အသိဉာဏ် ပြည့်ဝကြသော ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်
တို့သည် ယခု မျက်မှောက်ဘဝ
ကောင်းစားရေးအတွက် စီးပွားရေး၊
ကြီးပွားရေးတို့ကို ပြုလုပ်အားထုတ်ကြသကဲ့သို့
နောင်ဘဝကောင်းစားရေး၊ ဘဝကူးကောင်းရေး
တို့ကိုလည်း ပြုလုပ်ကြအားထုတ်ကြရပေသည်။
အသက်အရွယ် ကြီးရင့်လာသောအခါ
ယခုမျက်မှောက်ဘဝ ကောင်းစားရေး၊ စီးပွားရေး၊
ကြီးးပွားရေးတို့ထက် နောင်ဘဝကောင်းစားရေး၊
ဘဝကူးကောင်းရေး၊ ဘဝ သံသရာမှ
လွတ်မြောက်ရေးတို့့အတွက် ကုသိုလ်ကောင်းမှုများကို
ပို၍ ပြုလုပ်အားထုတ်ကြရပေသည်။
အလှူဒါနလည်း ပြုလုပ်ကြရပေသည်။
သီလလည်း ဆေးတက်တည်ကြရပေသည်။
သမထ ဝိပဿနာတရားများကိုလည်း
အားထုတ်ကြရပေသည်။

ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့သည် ဘဝကူးကောင်းရေး
အတွက် အထူးပင် ကြိုတင်၍ ပြင်ဆင်ကြရပေသည်။
ဘဝကူးကောင်းမှသာ သံသရာဘဝတွင် ချမ်းသာစွာ
ကျင်လည်ကြရမည် ဖြစ်ပေသည်။ ဘဝကူးမကောင်းပါက
ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် တွေ့ကြရမည် ဖြစ်ပေသည်။
ဘဝကူးကောင်းမှသာ မြင့်မြတ်ရာဘုံဘဝများ၌
ကုသိုလ်ပါရမီအထူးကို ဆည်းပူး၍ အမြင့်မြတ်ဆုံးဖြစ်သည့်
နိဗ္ဗာန်ချမ်းသာသို့ ရောက်သွားကြရမည်ဟု ရည်ရွယ်ကာ
ကောင်းမှုအထူးများကို ပြုလုပ်လေ့ရှိကြပေသည်။

ရဟန္တာပုဂ္ဂိုလ်မှတစ်ပါး အားလုံးသောပုဂ္ဂိုလ်တို့သည်
ယခုမျက် မှောက်ဘဝမှ နောင်ဘဝများသို့
ကူးပြောင်းကြရမည့် ပုဂ္ဂိုလ်များသာ ဖြစ်ကြပေသည်။
ဘဝတစ်ပါးသို့ ကူးပြောင်းခံခါနီးတွင် နိမိတ်သုံးပါး
ထင်လာ တတ်ကြပေသည်။
(၁)။ ကံနိမိတ်၊
(၂)။ကမ္မနိမိတ်၊
(၃)။ဂတိနိမိတ်
ဟူ၍ နိမိတ်သုံးပါး ထင်လာကြရပေသည်။

ဒါန၊ သီလစသော ကောင်းမှုကုသိုလ်များကို များများ
ဆည်းပူး အားထုတ်ထားကြသော ပုဂ္ဂိုလ်တို့မှာ
များသောအားဖြင့် ကွယ်လွန်ခါနီးတွင် ကောင်းသော
ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်များ ထင်လာ
တတ်ကြပေသည်။

သူ့အသက်သတ်ခြင်းစသော မကောင်းမူအကုသိုလ်
ဒုစရိုက်များကို ပြုလုပ်မှုများကြသော ပုဂ္ဂိုလ်တို့မှာ
ကွယ်လွန်ခါနီးတွင် များသောအား ဖြင့်မကောင်းသော
ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်များ ထင်မြင်
လာတတ်ကြပေသည်။

❖(၁)။ကံနိမိတ်ဆိုသည်မှာ အသက်ရှင်နေခိုက်
မိမိတို့ပြုလုပ်ခဲ့သော ကုသိုလ်ကံနှင့် အကုသိုလ်ကံ
များပင်ဖြစ်ကြပေသည်။

❖(၂)။ကမ္မိမိတ်ဆိုသည်မှာ အသက်ရှင်နေခိုက်
မိမိတို့ပြုလုပ်ခဲ့သော ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏
ပြုလုပ်ခဲ့ပုံ အခြင်းအရာများပင် ဖြစ်ကြပေသည်။

❖(၃)။ဂတိနိမိတ်ဆိုသည်မှာ ဒုတိယဘဝတွင် မိမိတို့
ရောက်သွားကြရမည့် ကောင်းသောဘုံဘဝ၊
မကောင်းသော ဘုံဘဝဟူသော ဖြစ်ရာဋ္ဌာနများပင်
ဖြစ်ပေသည်။

▬▬▬▬▬▬▬▬▬▬▬▬
“ကုသိုလ်ကံ နိမိတ်ထင်ပုံ”
▬▬▬▬▬▬▬▬▬▬▬▬
ရဟန္တာပုဂ္ဂိုလ်မှတပါး အားလုံးသော ပုဂ္ဂိုလ်သတ္တဝါတို့တွင်
ကောင်းမှုကုသိုလ်ကံများသော ပုဂ္ဂိုလ်တို့၌
ကွယ်လွန်ခါနီးတွင် အသက်ရှင်နေစဉ်က မိမိတို့
ပြုလုပ်ခဲ့သော ဒါနကုသိုလ်ကံ၊ သီလကုသိုလ်ကံ၊
ဘာဝနာ ကုသိုလ်ကံတို့သည် စိတ်ထဲတွင် အလိုလို
ဖြစ်ပေါ်လာသကဲ့သို့ ထင်မြင် လာကြပေသည်။
ဤကဲ့သို့ မိမိတို့ ပြုလုပ်ခဲ့သော ကုသိုလ်ကံများ
ထင်မြင်လာခြင်းကိုပင် “ကံနိမိတ်ထင်သည်”ဟု
ဆိုရပေသည်။

▬▬▬▬▬▬▬▬▬▬▬▬
“ကုသိုလ်ကမ္မ နိမိတ်ထင်ပုံ”
▬▬▬▬▬▬▬▬▬▬▬▬
ရဟန္တာပုဂ္ဂိုလ်မှတစ်ပါး အားလုံးသော ပုဂ္ဂိုလ်
သတ္တဝါတို့တွင် ကောင်းမှုကုသိုလ်ကံများကြသော
ပုဂ္ဂိုလ်တို့၌ ကွယ်လွန်ခါနီးတွင် အသက်ရှင်နေစဉ်က
မိမိတို့ ပြုလုပ်ခဲ့သည့် သံဃာတော်များကို
-ဆွမ်းကပ် လှူဒါန်းပုံ အခြင်းအရာ၊
-ကျောင်းလှူဒါန်း၍ ရေစက်ချပုံ အခြင်းအရာ၊
-အပေါင်းအဖော်များနှင့် ဥပုသ်သီလ
ဆောက်တည်ခဲ့ပုံ အခြင်းအရာ၊
-ကမ္မဋ္ဌာန်းတရား အားထုတ်ခဲ့ပုံအခြင်းအရာတို့သည်
စိတ်ထဲတွင် အလိုလိုဖြစ်လာသကဲ့သို့ ထင်မြင်
လာကြပေသည်။ ဤကဲ့သို့ ကုသိုလ် ပြုလုပ်ခဲ့ပုံ
အခြင်းအရာများ ထင်မြင်လာခြင်းကို
“ကုသိုလ်ကမ္မနိမိတ်ထင်သည်”ဟု ဆိုရပေသည်။

▬▬▬▬▬▬▬▬▬▬▬▬
“ကုသိုလ်ဂတိ နိမိတ်ထင်ပုံ”
▬▬▬▬▬▬▬▬▬▬▬▬
ရဟန္တာပုဂ္ဂိုလ်မှတစ်ပါး အားလုံးသော
ပုဂ္ဂိုလ်သတ္တဝါတို့တွင် ကောင်းမှုကုသိုလ်ကံများကြသော
ပုဂ္ဂိုလ်တို့သည် ကွယ်လွန်ခါနီး၌ နောက်ဘဝများတွင်
မိမိတို့ ရောက်သွားကြရမည့် ဘုံဘဝ၏ သာယာဖွယ်
အဆောက်အအုံ၊ သာယာဖွယ် ဥယျာဉ်ဗိမာန်၊
ရေကန် စသည်များ ထင်မြင်လာတတ်ကြပေသည်။
ဤကဲ့သို့ မိမိတို့ရောက်သွားရမည့် ဘုံဘဝ၏
သာယာဖွယ် ရောက်ရာဌာနအာရုံများ ထင်မြင်လာခြင်းကို
ကုသိုလ်၊ဂတိနိမိတ် ထင်သည် ဟု ဆိုရပေသည်။

“အကုသိုလ်ကံ နိမိတ်ထင်ပုံ”
သူ့အသက်သတ်ခြင်းစသော မကောင်းမှုဒုစရိုက်
အကုသိုလ်ကံများကြသော ပုဂ္ဂိုလ်သတ္တဝါတို့သည်
ကွယ်လွန်ခါနီးတွင် အသက်ရှင်နေစဉ်က
မိမိတို့ပြုလုပ်ခဲ့သော သတ်မှု၊ ခိုးမှု၊ လိမ်ညာမှု၊
ပြစ်မှားမှုစသော အကုသိုလ်ကံတို့သည့် စိတ်ထဲတွင်
အလိုလိုဖြစ်လာသကဲ့သို့ ထင်မြင်လာကြပေသည်။
ဤကဲ့သို့ မကောင်းမှုအကုသိုလ်ကံများ
ထင်မြင်လာခြင်းကို “အကုသိုလ်ကံနိမိတ်ထင်သည်”
ဟု ဆိုရပေသည်။

▬▬▬▬▬▬▬▬▬▬▬▬
“အကုသိုလ် ကမ္မနိမိတ်ထင်ပုံ”
▬▬▬▬▬▬▬▬▬▬▬▬
သူ့အသက်သတ်ခြင်းစသော မကောင်းမှု
အကုသိုလ်ကံများကြသော ပုဂ္ဂိုလ်သတ္တဝါတို့သည်
ကွယ်လွန်ခါနီးတွင် အသက်ရှင်နေစဉ်က
မိမိတို့ ပြုလုပ်ခဲ့သော
-သူတစ်ပါးအသက်ကို သတ်နေပုံအခြင်းအရာ၊
-သူတစ်ပါး ပစ္စည်းကို ခိုးနေပုံအခြင်းအရာ
စသည်များ စိတ်ထဲတွင် အလိုလိုဖြစ် လာကြသကဲ့သို့
ထင်မြင်လာတတ်ကြပေသည်။ ဤကဲ့သို့
မကောင်းမှု အကုသိုလ်ကံများ ပြုလုပ်ခဲ့ပုံ
အခြင်းအရာများ ထင်မြင်လာခြင်းကို
“အကုသိုလ်ကမ္မနိမိတ်ထင်သည်”ဟု ဆိုရပေသည်း

▬▬▬▬▬▬▬▬▬▬▬▬
“အကုသိုလ် ဂတိနိဓိတ်ထင်ပုံ”
▬▬▬▬▬▬▬▬▬▬▬▬
သူ့အသက်သတ်ခြင်းစသော မကောင်းမှုဒုစရိုက်
အကုသိုလ်ကံများကြသော ပုဂ္ဂိုလ်သတ္တဝါတို့သည်
နောက်ဘဝများတွင် မိမိတို့ ရောက်သွားကြရမည့်
ဘုံဘဝများ၏ မနှစ်သက်ဖွယ်ရာ၊
ကြောက်မက်ဖွယ်ရာများ ထင်မြင်လာကြပေသည်။
ငရဲကျရမည့်သူများမှာ ငရဲအိုး၊ ငရဲထိန်း၊ ငရဲမီးလျှံ၊
ခွေးနက်ကြီး စသည့် နိမိတ်များ ထင်မြင်လာကြပေသည်။

ပြိတ္တာဖြစ်ရမည့်သူများမှာ ပြိတ္တာတို့၏နေရာ၊
အရပ်ဒေသ စသည်များ ထင်မြင်လာကြပေသည်။

တိရစ္ဆာန်ဖြစ်ရမည့်သူများမှာ တိရစ္ဆာန်တို့၏နေရာအရပ်၊
တိရစ္ဆာန်မိခင် စသည်များ ထင်မြင်လာကြပေသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ ဌာနအာရုံများ
ထင်မြင်လာခြင်းကို “အကုသိုလ်၊ဂတိ
နိမိတ်ထင်သည်”ဟု ဆိုရပေသည်။

တစ်ချိန်သောအခါ သောဏတောင်ခြေ
အစေလကျောင်း၌ ဓမ္မကထိက သောဏမည်သော
မထေရ် သီတင်းသုံးနေထိုင်၏။ ထိုမထေရ်၏ ဖခင်သည်
ခွေးမုဆိုး အလုပ်ဖြင့် အသက်မွေး၏။ အသက်အရွယ်
ကြီးရင့်လာသောအခါ သောဏမထေရ်က
ဖခင်မုဆိုးကြီးကို ရဟန်းပြုပေးလိုက်လေသည်။
တစ်နေ့သ၌ ရဟန်းအိုကြီးတွင် ပျံလွန်တော်မူမည့်
ရောဂါ စွဲကပ်လာ၏။ ကုတင်ပေါ်တွင် လဲလျောင်း
နေစဉ်-“ချစ်သားသောဏ ငါ့ကို ကိုက်တော့မည့်
ခွေးကြီးတွေကို မောင်းပါဦး”ဟု ကြောက်လန့်သော
အသံ ဖြင့် အော်လေ၏။

အရှင်သောဏမထေရ်သည် ဖခင်ဦးဇင်းကြီး
“ငရဲ ဂတိနိမိတ်” ထင်လာသည်ကို သိသဖြင့်
ကိုရင်ငယ်များကို ပန်းများဆွတ်ခူးစေ၍
စေတီ၌ ပူဇော် ထားစေသည်။ ပန်းအခင်းများကို
စေတီရင်ပြင်၌ ခင်းထားစေ၏။ ထို့နောက် ဖခင်
ဦးဇင်းကြီးကို ကုတင်နှင့်တကွ စေတီရင်ပြင်သို့
မ,တင်စေ၏။ စေတီ ရင်ပြင်ပေါ်သို့ ရောက်သောအခါ
“ဦးဇင်းကြီးး မျက်စိဖွင့်ကြည့်ပါဦး။ဦးဇင်းကြီးအတွက်
ပန်းများပူဇော်ထားပါသည်။ ဘုရားကို ကြည်ညိုသော
စိတ်ဖြင့် ပူဇော်ကန်တော့ပါ”ဟုဆိုကာ ပူဇော်စေ၏။

ရှိခိုးပူဇော်ပြီးသောအခါ၊ တစ်ခဏမျှ မေ့မြောသွားလေ၏။
ထို့နောက် ကောင်းသော ဂတိနိမိတ်များ ထင်၍
ပြန်သတိရလာပြီးလျှင် “ကိုရင်တို့၊ သောဏတို့
ဖယ်ပေးကြ။သင်တို့မိခင်များ လာနေကြသည်”
ဟု ပြောဆိုပြီး ပျံလွန်တော်မူသွားလေ၏။
ကောင်းသောနတ်ပြည် ဂတိနိမိတ်များထင်၍
နတ်ပြည်သို့ ရောက်သွားလေ၏။

▬▬▬▬▬▬▬▬▬▬▬▬
“သဿတဒိဋ္ဌိဖြစ်ပုံ”
▬▬▬▬▬▬▬▬▬▬▬▬
ပုဂ္ဂိုလ်သတ္တဝါတစ်ယောက် ဘဝတစ်ပါးသို့
ကူးပြောင်းသွားရာ၌ အယူအဆလွဲပါလျှင် သဿတဒိဋ္ဌိ
ဖြစ်နိုင်ပေသည်။ မိမိတို့ မိဘရိုးရာ ဘာသာဝါဒ
အားလျော်စွာ ဘဝကူးရာမှာ အမျိုးမျိုးယူဆလျက်
ရှိကြပေသည်။ လူတစ်ယောက် ကွယ်လွန်
သွားသောအခါ ဤဘဝဟောင်းမှ ရုပ်ခန္ဓာကိုယ်ကြီးသည်
အသုဘသူသေကောင်အဖြစ်ဖြင့် ဤဘဝမှာ
ကျန်ရစ်ခဲ့ပေသည်။နာမ်ဝိညာဉ်ကတော့ ဘဝသစ်သို့
ကူးပြောင်းသွားပြီး ဘဝသစ်၌ ဖြစ်သည်”ဟု ယူဆလျက်
ရှိကြပေသည်။ ဤကဲ့သို့ ယူဆလျှင် “သတ္တဝါတို့၏
နာမ်ဝိညာဉ်မြဲသည်”ဟု ယူဆရာရောက်သောကြောင့်
သဿတဒိဋ္ဌိ ဖြစ်ပေသည်။

▬▬▬▬▬▬▬▬▬▬▬▬
“ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ပုံ”
▬▬▬▬▬▬▬▬▬▬▬▬
လူတစ်ယောက် ကွယ်လွန်သွားသောအခါ
ဤဘဝဟောင်း၊ ရုပ် ခနဓာကိုယ်နှင့် နာမ်ဝိညာဉ်
နှစ်ပါးစလုံးသည် ဤဘဝဟောင်းမှာပင် အပြီးတိုင်
ချုပ်ပြတ်သွားကြပေသည်။နောက်ဘဝ၌ဖြစ်သော
ပုဂ္ဂိုလ်သတ္တဝါသည် အသစ်တစ်ယောက်ဖြစ်ပေသည်”
ဟု ယူဆလျက် ရှိကြပေသည်။ ဤကဲ့သို့ ယူဆလျှင်
“သတ္တဝါတို့သည် ဘဝချုပ်ပြတ်သည်”ဟု ယူဆ
ရာရောက်သောကြောင့် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ပေသည်။

“သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ လွတ်ကင်းပုံ”
ပုဂ္ဂိုလ်သတ္တဝါတို့၏ ယခုဘဝမှ ကွယ်လွန်၍
နောက်ဘဝများ၌ သွားရောက်ဖြစ်ကြရခြင်း
ပဋိစ္စသမုပ္ပါဒ် တရားဒေသနာတော်အရ အကြောင်းနှင့်
အကျိုး ဆက်စပ်၍ ဖြစ်ရခြင်းဝင် ဖြစ်ပေသည်။
ယခုမျက်မှောက်ဘဝမှ ကံစသော အကြောင်းများကြောင့်
နောက်ဘဝများ၌ သွားရောက်၍ ဖြစ်ကြရပေသည်။
ပဋိသန္ဓေ နေကြရပေသည်။

❖ဥပမာ-တောတောင်လိုဏ်ခေါင်းများအတွင်း၌
ဟေ-ဝေ ဟူ၍ အော်လိုက်သောအခါ ဟေ-ဝေ
ဟူသော ပဲ့တင်သံများကို ပြန်ကြားရပေသည်။
ယင်းပဲ့တင်သံသည် မူလအော်လိုက်သောအသံလည်း
မဟုတ်ပေ။ မူလ အော်လိုက်သောအသံနှင့်
ကင်း၍လည်း မဖြစ်နိုင်ပေ။ မူလအသံကြောင့်
ဖြစ်ပေါ်လာသော ပဲ့တင်သံကဲသို့့ ယခုဘဝမှ ကံစသော
အကြောင်းများကြောင့် နောင်ဘဝသစ်၌ ပဋိသန္ဓေ
နေရ ၊ ဖြစ်ရခြင်းပင် ဖြစ်ပေသည်။

မူလအော်လိုက်သောအသံနှင့် ယခုဘဝမှ ကံစသော
အကြောင်းများနှင့် တူပေသည်။ ပဲ့တင်သံနှင့်
နောက်ဘဝသစ်၌ ပဋိသန္ဓေ နေရ၊
ဖြစ်ရခြင်းနှင့်တူပေသည်။

❖နောက်ဥပမာတစ်ခုမှာ - ကိုယ်လုံးပေါ်မှန်ရှေ့၌
လူတစ်ယောက် သွားရောက်၍ ရပ်လိုက်သောအခါ
ထိုလူ၏အရိပ်သည် မှန်ထဲ၌ သွားရောက်ထင်လေသည်။
မှန်ထဲ၌ထင်သောအရိပ်သည် ရပ်နေသောလူလည်း
မဟုတ်ပေ။ ထိုလူ နှင့်ကင်း၍လည်း မဖြစ်နိုင်ပေ။
ရပ်နေသောလူကြောင့် ဖြစ်ပေါ်လာသော အရိပ်ကဲ့သို့
ယခုဘဝမှ ကံစသော အကြောင်းများကြောင့်
နောက်ဘဝသစ်၌ ပဋိသန္ဓေနေရ ၊ဖြစ်ရခြင်းပင်
ဖြစ်ပေသည်။

မှန်ရှေ့၌ရပ်နေသောသူနှင့် ယခုဘဝမှ ကံစသော
အကြောင်းများနှင့် တူပေသည်။ မှန်ထဲ၌ရှိသော အရိပ်နှင့်
နောက်ဘဝသစ်၌ ပဋိသန္ဓေ နေရ၊
ဖြစ်ရခြင်းနှင့် တူပေသည်။

❖နောက်ဥပမာတစ်ခုမှာ - ရှေးဦးစွာထွန်းထားသော
မီးတိုင်မှ ဒုတိယ မီးတိုင်ကို ထွန်းညှိယူလိုက်သော
အခါ ဒုတိယမီးတိုင်၌ ရရှိသွားသောကမီးသည်
ပထမမီးတိုင်မှ မီးလည်း မဟုတ်ပေ။ ပထမမီးတိုင်မှ
မီးနှင့် ကင်း၍လည်း မဖြစ်နိုင်ပေ။ ပထမမီးတိုင်မှ
မီးကြောင့် ရရှိသွားသောမီးပင် ဖြစ်သကဲ့သို့
ယခုဘဝမှ ကံစသော အကြောင်းများကြောင့်
နောက်ဘဝသစ်၌ ပဋိသန္ဓေ နေရ၊ ဖြစ်ရခြင်းပင်
ဖြစ်ပေသည်။

ပထမမီးတိုင်မှ မီးနှင့် ယခုဘဝမှ ကံစသော
အကြောင်းများနှင့် တူပေသည်။ ဒုတိယမီးတိုင်မှ
မီးနှင့် နောက်ဘဝသစ်၌ ပဋိသန္ဓေ နေရ၊ ဖြစ်ရခြင်းနှင့်
တူပေသည်။

❖နောက်ဥပမာတစ်ခုမှာ - တံဆိပ်တုံး၌ မင်သုတ်၍
စာရွက်ပေါ်တွင် ရိုက်ချလိုက်သောအခါ စာရွက်၌
စာလုံးများ ထင်သွားပေသည်။ ထိုစာရွက် မှ
စာလုံးများသည် တံဆိပ်တုံးထဲမှ စာလုံးများလည်း
မဟုတ်ပေ။ တုံးမှ စာလုံးများနှင့် ကင်း၍လည်း
မဖြစ်နိုင်ပေ။တံဆိပ်တုံးထဲမှ စာလုံးများကြောင့်
စာရွက်ပေါ်တွင် စာလုံးများ ထင်လာသကဲ့သို့
ယခုဘဝမှ ကံစသော အကြောင်းများကြောင့်
နောက်ဘဝသစ်၌ ပဋိသန္ဓေနေရ၊ ဖြစ်ရခြင်းပင်
ဖြစ်ပေသည်။

တံဆိပ်တုံးထဲမှ စာလုံးများနှင့် ယခုဘဝမှ
ကံစသော အကြောင်းများနှင့် တူပေသည်။
စာရွက်ပေါ်၌ထင်လာသော စာလုံးများနှင့် နောက်
ဘဝသစ်၌ ပဋိသန္ဓေနေရေး၊ ဖြစ်ရခြင်းနှင့် တူပေသည်။

“ဤကဲ့သို့ ယခုဘဝဟောင်းမှ ကံစသော
အကြောင်းများကြောင့် နောက်ဘဝသစ်၌
ပဋိသန္ဓေ နေရ၊ ဖြစ်ရသည်” ဟု ယူဆခဲ့သော်
“တစ်ဘဝ မှ တစ်ဘဝသို့ ကူးပြောင်းရာတွင်
အကြောင်း အကျိုးဆက်စပ်၍ ကူးပြောင်းရသည်”
ဟု မှန်ကန်သော သမ္မာဒိဋ္ဌိအယူမှန် ဖြစ်လာပေသည်။
သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ အယူမှားများမှ
လွတ်ကင်းကြရပေသည်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာစည်နာယက၊အဂ္ဂမဟာ
ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】