင် သူငယ် (၂)ယောက်တို့ အခြေအတင်
စကား ပြောကြလေသည်။

ဒါနကုသိုလ်ကောင်းမှုပြုခဲ့၍ နူးညံ့သော အခင်းအရုံများဖြင့်
မြင့်မြတ်သည့် သလွန်ပေါ်၌ နေထိုင်ရသော
မင်းသားလေးက ဒါနကုသိုလ် မပြုခဲ့၍ ယုတ်ညံ့သော
နေရာ၌ ကြမ်းတမ်းသော အခင်းအရုံတို့ဖြင့်
နေထိုင်ရသော နန်းတွင်း အခိုင်းအစေမ၏ သားကို
အပြစ်တင်စကား ဤသို့ ပြောကြားလေ၏။

✦“သင်ကျွနု်ပ်ကို ကြည့်စမ်းပါ။မြင့်မြတ်သော နေရာ၌
နူးညံ့သော အခင်းအရုံတို့ဖြင့် နေထိုင်ရတာကို မြင်တယ်
မဟုတ်လား။ သင့်ကိုယ်သင် ပြန်ကြည့်စမ်းပါ။
ယုတ်ညံ့သော နေရာ၌ ကြမ်းတမ်းသော
အခင်းအရုံတို့ဖြင့် နေရတာကို မြင်တယ် မဟုတ်လား။
ဤကဲ့သို့ ဖြစ်ရခြင်းသည် ရဟန်းဘဝဖြစ်စဉ်က
ဒါနပြုဖို့ရာ ကျွနု်ပ်တိုက်တွန်း ပြောကြားတာကို မနာယူခဲ့၍
ဖြစ်ရတာ မဟုတ်လား” ဟု အပြစ်တင်စကား
ပြောကြားလေ၏။

✦နန်းတွင်း အခိုင်းအစေ (ကျွန်မ)၏ သားကလည်း
အညံ့မခံပါဘဲ ပြန်၍ ပြောလေ၏။ “သင် အသုံးပြု
နေထိုင်ရသည့် နူးးညံ့သည့် အခင်းအရုံတို့သည်လည်း
ပထဝီဓာတ်ပင် ဖြစ်ပေသည်။ အကျွနု်ပ် အသုံးပြု
နေထိုင်ရသည့် ကြမ်းတမ်းတဲ့ အခင်းအရုံတို့သည်လည်း
ပထဝီဓာတ်ပင် ဖြစ်ပေသည်။ ပထဝီဓာတ်ခြင်း အတူတူ
ဖြစ်ပါလျက် သင်မာနတွေ တက်နေသည်” ဟု
ပြန်၍ ချေပလေ၏။

ထိုသူငယ် (၂)ယောက်တို့၏ ပြောကြားနေသော
စကားတို့ကို အစ်မတော် သုမနမင်းသမီး ကြားသွားသော
အခါ မြတ်စွာဘုရားထံသို့ သွားရောက်၍ လျှောက်ထား
လေ၏။

✦“မြတ်စွာဘုရား မြတ်စွာဘုရား၏ သာသနာတော်၌
ပုဂ္ဂိုလ် (၂)ဦး ရှိပါသည်။ သဒ္ဓါတရားခြင်းလဲ
တူကြပါသည်။ သီလတရားခြင်းလဲ တူကြပါသည်။
ပညာတရားခြင်းလဲ တူကြပါသည်။ဤကဲ့သို့ပင်
တူကြပါသော်လည်း တစ်ဦးက အလှူဒါန ပြုပါသည်။
တစ်ဦးက အလှူဒါန-မပြုပါ။ ထိုပုဂ္ဂိုလ် (၂)ဦး
အကျိုးပေးခြင်း တူကြပါသလား၊ထူးကြပါသလား”ဟု
လျှောက်ထားပါသည်။

မြတ်စွာဘုရားက မိန့်ကြားတော်မူသည်မှာ -
✦“သုမနမင်းသမီး အကျိုးပေးခြင်း မတူကြပေ။
ဒါနကုသိုလ် ပြုထားသော သူက ဒါနကုသိုလ် မပြုသော
သူကို အကျိုး (၅) မျိုးဖြင့် သာလွန် လွှမ်းမိုးနေသည်။
အသက်ရှည်ခြင်း၊
အဆင်းလှခြင်း၊
ချမ်းသာများခြင်း၊
အခြံအရံ ပေါများခြင်း၊
အစိုးရခြင်း ဟူသော ဤအကျိုး (၅)မျိုး သာလွန်
လွှမ်းမိုးနေသည် ဟု မိန့်ကြားတော်မူလိုက်ပါသည်။

✦သုမန မင်းသမီးက ထပ်မံ၍ လျှောက်ထားပြန်သည်မှာ
“ထိုပုဂ္ဂိုလ် (၂)ဦးတို့သည် လူ့ပြည်မှ စုတေ၍ ကွယ်လွန်
သွားပြီး နတ်ပြည်၌ သွားရောက်၍ ဖြစ်ကြသောအခါ
အကျိုးပေးခြင်း တူသွားကြပါပြီလားဘုရား” ဟု
လျှောက်ထားပြန်ပါသည်။

မြတ်စွာဘုရားက မိန့်ကြားတော်မူသည်မှာ -
“သုမနမင်းသမီး နတ်ပြည်၌ သွားရောက်၍ ဖြစ်ကြသည့်
အခါမှာလည်း ထိုပုဂ္ဂိုလ် (၂)ဦးတို့ အကျိုးပေးခြင်း
မတူကြပေ။ ဒါနကုသိုလ် ပြုထားခဲ့ဖူးသော နတ်သားက၊
ဒါနကုသိုလ် မပြုခဲ့ဘူးသော နတ်သားကို
အကျိုး (၅)မျိုးပဲ သာလွန် လွှမ်းမိုးနေပေသည်။
နတ်၌ ဖြစ်သော-
အသက်ရှည်ခြင်း၊
အဆင်းလှခြင်း၊
ချမ်းသာများခြင်း၊
အခြံအရံများခြင်း၊
နတ်၌ဖြစ်သော အစိုးရခြင်းဟူသော
ဤအကျိုးး (၅)မျိုးပင် သာလွန် လွှမ်းမိုး၍ နေပေသည်
ဟု မိန့်ကြားတော်မူလိုက်ပါသည်။

✦သုမနမင်းသမီးက ထပ်မံ၍ လျှောက်ထားပြန်သည်မှာ
“ထိုပုဂ္ဂိုလ် (၂)ဦးတို့သည် နတ်ပြည်မှ စုတေ၍
လူပြည်၌ ပြန်ဖြစ်ကြသောအခါ အကျိုးပေးခြင်း
တူသွားကြပါပြီလား ဘုရား ဟု လျှောက်ထားပြန်ပါသည်။
မြတ်စွာဘုရားက မိန့်ကြားတော်မူသည်မှာ -

သုမနမင်းသမီး လူ့ပြည်၌ လူ ပြန်ဖြစ်သည့်အခါမှာလည်း
ထို ပုဂ္ဂိုလ် (၂)ဦးတို့ အကျိုးပေးခြင်း မတူကြပေ။
လူ၌ဖြစ်သော-
အသက်ရှည်ခြင်း၊
အဆင်းလှခြင်း၊
ချမ်းသာခြင်း၊
အခြံအရံပေါများခြင်း၊
လူ၌ဖြစ်သော အစိုးရခြင်းဟူသော ဤအကျိုး (၅)ပါးပင်
သာလွန်လွှမ်းမိုး၍ နေပေသည် ဟု
မိန့်ကြားတော်မူလိုက်ပါသည်။

✦သုမနမင်းသမီးက ထပ်မံ လျှောက်ထားပြန်သည်မှာ
ထိုပုဂ္ဂိုလ် (၂) ဦးတို့သည် သာသနာဘောင်သို့ ဝင်၍
ရဟန်းပြုကြသောအခါ အကျိုးပေးခြင်းတူသွား
ကြပါပြီလားဘုရား ဟု လျှောက်ထားပြန်ပါသည်။

မြတ်စွာဘုရားက မိန့်ကြားတော်မူသည်မှာ -
သုမနမင်းသမီး - ရဟန်းပြုကြသည့်အခါမှာလည်း
အကျိုးပေးခြင်း မတူကြသေးပေ။ ဒါနကုသိုလ်
ပြုထားသော ရဟန်းက ဒါနကုသိုလ် မပြုသော
ရဟန်းကို အကျိုး(၅)မျိုးပင် သာလွန်လွှမ်းမိုးနေပေသည်။
သင်္ကန်း ပေါများခြင်း၊
ဆွမ်း ပေါများခြင်း၊
ကျောင်း ပေါများခြင်း၊
ဆေးပစ္စည်း ပေါများခြင်း၊
အတူနေ သီတင်းသုံးဖော်တို့၏ အကြည်အညိုကို
ခံယူရခြင်း ဟူသော (၅)မျိုး သာလွန်လွှမ်းမိုးနေပေသည်
ဟု မိန့်ကြားတော်မူလိုက်ပါသည်။

✦သုမနမင်းသမီးက ထပ်မံ၍ လျှောက်ထားပြန်သည်မှာ -
“မြတ်စွာဘုရား ထိုပုဂ္ဂိုလ် (၂)ဦးတို့သည် ဝိပဿနာတရား
ပွားများ အားထုတ်ကြ၍ ရဟန္တာဖြစ်သွားသောအခါ
အကျိုးပေးခြင်း တူသွားကြပါပြီလားဘုရား။
ထူးကြပါသေးသလား”ဟု လျှောက်ထားပြန်ပါသည်။

မြတ်စွာဘုရားက မိန့်ကြားတော်မူသည်မှာ-
“သုမနမင်းသမီး ဝိပဿနာတရား အားထုတ်၍
ရဟန္တာ ဖြစ်သွားကြသောအခါမှာ ထိုရဟန်း (၂)ပါးတို့၏
အရဟတ္တဖိုလ် ချမ်းသာကို ခံစားကြရသည့်အခါမှာတော့
အကျိုးပေးခြင်း တူသွားကြပေပြီ”
ဟု မိန့်ကြားတော်မူလိုက်ပါသည်။

✦သုမန မင်းသမီးက “မြတ်စွာဘုရား အံ့ဩဖွယ်
ကောင်းလှပါသည်ဘုရား၊ အံ့ဩဖွယ် ကောင်းလှပါသည်
ဘုရား။(ဒါန) ကုသိုလ် ကောင်းမှုများကို ပြုသင့်
လှပါသည်ဘုရား”
ဟု လျှောက်ထား၍ နန်းတော်သို့ ပြန်သွားလေ၏။

ဤကဲ့သို့ ကဿပမြတ်စွာဘုရား လက်ထက်တော်အခါက
ဒါန ကုသိုလ်ပြုခဲ့သော ရဟန်းတော်နှင့် ဒါနကုသိုလ်
မပြုခဲ့သော ရဟန်းတော် (၂)ပါး တို့၏ သာဓကဖြင့်
ဒါနကုသိုလ် အလယ်ဇောကံ (၅)ပါးတို့က နိဗ္ဗာန်သို့
ရောက်သည့် ဘဝတိုင်အောင် ရဟန္တာဖြစ်သည့်
ဘဝတိုင်အောင် အကျိုးပေးသည်မှာ ထင်ရှားလှပေသည်။

ထိုရဟန်းတော် (၂)ပါးတို့တွင် ဒါနကုသိုလ် ပြုခဲ့သော
ရဟန်း၏ ဒုတိယဘဝမှာ လူ့ပြည် နတ်ပြည်တို့၌ ဖြစ်ရခြင်း
အကျိုးသည် သတ္တမဇော ဖြစ်ပေသည်။
တတိယဘဝမှစ၍ ရဟန္တာဖြစ်သည့် ဘဝတိုင်အောင်
အကျိုး(၅)ပါးတို့ကို ရရှိခြင်းသည် အလယ်ဇော၊
ဒါနကုသိုလ်ကံ (၅)ပါးတို့၏ အကျိုးပေးပင် ဖြစ်ပေသည်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာစည်နာယက၊အဂ္ဂမဟာ
ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】