ရုပ်လှ အပြစ်
=========
စိတ်နေစိတ်ထား မကောင်းတဲ့သူဟာ အဆင်းလှတာ တော်တော် ကြောက်စရာ ကောင်းတယ်။
ဒါက သူများ မဟုတ်ဘူး။ ဘုန်းကြီးတို့ ဘုရားရှင်ရဲ့ညီတော် အရှင်အာနန္ဒာအလောင်းပဲ။
သူဟာ တဘဝမှာ သိပ်လှတဲ့ လူတယောက် ဖြစ်တယ်။ သိပ်လှတော့ သူ့ကို ဘေးက
အမျိုးသမီးတွေက အလွန် အရေးပါကြတယ်။ အရေးပေးသည့်အားလျော်စွာ သူကလဲပဲ
ပြန်ပြီးတော့ကို အင်း .. ဖောက်ဖောက်ပြန်ပြန်ကလေး ဖြစ်လိုက်ရော။
အဲဒီလို ဖောက်ဖောက်ပြန်ပြန် ဖြစ်တာနဲ့ပဲ ငရဲကျပြီး တော်တော်ကြာတော့
နပုံးပဏ္ဍုက်ဖြစ်ရတယ်။ တိရစ္ဆာန်ဖြစ်ရတယ်။ တိရစ္ဆာန်မှာလဲပဲ အထီးမဟုတ်
အမ,မဟုတ် ဖြစ်ရတယ်။ လူဖြစ်ပြန်တော့လဲပဲ ယောက်ျားမဟုတ် မိန်းမ,မဟုတ်
ဖြစ်ရတယ်။ နောက် မိန်းမဘဝ ဖြစ်ရတယ်။ နောက် တော်တော်ကလေး ကြာတော့မှ
ယောက်ျားဘဝ ဖြစ်ရတယ်။ ကြည့်စမ်း .. သူများမဟုတ်ဘူး။ အရှင်အာနန္ဒာအလောင်း။
ဒါ့ကြောင့် ကုသိုလ်ကံ အကျိုးပေးပေမယ်လို့ အလိမ္မာဆိုတာ အင်မတန် လိုတယ်။

အဲဒီအခါတုန်းက သာသနာပဖြစ်လို့ နေမှာပေါ့။
သာသနာတွင်းသာ ဖြစ်မယ်၊ သူတော်ကောင်းတွေနဲ့သာ ပေါင်းသင်းဆက်ဆံရမယ်ဆိုရင်
အရှင်အာနန္ဒာအလောင်းတို့လို ပုဂ္ဂိုလ်မျိုးဟာ အကြောင်းမဲ့
မကောင်းတဲ့အလုပ်တွေ မလုပ်မိပါဘူး။
အခုတော့ ကာလဒေသက မကောင်းတာနဲ့၊ မိကောင်းဖကောင်း
ဆရာကောင်းသမားကောင်းတို့ရဲ့ အဆုံးအမတွေနဲ့ မတွေ့ရတာနဲ့
အရှင်အာနန္ဒာအလောင်းတောင် ရုပ်ချောတဲ့ဘဝမှာ မှားမှားယွင်းယွင်း ဖြစ်ရတယ်။
ဒီတော့ ရုပ်အဆင်းလှတာဟာ အင်မတန် သတိထားစရာ ကောင်းတယ်။
ဘုန်းကြီးတို့ မြို့ကြီးပြကြီးတွေမှာ အမျိုးသမီးတွေ ရုပ်အဆင်းလှတာနဲ့ ပျက်စီးကြတယ်။ တော်တော်များများ ပျက်စီးကြတယ်။

ရုပ်အဆင်းလှတာနဲ့ပဲ ဒီ့အပြင် မတရားတဲ့အလုပ်တွေ လုပ်ကြတယ်။ ဒါကြောင့်
ရုပ်အဆင်းလှမှု အမျိုးမြတ်မှုဟာ ကိုယ်က လိမ္မာပါမှ အထက်တန်းတိုးပြီးတော့
အကျိုးရတယ်။
ရုပ်အဆင်းလှပေမယ်လို့ အမျိုးမြတ်ပေမယ်လို့ စိတ်ထားမတတ်လို့ရှိရင် ပြန်ပြီးတော့ အောက်တန်းကျဖို့ ဖြစ်တယ်။
အရှင်ဇနကာဘိဝံသ