“အသက်ရှည်လေ ပိုကောင်းလေ”
•••••••••••••••••••••••••••••••••••••••
“လူတိုင်းလူတိုင်းဟာ အသက်ရှည်လေ၊
ပိုကောင်းလေ ဖြစ်သလား လို့ မေးခွန်းထုတ်စရာ
ရှိတယ်။လူတိုင်းလူတိုင်းကတော့ အသက်ရှည်ချင်
ကြတာချည့်ပဲ။ဒါလေကြာင့် တောင်းဆုယူကြတဲ့
အခါမှာ “အသက်ရှည်ကြပါစေ၊
ကျန်းမာကြပါစေ၊အသက်ရှည်ကြပါစေ”
ဆိုတဲ့ ဆုတောင်းမှု ဆုယူမှုပြုကြတာ ဖြစ်တယ်။

လူ့ဘဝရလာပြီးတဲ့အခါမှာ အသက်ရှည်ဖို့ဆိုတာ
လူတိုင်းလူတိုင်း လိုလား တောင့်တတဲ့ အရာတစ်ခု
ဖြစ်တယ်။သို့သော် လူတိုင်းအဖို့ အသက်ရှည်တာဟာ
ပိုကောင်းလားဆိုပြီး မေးခွန်းထုတ်ပြီး
အဖြေရှာသင့်တယ်။

မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ ညှိနှိုင်းပြီး ကြည့်မယ်
ဆိုရင် ဘယ်လိုပုဂ္ဂိုလ်တွေဟာ အသက်ရှည်လေ
ပိုကောင်းလေဖြစ်တယ်၊ ဘယ်လိုပုဂ္ဂိုလ်တွေဟာ
အသက်ရှည်ရင် မကောင်းဘူးဆိုတဲ့ အနေအထားမျိုး
ရောက်နိုင်သလဲ။
လူတိုင်းလူတိုင်းအဖို့ အသက်ရှည်တိုင်းတော့
ကောင်းတာမဟုတ်ဘူး။အသက်ရှည်ပြီး မကောင်းမှု
အကုသိုလ်တွေများမယ့် ပုဂ္ဂိုလ်တွေဆိုရင်တော့
အသက်ရှည်တာ သူ့အဖို့မှာ မကောင်းဘူး။
အသက်ရှည်လေ ဝန်ထုပ်ဝန်ပိုး ကြီးမားလာလေလေ။
အသက်ရှည်လေလေ အကုသိုလ် ဝန်ပိလာလေ။
ဒါကြောင့်မို့ လူတိုင်းလူတိုင်း အသက်ရှည်တာဟာ
ကောင်းကျိုး ချမ်းသာရဖို့အတွက် မဖြစ်ဘူးလို့။
အခုလို ဆရာတော်ဘုရားကြီးလို ပုဂ္ဂိုလ်မျိုးတွေ
ကျတော့ “အသက်ရှည်လေ ပိုကောင်းလေ”လို့
ဒီလို ပြောရမယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဟောထားတယ်။
ဒေသနာတော်မှာ
“ယော စ ဝဿသတံ ဇီဝေ၊
ကုသိတော ဟီနဝီရိယော။
ဧကောဟံ ဇီဝိတံ သေပေယျာ၊
ဝီရိယမာရဘတော ဒဠံ”ဟောတယ်။

အတွေးအမြင်တွေက မြတ်ဗုဒ္ဓရဲ့ အဆုးအမတွေနဲ့
လောကလသားတွေရဲ့ တွေးခေါ်မှုတွေဟာ
ကွဲပြား ခြားနားမှု ရှိတယ်။လောကမှာ အကုသိုလ်တွေ
ထူပြောနေတဲ့ လူပျင်းတစ်ယောက်ဟာ
အသက်တစ်ရာ ရှည်ပေမယ်လို့ တန်ဖိုးမရှိဘူး။
ကြိုးးစားအားထုတ်မှု လုံ့လ ဝီရိယရှိတဲ့
ပုဂ္ဂုလ်တစ်ယောက်ရဲ့ တစ်နေ့တာ အသက်ရှင်
ရတာက ပိုကောင်းသေးတယ်။

ဆိုလိုတာက လူပျင်းတစ်ယောက်ရဲ့ အနှစ်တစ်ရာ
အသက်ရှင်မှုဟာ ကြိုးစားအားထုတ်သူတစ်ယောက်ရဲ့
တစ်နေ့တာ အသက်ရှင်ရတာ လောက်တောင်
တန်ဖိုးမရှိဘူးလို့ ဒီလိုဆိုလိုတယ်။

ကြိုးးစားအားထုတ်မှု လုံ့လဝီရိယရှိတဲ့ ပုဂ္ဂိုလ်ရဲ့
အနှစ်တစ်ရာ အသက်ရှည်တာကျတော့ တန်ဖိုး
မဖြတ်နိုင်ဘူး။အသက်ရှည်လေ ပိုကောင်းလေ။
တစ်နေ့ အသက်ရှည်တောင် သူ့အတွက် တန်ဖိုးတွေ
တက်လာတယ်။ဒီလို ဆိုလိုတာပေါ့။

မြတ်စွာဘုရားက “ကုသီတော ဟီနဝီရိယော”-
ကုသီတ၊ ဆိုတာ စက်ဆုပ်ဖွယ် နစ်မြှုပ်သွားတဲ့ ပုဂ္ဂိုလ်မျိုး၊
ဆိုပါစို့- လူတစ်ယောက်ဟာ လောကမှာ
ကောင်းကျိုးး ချမ်းသာတွေရအောင် မကြိုးစားဘူး၊
စီးပွားဥစ္စာ တိုးတက်အောင်လည်း မကြိုးစားဘူး၊
ကုသိုလ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း မကြိုးစားဘူး၊
ပျင်းရိပြီး လုံ့လဝီရိယမရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ
အသက်ရှည်နေလည်း သူ့အတွက် ဘာတန်ဖိုးမှ
တက်မလာဘူး။ဘာတန်ဖိုးမှ တက်မလာသည့်
အတွက်ကြောင့် အနှစ်တစ်ရာ အသက်ရှည်လည်း
သူ့အတွက် တန်ဖိုးမရှိဘူး။၊ပျင်းရိနေသည့် အတွက်ကြောင့်
အကုသိုလ် အညစ်အကြေးတွေက သူ့သန္တာန်မှာ
ပိုလို့ပိုလို့များလာတာ ဖြစ်တယ်။ဒါကြောင်မို့
ပျင်းရိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အသက်ရှင်မှုဟာ
တန်ဖိုးမရှိဘူး။လုံ့လဝီရိယရှိရှိနဲ့ ကြိုးးစား
အားထုတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့အသက်ရှင်မှုကတော့
တန်ဖိုးရှိတယ်။

ဒီနေရာမှာ “ပျင်းရိတယ်၊ လုံ့လဝီရိယရှိတယ်”
ဆိုတာ ဘယ်လိုသိရလဲ။လူတွေကတော့ ထင်ကောင်း
ထင်လိမ့်မယ်။နေ့စဉ်နဲ့အမျှ စားဝတ်နေရေးတွေ
လုပ်နေတာ မပျင်းဘူးပေါ့။လုပ်စရာ ကိုင်စရာတွေ
ရှိတာ တက်တက်ကြွကြွလုပ်ပေးတယ်။
ဒါကို “လူပျင်း” လို့ မခေါ်နိုင်ဘူးလို့
ပြောကောင်း ပြောလိမ့်မယ်။
❖ဓမ္မရှုထောင့်ကနေ ကြည့်လို့ရှိရင် လူပျင်း
ဆိုသည်မှာ ဘယ်လိုဟာလဲ။ “ကာမဂုဏ်အာရုံ
အတွေးတွေထဲမှာ နစ်မြှုပ်ပြီး နေတဲ့ ပုဂ္ဂိုလ်၊
ကာမဂုဏ်အာရုံ ခံစားဖို့ရာ တွေးပြီးတော့ အဲဒီ
အတွေးရေယဉ်ကြောမှာ လွင့်မျောနေတဲ့
ပုဂ္ဂိုလ်” ကို လူပျင်း လို့ပဲ သတ်မှတ်တယ်။

❖နောက်တစ်ခုက လူတစ်ဦးတစ်ယောက်ကို
ဒေါသနဲ့ ညှင်းးပန်းနှိပ်စက်လိုတဲ့ စိတ်ဓာတ်တွေနဲ့
ကြံတွေးနေတဲ့ပုဂ္ဂိုလ်ဟာ၊ ပျင်းရိတဲ့ပုဂ္ဂိုလ်။

❖တစ်နည်းအားဖြင့် ပြောမယ်။ကိုယ့်သန္တာန်မှာ
လောဘတွေ ၊ ဒေါသတွေ ၊မောဟတွေ မကောင်းတဲ့
စိတ်ရဲ့ အညစ်အကြေးတွေ ရှိနေပါလျက်နဲ့
ဒီစိတ်ရဲ့ အညစ်အကြေးတွေ ဖယ်ရှားဖို့ မကြိုးစားဘူး
ဆိုရင် “လူပျင်း” လို့ပဲ သတ်မှတ်တယ်။

ဘယ်လောက်ပဲ စီးပွားရှာရှာ ကြိုးကြိုးစားစား လုပ်နေနေ၊
မိစ္ဆာဝိတက်လို့ဆိုတဲ့ မှားယွင်းတဲ့အတွေးတွေရဲ့
နောက်လိုက်ပြီး ဒါတွေကို လက်ခံနေသမျှ
ကာလပတ်လုံး၊ တွန်းလှန်ဖယ်ရှားဖို့ မပြုတဲ့ပုဂ္ဂိုလ်ဟာ
မကောင်းတဲ့အကုသိုလ်နဲ့ ပတ်သက်ပြီး
ကာမဂုဏ်အာရုံ ခံစားဖို့တွေ တွေးတယ်။
လောဘနဲ့ ကြံတွေးတယ်။
ဗျာပါဒဝိတက် ဒေါသနဲ့ ကြံတွေးတယ်။
ဝိဟိံသာဝိတက် တစ်ဖက်သားကို ညှင်းဆဲဖို့၊
သတ်ဖြတ်ဖို့အတွေးတွေနဲ့ တွေးတယ်။
အဲဒီအကုသိုလ် အတွေးတွေ လက်ခံပြီး
တွန်းလှန်ဖယ်ရှားခြင်း မလုပ်တဲ့ ပုဂ္ဂိုလ်ဟာ
“လူပျင်း” ပဲ။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ပျင်းရိတယ် ဆိုတဲ့အဆင့်က လွတ်အောင်
ဘာလုပ်ရမလဲ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အဲဒီပုဂ္ဂိုလ် တစ်ယောက်ရဲ့ အနှစ်တစ်ရာ
အသက်ရှည်မှုဟာ လုံးဝတန်ဖိုးမရှိဘူးလို့ ဒီလို
ဆိုရမယ်။ ဒါကြောင့်မို့ ဘုန်းကြီးတို့တတွေ
ပျင်းရိတယ် ဆိုတဲ့အဆင့်က လွတ်အောင်
ဘာလုပ်ရမလဲ။

✦ကိုယ့်သန္တာန်မှာ မဖြစ်သေးတဲ့ လောဘ၊ ဒေါသ၊
မောဟ တွေဆိုတဲ့ အကုသိုလ်တရားတွေ
ကိုယ့်သန္တာန်မှာ မဖြစ်အောင် ကြိုးစားရမယ်။
✦ဖြစ်လာတဲ့ အကုသိုလ်တရားတွေကို တွန်းလှန်
ဖယ်ရှားဖို့ ကြိုးစားရမယ်။
✦မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ကိုယ့်သန္တာန် မှာ
ဖြစ်လာအောင် ကြိုးးစားရမယ်။
✦ဖြစ်ပြီးသား ကုသိုလ်တရားတွေ တိုးပွားအောင်
ကြိုးစားရမယ်။

အဲဒီလို ကြိုးပမ်းအားထုတ်မှုလေးရပ်နဲ့ ပြည့်စုံတဲ့
ပုဂ္ဂိုလ်မှ ကြိုးးပမ်း အားထုတ်သူလို့ ဒီလိုဆိုလိုတာ။
အဲဒီလို ကြိုးစား အားထုတ်နေတဲ့ပုဂ္ဂိုလ်မှ
တစ်ရက်အသက်ရှည်လည်း တန်ဖိုးရှိတယ်။
ဒီလိုကြိုးးစားနေ သည့် အတွက်ကြောင့်
အသက်ရှည်လေ ပိုကောင်းလေပဲ။

အဲဒီလို လုံ့လဝီရိယရှိရှိနဲ့ ဘဝမှာ နေထိုင်မှ တန်ဖိုး
မဖြတ်နိုင်တာ။အသက်ရှည်လေ ပိုကောင်းလေလို့
ဒီလိုဆိုတာ။အဲဒီတော့ ဒီစံနှုန်းနဲ့ ကြည့်လိုက်လို့ရှိရင်
တို့တတွေဟာ ဒီစံနှုန်းထဲ ပါမယ်၊မပါဘူးဆိုတာ
ကိုယ့်ဟာကိုယ် စဉ်းစားဆုံးဖြတ်ကြရမှာ ဖြစ်တယ်။

အကယ်၍ ဆိုပါစို့-
✦ဒေါသ မဖြစ်သေးရင် မဖြစ်အောင် ကြိုးစားအားထုတ်။
✦ဖြစ်လာတဲ့ဒေါသကို လက်မခံနဲ့။ဖယ်ရှားပစ်ဖို့ ကြိုးစား။
✦မေတ္တာတရားတွေ ကိုယ့်စိတ်ထဲမှာ မဖြစ်သေးရင်
ဖြစ်အောင်လုပ်။
✦ဖြစ်လာတဲ့ မေတ္တာဘာဝနာတွေ တိုးတက် ပွားများ
လာအောင်လုပ်။
ဒီလိုမလုပ်ဘူးဆိုရင် ကိုယ်ဟာ လူပျင်းတစ်ယောက်ပဲ။
ဒီလိုပဲ သတ်မှတ်တယ်။အကုသိုလ်တွေ လက်ခံထားတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဟာ လူပျင်းတစ်ယောက်
လို့ ဒီလိုပဲ သတ်မှတ်တယ်။

မြတ်စွာဘုရားက ဒါကို ဆိုလိုတာ။
“ကုသိတော ဟီနဝီရိယော” ကြိုးပမ်းအားထုတ်မှုတွေ
ကင်းပြီးတော့ ပျင်းရိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ
“ဝဿသတံ ဇီဝေ” အနှစ်တစ်ရာ အသက်ရှည်ပါစေ။
မမြတ်ပါဘူး၊ တန်ဖိုးမရှိပါဘူး။
“ဧကာဟံ ဇီဝိတံ သေယျော၊ ဝီရိယမာရဘတော”
အကုသိုလ်တွေကို တွန်းလှန်ဖယ်ရှားဖို့၊
ကုသိုလ်တရားတွေ ကိုယ့်သန္တာန်မှာဖြစ်ဖို့ ကြိုးစား
အားထုတ်နေတဲ့ ပုဂ္ဂိုလ်ရဲ့တစ်နေ့တာ အသက်ရှင်
ရတာက တန်ဖိုးရှိပါသေးတယ်။

အကုသိုလ်တွေကို တွန်းလှန်ဖယ်ရှားနေတဲ့ ပုဂ္ဂိုလ်၊
ကုသိုလ်တရားတွေ ဖြစ်သွားအောင် ကြိုးစားနေတဲ့
ပုဂ္ဂိုလ်ရဲ့ အသက်ရှည်မှုကျတော့
“အသက်ရှည်လေ ပိုကောင်းလေ”လို့
ဒီလိုဆိုတယ်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အသက်ရှည်လေ ပိုကောင်းလေ ဖြစ်ဖို့…”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အဲဒီတော့
ကိုယ့်ကိုယ်ကို အသက်ရှည်လေ
ပိုကောင်းလေ ဖြစ်ဖို့ရာအတွက် ဘာလုပ်ရမလဲ။

မိမိ သန္တာန်မှာရှိတဲ့ အကုသိုလ်တရားတွေ
ဖယ်ရှားဖို့ ကြိုးပမ်းနေရမှာ ဖြစ်တယ်။
မဖြစ်သေးရင် မဖြစ်အောင် ဆို့ပိတ်ရမယ်။
ဖြစ်လာလို့ရှိရင် ဖယ်ရှားဖို့ ကြိုးစားရမယ်။
မဖြစ်သေးတဲ့ ကုသိုလ်တွေ၊ မဖြစ်သေးတဲ့
ကုသိုလ်ဆိုတာ ဒါနကောင်းမှု မလုပ်သေးဘူး
ဆိုရင် လုပ်မိအောင် ကြိုးစား။
သီလ မဆောက်တည်သေးဘူး၊
ငါးပါးသီလမလုံသေးဘူး ဆိုရင် လုံအောင်ကြိုးစား၊
ဥပုသ် မစောင့်ဘူးဆိုရင် စောင့်ဖြစ်အောင် ကြိုးစား၊
ကမ္မဋ္ဌာန်းဘာဝနာ အားမထုတ်ရသေးဘူး
ဆိုရင် အားထုတ်ဖြစ်အောင် ကြိုးစား၊
မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ကိုယ့်သန္တာန်မှာ
ဖြစ်အောင်လုပ်။ဖြစ်ပြီးသား ကုသိုလ်တရားတွေ
ကိုယ့်သန္တာန်မှာ တိုးပွားစေအောင် အမြဲလုပ်နေရမှာ
ဖြစ်တယ်။

လောကလူတွေက တိုးပွားအောင်
ဘာတွေ လုပ်တုန်းဆိုတော့ ငွေကြေးဓန
တိုးပွားအောင် ကြိုးစားကြတယ်လေ။
ကိုယ့်မှာ သိန်းတစ်ရာရှိရင် နှစ်ရာရှိအောင်၊
နှစ်ရာရှိရင် သုံးရာရှိအောင်။ဒီလို ကြိုးစားကြတယ်။
ကုသိုလ်ရေးရာနဲ့ ပတ်သက်ပြီးတော့
အဲဒီလို ကြိုးစားမှုကမှ တကယ်တန်ဖိုးရှိတယ်
လို့ဆိုရမယ်။ပစ္စည်းဥစ္စာတွေ ဘယ်လောက်
ချမ်းသာ၊ချမ်းသာ သေရင် အားလုံးထားခဲ့ရမှာ ဖြစ်တယ်။
မသေခင်ကာလလေးမှာပဲ အသုံးချလို့ ရတာ။
တကယ့်တန်ဖိုး အစစ် မဟုတ်ဘူး။
တကယ့် တန်ဖိုးအစစ်က ကိုယ်လုပ်တဲ့
ကုသိုလ်ကောင်းမှုတွေ သာလျှင် တကယ့်
တန်ဖိုးအစစ်ပါ။အဲဒီတော့
“အသက်ရှည်လေ ပိုကောင်းလေ” ဖြစ်အောင်
တို့တတွေဟာ နေ့စဉ်နဲ့အမျှ ကုသိုလ်တစ်ခုကို
လုပ်မိနေအောင် ကြိုးစားအားထုတ်ဖို့ လိုအပ်တယ်။

ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်။
ငါ့မှာ ငါးပါးသီလ ပြည့်ပြည့်ဝဝလုံရဲ့လား။
ဒေါင်ဒေါင်မြည်ဖြစ်ပြီလား။
ကိုယ့်ကိုယ်ကို စဉ်းစား။
မဖြစ်သေးရင် ဖြစ်အောင်လုပ်။
ဒီလိုကြိုးစားအားထုတ်ရမယ်။
အဲဒီလို ကြိုးစားအားထုတ်လို့ ငါးပါးကနေ
ရှစ်ပါး ထိအောင် တိုးပြီး စောင့်ရှောက်။
ရှစ်ပါးကနေ ဆယ်ပါး၊ အခုလို တိုးတက်
ပွားများလာအောင် ကုသိုလ်တရားကို
ကြိုးစားအားထုတ်ရမှာ ဖြစ်တယ်။
အဲဒီလို ကြိုးစားအားထုတ် သူရဲ့
“အသက်ရှည်မှုက သာလျှင် “အသက်ရှည်လေ
ပိုကောင်းလေ”လို့ ဒီလို ပြောတာ။

အဲဒီလို မလုပ်ဘဲနဲ့ စားဝတ်နေရေးနဲ့ပဲ
တစ်နေ့တာ အချိန်ကုန်တယ်။စားစရာရှာတယ်။
နေစရာရှာတယ်။ဝတ်စရာရှာတယ်။
ဒါတွေနဲ့ပဲ အချိန်ကုန်နေတာ။
ကြိုးစားအားထုတ်ရာ မရောက်ဘူး၊
သေရင် အကုန်လုံး ထားပစ်ခဲ့ရတာ ဖြစ်သောကြောင့်
ကိုယ့်အတွက် ဘာတန်ဖိုးမှ မရှိဘူး။
ဒီလို ဆိုလိုတယ်။
အဲဒီတော့ ကိုယ့်မှာ တန်ဖိုးရှိတဲ့အရာတွေ
ရသွားမှ “အသက်ရှည်လေ ပိုကောင်းလေ”ဖြစ်မှာ။
“ လူတိုင်း လူတိုင်းမှာ အသက်ရှည်လေ
ပိုကောင်းလေ မဖြစ်ဘူး။အကုသိုလ်တွေ မရှောင်ရှားတဲ့
ပုဂ္ဂိုလ်တွေ၊ အကုသိုလ်တွေကို မတွန်းလှန်ဘဲနဲ့
အကုသိုလ်တွေရဲ့ နောက်ကို လိုက်နေတဲ့
ပုဂ္ဂိုလ်တွေဟာ အသက်ရှည်လေ ဝန်ထုပ်ဝန်ပိုး ကြီးလေ။
အသက်ရှည်လေ အပြစ်တွေက ကြီးလာလေ။
ဒီလိုဖြစ်မှာ။ဒါကြောင့်မို့ သူတို့အတွက်တော့
အသက်ရှည်လေ ပိုကောင်းလေ မဖြစ်ဘူး။
ဒါကိုသတိထားပြီးတော့ ဘုန်းကြီး တို့တစ်တွေ
ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ】