ရဟန္တာပုဂ္ဂိုလ်မှတစ်ပါး အားလုံးသော လူပုဂ္ဂိုလ်တို့သည်
အိပ်မက် မြင်မက်တတ်ကြပေသည်။ တစ်ခါတစ်ရံ
ကောင်းသောအိပ်မက်ကို မြင်မက်တတ်ကြပေသည်။
တစ်ခါတစ်ရံ မကောင်းသောအိပ်မက်ကို မြင်မက်
တတ်ကြပေသည်။ကောင်းသောအိပ်မက်ကို
မြင်မက်သောအခါ “ကောင်းကျိုးးများဖြစ်လာလိမ့်မည်”
ဟု သာယာနှစ်သက်ကာ ဝမ်းမြောက်ဝမ်းသာ
ဖြစ်ကြရပေသည်။ မကောင်းသောအိပ်မက်ကို
မြင်မက်သောအခါ “မကောင်းကျိုးများ၊ မကောင်းသော
အပြစ်ဘေးဒဏ်များ တွေ့ကြရတော့မည်”ဟု
စိတ်နှလုံးမသာမယာ ဖြစ်ကြရပေသည်။ ကြီးကဲသူ၊
ဗဟုသုတရှိသူများကို မေးမြန်းကြရပေသည်။ ကြီးကဲသူ၊
ဗဟုသုတရှိသူများကလည်း မိမိတို့ တတ်သိနားလည်
သလောက်သာ ပြောပြနိုင်ကြပေသည်။

ရှေးအခါက ဘုရားအလေတင်းတော်၏ မယ်တော်၊
ဘုရားအလောင်းတော် နှင့် ကောသလမင်းကြီး
စသော ပုဂ္ဂိုလ်တို့လည်း အိပ်မက်ကို မြင်မက်ကြပေသည်။
ပုဏ္ဏားပညာရှိတို့က ကောင်းကျိုးများ ရရှိနိုင်တဲ့
အကြောင်း၊ မကောင်းကျိုးများ ရရှိနိုင်တဲ့အကြောင်းကို
ဖြေရှင်းပြောပြကြရပေသည်။
ယခုခေတ်အခါမှာမူ ကောင်းကျိုး၊ မကောင်းကျိုးများ
ရရှိနိုင်တဲ့အကြောင်းကို အတိအကျ ပြောပြနိုင်သော၊
ပညာရှင်များ မရှိသလောက်ပင် ဖြစ်နေပေသည်။
စာအုပ်များ ဖတ်ရှု၍သာ အိပ်မက်၏ ကောင်းကျိုး၊
မကောင်းကျိုးများကို သိကြရပေသည်။

အင်္ဂုတ္ထိုရ်ပါဠိတော် မဟာသုပိနသုတ္တန်ကို အဋ္ဌကထာ
ဆရာများက ဖွင့်ပြကြရာတွင် “အိပ်မက်မြင်မက်ခြင်းသည်
(၄)ပါးသော အကြောင်းတို့ကြောင့် မြင်မက်ရသည်”
ဟု ဖွင့်ပြ၊ ဖော်ပြကြပေသည်။
✦(၁)။ဓာတုက္ခောဘတော = ဓာတ်ချောက်ချားခြင်းကြောင့်
အိပ်မက်ခြင်း။
✦(၂) ။ အနုဘူတ ပုဗ္ဗတော = ရှေးက လေ့ကျက်ခံစား
ခဲ့ဖူးသောကြောင့် အိပ်မက်ခြင်း၊
✦(၃)။ ဒေဝတောပသံဟာရတော =နတ်တို့ဆောင်ပြကာ
လှည့်စားသောကြောင့် အိပ်မက်ခြင်း။
✦(၄)။ ပုဗ္ဗနိမိတ္တတော = ဖြစ်လာမည့် ပုဗ္ဗနိမိတ်ကြောင့်
အိပ်မက်ခြင်းဟူသော ဤအကြောင်း (၄) ပါးတို့ကြောင့်
“အိပ်မက်မြင်မက်သည်”ဟု ဖွင့်ပြ၊ ဖော်ပြကြပေသည်။

✦(၁)။ဓာတ်ချောက်ချားခြင်းကြောင့် အိပ်မက်ခြင်းဟူသည် -
သည်းခြေစသော ဓာတ်များချောက်ချားသောကြောင့်
ကြောက်လန့် “တောင်ကုန်းပေါ်မှ တောင်အောက်သို့
လိမ့်ကျသကဲ့သို့၊ ကောင်းကင်၌ ပျံဝဲပြီး ထိတ်ထိတ်
လန့်လန့်သွားနေရသကဲ့သို့၊ဆင်ဆိုး၊ မြင်းဆိုး၊ခြသေ့င်္၊
သစ်၊ ကျား၊ သားရဲဆိုးများက မိမိနောက်က
လိုက်နေသကဲ့သို့၊လူဆိုးများက မိမိကို လိုက်ဖမ်း
နေသကဲ့သို့၊ကြောက်လန့်ဖွယ် မြင်မက်ခြင်းမျိုးပင်
ဖြစ်ပေသည်။

ဤဓာတ်ချောက်ချားခြင်းကြောင့် ဖြစ်သော
အိပ်မက်မျိုးသည် မြင်မက်သည့်အတိုင်း နောင်အခါ
ကြောက်လန့်ဖွယ်များ မဖြစ်နိုင်သောကြောင့် မမှန်ကန်သော
အိပ်မက်မျိုးပင် ဖြစ်ပေသည်။

✦(၂)။ လေ့ကျက်ခံစားခဲ့ဖူးသောကြောင့် အိပ်မက်ခြင်း
ဟူသည်-မိမိတို့ ရှေးက မြင်ခဲ့ဖူးသည့် လှပတင့်တယ်သော
အဆင်းအမျိုးမျိုး၊ မတင့်မတယ် ကြောက်လန့်ဖွယ်
ကောင်းသော အဆင်းအမျိုးမျိုးး၊ မိမိတို့ ရှေးက
ကြားခဲ့ဖူးသည့် သာယာကြည်နူးဖွယ်ကောင်းသော
အသံအမျိုးမျိုး၊ ကြောက်လန့်ဖွယ်ကောင်းသော
အသံအမျိုးမျိုးး၊ မိမိတို့ ရှေးက စားသောက်ခံစား
ခဲ့ဖူးသော အရသာ အမျိုးမျိုးတို့ကို ပြန်၍ မြင်ရ၊ကြားရ၊
စားသောက်ခံစားရသကဲ့သို့ မြင်မက်သော
အိပ်မက်မျိုး ဖြစ်ပေသည်။

ဤအိပ်မက်မျိုးသည် ရှေးက လေ့ကျက်ခံစားခဲ့ဖူးသော
အာရုံ အမျိုးမျိုးတို့ကို ကြံစည်စိတ်ကူးယဉ်ကာ ပြန်သတိရ
သကဲ့သို့ ဖြစ်၍ နောင်အခါ ပြန်မဖြစ်နိုင်သောကြောင့်
အမှန်ကန်သော အိပ်မက်မျိုးပင်ဖြစ်ပေသည်။

✦(၃)။နတ်တို့က ဆောင်ပြကာလှည့်စားသောကြောင့်
အိပ်မက်ခြင်းဟူသည်-
နတ်များက ချစ်၍ အကျိုးကိုလိုလားသောကြောင့်
ကောင်းကျိုးးများ၊ ကောင်းသောအာရုံများကို မြင်မက်
စေကြ၏။ နတ်များက အမျက်ထွက်ကာ မုန်း၍
လှည့်ပတ်ကာ မကောင်းကျိုးများ၊မကောင်းသော
အာရုံများကို မြင်မက်စေကြ၏။ ဤကဲ့သို့ နတ်များက
ကောင်းကျိုးး၊ မကောင်းကျိုးများဖြစ်အောင် ဆောင်ပြ၍
မြင်မက်သော အိပ်မက်မျိုးဖြစ်ပေသည်။

ဤအိပ်မက်မျိုးသည် နတ်များက ချစ်ခြင်း၊ မုန်းခြင်း
ရှိ၍ မြင်မက်စေသောကြောင့် မှန်သည်လည်းရှိ၏။
မမှန်သည်လည်းရှိ၏။ ချစ်သောကြောင့် မြင်မက်စေရာ၌
မှန်၏။ မုန်းသောကြောင့် မြင်မက်စေရာ၌ မမှန်ဘဲ ဖြစ်၏။ -

ဤအိပ်မက်မျိုးကို မမြင်မက်လိုသော ပုဂ္ဂိုလ်တို့သည်
ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ အာရာမ်စောင့်နတ်၊
မြို့စောင့်နတ်၊ တောစောင့်နတ်တို့မှစ၍ အရပ်ဆယ်
မျက်နှာ၌ ရှိကြကုန်သော အားလုံးသောသတ္တဝါတို့အား
မေတ္တာပွား၍ အိပ်ကြရမည် ဖြစ်ပေသည်။

“နတ်များက အမျက်ထွက်၍ အကျိုးမဲ့ဖြစ်အောင် လှည့်စားပုံ”
••••••••••••••••••••••••••••••••••••••••••••••
ရှေးအခါက သီဟိုဠ်ကျွန်းတွင် ရောဟနအရပ်၊
နာဂကျောင်း၌ သီတင်းသုံးနေထိုင်သော မထေရ်ကြီး
တစ်ပါးသည် ရဟန်းသံယာတို့ကို မပန်ကြားဘဲ
ကံ့ကော်ပင်ကြီးတစ်ပင်ကို ခုတ်လှဲစေ၏။ ကံကော်ပင်စောင့်
ရုက္ခစိုးနတ်သည် အမျက်ထွက်ကာ မထေရ်ကြီးအား
ပထမတစ်ကြိမ် မှန်ကန်သောအိပ်မက်ကို ပေး၍
ယုံကြည်စေ၏။

ဒုတိယတစ်ကြိမ် အိပ်မက်ပေးရာတွင် မထေရ်ကြီး
အကျိုးမဲ့ဖြစ်အောင် လှည့်ပတ်၍ အိပ်မက်ပေးလေ၏။
“ဤနေ့မှ နောက်(၇)ရက် မြောက်၌ အရှင်ဘုရား၏
ဒကာမင်းကြီး နတ်ရွာစံလိမ့်မည်”ဟု အိပ်မက်၌
ပြောကြားလေ၏။ မထေရ်ကြီးသည် မြင်မက်သည့်
အတိုင်း ဖြစ်လိမ့်မည် ဟုယုံကြည်ကာ နန်းတွင်းသူများကို
ပြောကြားလေ၏။ နန်းတွင်းသူတို့သည် ကြားသည်
နှင့်တစ်ပြိုင်နက် မင်းကြီးအတွက် သောကများ
ဖြစ်၍ စိုးရိမ်ပူဆွေး ငိုကြွေးကြလေ၏။

မင်းကြီးက ငိုကြွေးရခြင်းအကြောင်းကို မေးသောအခါ
“ယနေ့မှ နောက်(၇)ရက်မြောက်၌ မင်းကြီးနတ်ရွာ
စံလိမ့်မည်ဟု မထေရ်ကြီးပြောသောစကားကြောင့်
ငိုကြွေးးကြရပါသည်”ဟူ၍ ဖြေကြားကြလေ၏။
မင်းကြီးသည် ရက်ကိုရေတွက်၍ (၇)ရက်ပြည့်
သောအခါ မင်းကြီး နတ်ရွာမစံသဖြင့်
“မထေရ်ကြီးသည် လွဲလွဲမှားမှား ထိတ်ထိတ်လန့်လန့်
ဖြစ်အောင် ပြောကြားသည်”ဟုဆိုကာ
မထေရ်ကြီး၏ လက်ခြေတို့ကို ဖြတ်စေ၏။
နတ်၏ လှည့်ပတ်၍ ပေးသောအိပ်မက်ကြောင့်
မထေရ်ကြီး အကျိုးမဲ့ဖြစ်ရလေသည်။

✦(၄)။ ဖြစ်လာမည့် ပုဗ္ဗနိမိတ်ကြောင့် အိပ်မက်ခြင်း
ဟူသည် -
ကုသိုလ်ကံ၏ အစွမ်းသတ္တိကြောင့် ကောင်းကျိုးများ
ရရှိလာမည့် ရှေ့ပြေး ပုဗ္ဗနိမိတ်အားဖြင့်လည်း
မြင်မက်တတ်ပေသည်။ အကုသိုလ်ကံ၏
အစွမ်းသတ္တိကြောင့် မကောင်းကျိုးများ၊
မကောင်းသောအပြစ်ဒဏ်များ ရရှိလာမည့်
ရှေ့ပြေး ပုဗ္ဗနိမိတ်အားဖြင့်လည်း မြင်မက်တတ်
ပေသည်။ ဤကဲ့သို့ ကောင်းကျိုး၊မကောင်းကျိုးများ
ဖြစ်ပေါ်လာမည်ကို ရှေ့ပြေးအနေဖြင့် မြင်မက်လာသော
အိပ်မက်မျိုးပင် ဖြစ်ပေသည်။

ဤအိပ်မက်မျိုးသည် ကုသိုလ်ကံကြောင့် ကောင်းကျိုး
ရရှိမည်မှာ ဧကန်စင်စစ် မှန်ပေသည်။ အကုသိုလ်ကံ
ကြောင့် မကောင်းကျိုး၊မကောင်းသောအပြစ်ဒဏ်များ
ခံရမည်မှာ ဧကန်စင်စစ် မှန်ပေသည်။ သို့ဖြစ်၍
ဤပုဗ္ဗနိမိတ်ကြောင့် အိပ်မက်ခြင်းသည် မြင်မက်သည့်
အတိုင်း ဧကန်မုချ မှန်သည်သာ ဖြစ်ပေသည်။

“မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လဆန်း(၁၄)ရက်နေ့
ညသန်း ခေါင်ကျော် မိုးလင်းခါးနီး လင်းအားကြီး
အချိန်၌ ဘုရားအလောင်းတော်သည် မြင့်မိုရ်တောင်ကို
ခေါင်းအုံးပြုကာ၊ အရှေ့သမုဒ္ဒရာ၌ လက်ဝဲလက်ကို
ထားကာ၊ အနောက်သမုဒ္ဒရာ၌ လက်ယာလက်ကိုထားကာ၊
တောင်သမုဒ္ဒရာ၌ ခြေနှစ်ဖက်ကိုထားကာ အိပ်စက်
ရသည်”ဟု မြင်မက်တော်မူသည်။
ဘုရားအလောင်းတော်၏ ဤအိပ်မက်သည် သန်းခေါင်ကျော်
လင်းအားကြီးအချိန်၌ မြင်မက်သည်ဖြစ်၍ သဗ္ဗညုတ
ဉာဏ်တော်ကို ရရှိ က အမှန်စင်စစ်ဘုရားဖြစ်ရန်
ပုဗ္ဗနိမိတ်ဖြစ်သောကြောင့် မြင်မက်သည့်အတိုင်း
မှန်ကန်သောအိပ်မက်မျိုး ဖြစ်ပေသည်။

ဤအိပ်မက်(၄)မျိုးတို့ကို မြင်မက်သောအခါ
အချိန်အားဖြင့် မှန်သည်၊ မမှန်သည်ကို သိနိုင်ကြပေသည်။
နေ့အခါ မြင်မက်သောအိပ်မက်၊ ညဦးယံ မြင်မက်သော
အိပ်မက်၊ သန်းခေါင်ယံ မြင်မက်သောအိပ်မက်၊
မိုးသောက်ယံ (၃)နာရီလောက်မှာ မြင်မက်သော
အိပ်မက်တို့သည် များသောအားဖြင့် မမှန်ကြပေ။
လင်းခါနီးအရုဏ်တက်ချိန်၌ မြင်မက်သော အိပ်မက်
များသည်သာ မှန်ကန်ပေသည်။

ဤအိပ်မက်(၄) မျိုးတို့ကို ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊
အနာဂါမ်ပုဂ္ဂိုလ်တို့သာ မြင်မက်ကြပေသည်။
ရဟန္တာပုဂ္ဂိုလ်တို့မှာ မမြင်မက်ကြတော့ပေ။
တရားရှုမှတ်၍ အိပ်ကြသော ပုဂ္ဂိုလ်တို့မှာ (၁)(၂)၊(၃)
မကောင်းသော အိပ်မက်မျိုး မြင်မက်ခြင်းများ
နည်းပါးသွားကြမည် ဖြစ်ပေသည်။

သို့ဖြစ်၍ မကောင်းသောအိပ်မက်ဆိုးများ မမြင်မက် လိုကြသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီး တို့သည် အိပ်ရာသို့ ဝင်ရောက်၍ အိပ်သောအခါ အာနာပါန ရှုမှတ်လေ့ရှိကြသောသူများက ဝင်လေ၊ ထွက်လေ တို့ကို ဝင်တယ်၊ ထွက်တယ် စသည်ဖြင့် ရှုမှတ်၍ အိပ်ကြရမည် ဖြစ်ပေသည်။ ဖောင်းတာ၊ ပိန်တာ ရှုမှတ်လေ့ရှိကြသောသူများက ဖောင်းတယ်၊ ပိန်တယ် စသည်ဖြင့် ရှုမှတ်၍ အိပ်ကြရမည် ဖြစ်ပေသည်။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【မဟာစည်နာယက၊အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ- သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】