“ရည်စူးဒါန”
••••••••••••••••••••••••••••••••••
ကွယ်လွန်သူအတွက် ရည်စူးဒါန ပြုပေးရာမှာ
လူ့ဘုံနှင့်တိရိစ္ဆာန်ဘုံကို ရောက်သွားသူမှအပ
ကျန်သော ဘုံကိုရောက်သွားသူတွေ သာဓု
ခေါ်နိုင်တယ်လို့ သိရပါတယ်ဘုရား။
ကွယ်လွန်သူဟာ အပါယ်လေးဘုံထဲက ပြိတ္တာဘုံကို
ရောက်သွားပြီး ကျန်ရစ်သူ မိသားစုက သူ့အတွက်
ရည်စူးပြီး လုပ်ပေးတဲ့ ကောင်းမှုတွေကို
သာဓုခေါ်နိုင်ခဲ့မယ်ဆိုရင် သူ့မှာလည်း
လုပ်ခဲ့ဘူးတဲ့ ကုသိုလ်တွေ ရှိမယ်ဆိုရင်
သုဂတိဘုံကို ရောက် သွားနိုင်ပါသလား ဘုရား။
ကျန်ရစ်သူမိသားစုက ပြုပေးတဲ့ ကောင်းမှုအတွက်
သာဓုခေါ်နိုင်ပေမယ့် အကုသိုလ်ကံများတဲ့အတွက်
သုဂတိဘုံကို မရောက်နိုင်ဘဲ ရောက်ဆဲဘုံမှာ
ဆက်ဖြစ်နေမယ်ဆိုရင် အဲဒီဘုံမှာ ဘယ်လို
နေထိုင်ရသလဲဆိုတာ သိချင်ပါတယ် ဘုရား။
အနေအစား ပြည့်စုံတယ်ဆိုရင်လည်း
ဘယ်လိုနည်းနဲ့ ပြည့်စုံတာပါလဲ ဘုရား။
(Pure coffeeex)

“ဘယ်သူရ”
••••••••••••••••••••••••••••••••••
“သေသူကို ရည်ညွှန်းပြီး ကုသိုလ်ဒါနပြုရင်
အဲဒီလူ ရကောရပါသလား။”
“အချို့ရတယ်၊ အချို့မရဘူး။”
“ဘယ်သူတွေရပြီး ဘယ်သူတွေ မရတာတုန်း။”
“ငရဲသား နတ် တိရစ္ဆာန်ဖြစ်သွားသူတွေနဲ့
ဝန္တာသိကပြိတ္တာ (အစာကိုအန်ထုတ်ရသူ)၊
ခုပ္ပိပါသပြိတ္တာ (အမြဲဆာလောင်နေသူ)၊
နိဇ္ဈာမ တဏှိကပြိတ္တာ (ဝမ်းခေါင်း ပြောင်ပြောင်
တောက်လောင်နေသူ) ဆိုတဲ့ ပြိတ္တာသုံးမျိုးထဲ
တစ်ခုခု ဖြစ်သွားသူ မရ။

ပရဒတ္တူပဇီဝီပြိတ္တာမျိုး (သူတစ်ပါး ပေးကမ်းသည်ကို
မှီ၍ အသက်ရှင်ရသူ)တွေပဲ ရတယ်။ ဒါပေမယ့်
ကျန်ရစ်သူတို့ရဲ့ ရည်စူးဒါနကို သိမှရတယ်။
မသိရင် မရဘူး ။(မိလိန္ဒ၊ ၂၈၄)။”

မေးခွန်းမှာ “သာဓုခေါ်နိုင်တယ်” ဆိုတာကို
“ကုသိုလ်အမျှကို ရနိုင်တယ်”လို့ ဆိုလိုရင်
“ကွယ်လွန်သူအတွက် ရည်စူးဒါန ပြုပေးရာမှာ
လူ့ဘုံနဲ့တိရစ္ဆာန်ဘုံကို ရောက်သွားသူမှအပ ကျန်
ဘုံကို ရောက်သွားသူတွေ သာဓုခေါ်နိုင်တယ်”
ဆိုတဲ့ နားလည်ထားမှုကို အဲဒီ ကျမ်းဂန် စကားနဲ့
ပြန်ပြီး ညှိယူပါ။

“အမျှမျှော်သူ”
••••••••••••••••••••••••••••••••••
တိရောကုဋ္ဋ သုတ္တန်အရ ဗိမ္ဗိသာရမင်းရဲ့ ဆွေမျိုး
ဖြစ်ဖူးတဲ့ ပြိတ္တာတွေဟာ မင်းကြီးဆီက ကုသိုလ်အမျှကို
မျှော်လင့်နေကြဆဲမှာ မင်းကြီးကလည်း
သူတို့အတွက် အထူးရည်စူးပြီး ကုသိုလ်ဒါန
ပြုပေးလိုက်တဲ့ အချိန် အဲဒီပြိတ္တာတွေက
သာဓုလည်း ခေါ်လိုက်ရော အဲဒီဘဝဆိုးကနေ
ချက်ခြင်း လွတ်မြောက်သွားကြောင်း
(ခုဒ္ဒကပါဌ-ဋ္ဌ၊ ၁၆၉)ဆိုပါတယ်။
လွတ်မြောက်သွားတယ်ဆိုတော့ မကောင်းတဲ့
အခြေအနေတစ်ခုကနေ ကောင်းတဲ့ အခြေအနေ
တစ်ခုဆီ ရွေ့သွားတာပဲ ဖြစ်မှာပေါ့။
သူတို့ ကိုယ်တိုင်ကလည်း အဲဒီ ဘဝအခြေအနေကို
မနှစ်သက်ဘဲ အခြားဘဝ တစ်ခုကို တောင့်တလို့၊
အဲဒီလိုတောင့်တနိုင်တဲ့ ဉာဏ်လည်းရှိလို့
ရွေ့သွားတယ်လို့ ဆိုနိုင်အံ့ ထင်ပါတယ်။
ယခင်ဘဝ တစ်ခုမှာ ဘုရားတစ်ဆူကို
ဆွမ်းကပ်ဖို့ အခွင့်အရေး ရခဲ့ကြတဲ့အတွက် သူတို့ဟာ
ခေသူတွေ မဟုတ်ဘူး ဆိုတာကိုတော့ မှတ်သင့်တယ်။

“သာဓုခေါ်ပါ”
••••••••••••••••••••••••••••••••••
ဆိုပါစို့၊ ရှင်ပြုပွဲတစ်ခုကို ဖိတ်လို့သွားတယ်။
အလှူရှင်က အမျှမျှယူတော် မူကြပါကုန်လော့
လို့ ဆိုဆဲ ကိုယ်ကလည်း ငါ့ကို ကုသိုလ်
အမျှဝေတာပဲလို့ နားလည်ပြီး ဝမ်းပန်းတသာ
သာဓုခေါ်ရင် မိမိစိတ်ထား ထက်သန်သရွေ့
အဖို့ရတဲ့ ကုသိုလ်ရဲ့ စွမ်းအင် ကြီးနိုင်တယ်။
နတ်တွေ ဗြဟ္မာတွေလည်း အဲဒီလိုတော့
ဖြစ်နိုင်စရာရှိတယ်။

ငရဲနဲ့ တိရစ္ဆာန်ဘုံ တွေမှာတော့ ဒုဂ္ဂတိအဟိတ်
ပဋိသန္ဓေကြောင့် သိမြင်နားလည်မှု မရှိလို့
ကုသိုလ်ဖြစ်ခွင့် အင်မတန် နည်းပါလိမ့်မယ်။
ဗုဒ္ဓရဲ့တရားသံကို ကြည်ညိုနိုင်တဲ့ ဖားတိရိစ္ဆာန်မျိုးက
ရှားသား။ ဒါကြောင့် ရည်စူးဒါန မဟုတ်ပေမယ့်
အသိဉာဏ်ရှိသူ အဖို့ သာဓု ခေါ်ခွင့်ရချိန်
လှိုက်လှိုက်လှဲလှဲ သာဓု ခေါ်နိုင်ရင်ပတ္တာနုမောဒန
(အမျှကို ဝမ်းသာစွာ ခံယူခြင်း) ကုသိုလ်ကို
ရကြောင်းလည်း မှတ်ပါ။

“ဖြစ်ဆဲဘုံမှာ”
••••••••••••••••••••••••••••••••••
သတ္တဝါတိုင်းမှာ ရောက်ဆဲဘဝကို တပ်မက်တဲ့
ဘဝနိကန္တိ လို့ခေါ်တဲ့ တဏှာရှိတယ်။
အဲဒီ တဏှာကြောင့် သတ္တဝါတိုင်း ရောက်ဆဲ
ဘဝမှာ ပျော်တယ်။ နောက်ချေးပိုးဟာ နောက်ချေးတုံးကို
“ဗိမာန်” လို့ ထင်နေမှာပဲ။ လူ့အမြင်အရ နှစ်သက်စရာ
မဟုတ်နိုင်ပေမယ့် သူတို့က အဲဒါမျိုးကိုပဲ နှစ်သက်မှာ။

ဒါကြောင့် ဘဝနိကန္တိ ပြင်းပြလို့ဖြစ်စေ၊
အကုသိုလ် များလို့ပဲ ဆိုဆို သာဓုခေါ်ခွင့် ရပေမယ့် ၊
ရောက်ဆဲဘဝမှာ ဆက်ဖြစ်နေရင် အဲဒီဘဝအနေနဲ့
စည်းစိမ်ဥစ္စာလို့ ယူဆရတဲ့ အရာတွေကို
ရသွားနိုင်ပါတယ်။ ဥပမာ - သစ်ပင်ဟာ နေစရာ
ဗိမာန်ဆိုရင် သစ်ဗိမာန်ကို ရမှာပဲ။ တံတွေးစတဲ့
အညစ် အကြေးကိုစားရင် အညစ်အကြေးကို
ဗုံးပေါလအောရမှာပဲ။။
(ပရမတ္ထစက္ခုကျမ်း၊ စာ-၈၉)
【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【ဆရာတော်အရှင်ကေလာသ၏
“ဓမ္မအမေးအဖြေများ”မှ -ကူးယူပူဇော်ပါသည်။】