၁ ။ တရားအားထုတ်စဉ် အရေးအကြီးဆုံးက သဘောထားမှန်ဖို့..စိုက်မရှုနဲ့ ၊ ထိန်းမရှုနဲ့ ၊ လုပ်မရှုနဲ့ ၊ ချုပ်မရှုနဲ့ ..

၂ ။ ဖြစ်အောင်လည်း မလုပ်နဲ့ ၊ပျက်အောင်လည်း မလုပ်နဲ့ ၊ ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့နဲ့ သိနေရမယ် ..

၃ ။ ဖြစ်အောင်လုပ်ရင် လောဘ ၊ပျက်အောင်လုပ်ရင် ဒေါသ ၊ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ ..

၄ ။ ရှုမှတ်စိတ်မှာ လောဘ, ဒေါသ,သောက မပါမှ ရှုမှတ်စိတ်ဖြစ်မယ် ..

၅ ။ ဘယ်လိုသဘောထားနဲ့ အားထုတ်နေလဲလို့ ပြန်စစ်ဆေးကြည့်ရမယ် ..

၆ ။ ကောင်းတာလည်း ရှုရမှာပဲ ၊ဆိုးတာလည်း ရှုရမှာပဲ ..

၇ ။ ကောင်းတာမှ လိုချင်တယ် မကောင်းတာဆို နည်းနည်းမှ မလိုချင်ဘူးဆိုရင် တရားပါ့မလား ..

၈ ။ မျှော်လင့်ချက် မပါစေနဲ့။ လိုချင်တာ မပါစေနဲ့။ ကြောင့်ကြစိတ် မပါစေနဲ့ ဒီသဘောထားတွေ ရှုစိတ်ထဲရှိနေရင် တရားအားထုတ်လို့ အဆင်မပြေနိုင်ဘူး ..

၉ ။ ဘာဖြစ်လို့ ဒီလောက်စိုက်ပြီး ရှုနေရတာလဲ ဖြစ်ချင်လို့၊ လိုချင်လို့၊ ပျောက်ချင်လို့ တခုခု ဖြစ်နေတတ်တယ် ..

၁၀ ။ စိတ်က ပင်ပန်း ဆင်းရဲနေရင် တရားအားထုတ်တာ တခုခုလိုနေပြီ ..

၁၁ ။ စိတ်တင်းကျပ်မှုနဲ့ တရားအားမထုတ်နိုင် ..

၁၂ ။ စိတ်နဲ့ကိုယ် ပင်ပန်းဆင်းရဲလာရင် တရားအားထုတ်မှုကို ပြန်စစ်ဆေးကြည့်သင့်တယ်၊ မှန်ကန်တဲ့ သဘောထားမျိုး ရှိရဲ့လား ..

၁၃ ။ တရားအားထုတ်တယ် ဆိုတာ သတိ အသိနဲ့ စောင့်ကြည့်နေတာ စဉ်းစားနေတာ, ဆင်ခြင်နေတာ,ဝေဖန်နေတာ မဟုတ်ဖူး ..

၁၄ ။ လိုချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်နဲ့တော့ အားမထုတ်နဲ့ ၊ ပင်ပန်းတာဘဲ အဖတ်တင်မယ် ..

၁၅ ။ တရားအားထုတ်တဲ့စိတ်က အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိရမယ် ..

၁၆ ။ စိတ်ရော ကိုယ်ရော သက်တောင့်သက်သာရှိရမယ်..

၁၇ ။ လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့မှ တရားအားထုတ်လို့ ရတယ် ..

၁၈ ။ တရားအားထုတ်တယ်ဆိုတာ ကောင်းကောင်းဆိုးဆိုး ဘာလာလာ လက်ခံပြီး အေးအေးဆေးဆေး ကြည့်နေတာဘဲ ..

၁၉ ။ စိတ်က ဘာလုပ်နေလဲ တွေးနေသလား, သိနေသလား ..

၂၀ ။ စိတ်က ဘယ်ရောက်နေလဲ အတွင်းမှာလား, အပြင်မှာလား ..

၂၁ ။ သိနေတဲ့စိတ် ရှုနေတဲ့စိတ်က သေချာသိလား, အပေါ်ယံသိလား ..

၂၂ ။ ဖြစ်ချင်တဲ့ ပုံစံမျိုးဖြစ်အောင် လုပ်နေတာ မဟုတ်၊ ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သိအောင် လုပ်နေတာ ..

၂၃ ။ အတွေးကို ပြဿနာ မရှာနဲ့ မတွေးအောင် လုပ်နေတာ မဟုတ်၊ တွေးရင် တွေးမှန်းသိအောင် လုပ်နေတာ ..

၂၄ ။ အာရုံကို ပယ်ရမှာ မဟုတ် ၊အာရုံကြောင့်ဖြစ်တဲ့ ကိလေသာကိုသိပြီး (ရှုမှတ်ပြီး) ပယ်ရမယ် ..

၂၅ ။ သဒ္ဓါရှိမှ ဝီရိယ ရှိမယ်၊ ဝီရိယ ရှိမှ သတိမြဲမယ်၊ သတိမြဲမှ သမာဓိ တည်မယ်၊ သမာဓိ တည်မှ အမှန်အတိုင်း သိမယ်၊ အမှန်အတိုင်း သိလာတော့ သဒ္ဓါပိုဖြစ်လာတယ် ..

၂၆ ။ ပစ္စုပ္ပန် တည့်တည့်ကိုသာ သတိထားနေရမယ်၊ အတိတ်ကိုလည်း မပြန်နဲ့ ၊အနာဂတ်ကိုလည်း မကြံနဲ့ ..

၂၇ ။ အာရုံက အရေးမကြီးဘူး ၊အနောက်က အလုပ်လုပ်နေတဲ့ စိတ်က ပိုအရေးကြီးတယ် ၊ ရှုမှတ်စိတ်သာ သဘောထားမှန်ရင် အာရုံအမှန်ရမှာပဲ ...

"ရွှေဥမင်ဆရာတော်၏ ဝိပဿနာ ရှုနည်း''

++++++++++++++++++++++

သတိကလေး ထားနေရုံပဲ။ စိတ်ကို အတင်းထိန်းလည်း မထားနဲ့၊ တောင့်လည်း မထားနဲ့၊ ချုပ်မထားနဲ့၊ အလိုက်သင့် အလျားသင့် ကလေးနေပြီး ဖြစ်တာကို ဖြစ်တဲ့အတိုင်း သိနေရုံပဲ။

သူ့သဘာဝအတိုင်း ဖြစ်နေတာကို သတိကလေး ထားနေရုံပဲ၊ ပေါ်အောင်လည်း မလုပ်နဲ့၊ ပျောက်အောင်လည်း မလုပ်နဲ့။
သူ့ ဘသာဝ ဖြစ်တိုင်း ဖြစ်တိုင်း ဖြစ်တာလေးကို ဖြစ်တဲ့ အတိုင်းသိနေပါ။ ချုပ်မရှူ့နဲ့၊ လုပ်မရှူ့နဲ့
သူ့ သဘာဝအတိုင်း ဖြစ်တာကို သိနေဖို့ပဲ။

သတိရှိနေဖို့ပဲ။ ကိုယ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း၊ စိတ်မှာ ဖြစ်တိုင်းဖြစ်တိုင်း ကိုယ်ရော စိတ်ရော သိမှ။ အဲ့လို သိနေဖို့က သွားတိုင်းလာတိုင်း၊ စားတိုင်း၊ သောက်တိုင်း ၊ မြင်တိုင်း၊ သတိရှိနေရမယ်။
ရှေ့ သတိနဲ့ နောက်သတိ၊ ရှေ့သမာဓိနဲ့ နောက်သမာဓိ၊ ရှေ့အသိနဲ့ နောက်အသိ၊ အမြဲ ဆက်စပ်နေရမယ်။

သိက္ခာသုံးပါး ဖြည့်ကျင့်ခြင်း

+++++++++++++++++

ဘာပဲဖြစ်ဖြစ် ကောင်းကောင်းဆိုးဆိုး သတိထား၊ ကိုယ်မှာ ဖြစ်တိုင်းဖြစ်တိုင်း၊ စိတ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း သတိထား။
အစမှာတော့ နှာသီးဖျားမှာ သတိထား ထွက်တိုင်းသိ ဝင်တိုင်းသိ။
တိုးပြီးဝင်သွားတာ သိနေ၊ တိုးပြီး ထွက်နေတဲ့ ထိမှုကလေးကို သိသိနေဖို့ပါပဲ။

အမှန်သိမှု ညဏ်ကုသိုလ်တွေ ဖြစ်သွားမယ်။ ဖြစ်တာကို ဖြစ်တဲ့အတိုင်း သိနေတာဟာ ၀ိပဿနာပဲ။
ဖြစ်အောင်လဲ မလုပ်ရ၊ ပျက်အောင်လည်း မလုပ်ရဘူး။ အဲ့လို ဖြစ်တိုင်း ဖြစ်တိုင်း သိရုံမျှ သိပေးနေရုံပဲ။

အဲ့လို သိနေတဲ့အတွက် (ဣန္ဒြိယသံဝရသီလစတဲ့) သီလ သိက္ခာတွေလည်း လုံခြုံပြီးနေတယ်။
သတိရှိနေတဲ့အတွက် သမာဓိ သိက္ခာလည်းညီညွတ် မျှတနေတယ်။ သတိရှိနေတဲ့ အတွက် (ပညာသိက္ခာ) သိစရာတွေကို အမှန်တိုင်း ပိုင်းခြားပြီး သိနေတယ်။

သတိထားလိုက်တိုင်း သိက္ခာသုံးပါး ဖြည့်ကျင့်ပြီးသား ဖြစ်သွားတယ်။
သိက္ခာသုံးပါးရှိတဲ့ ပုဂ္ဂိုလ်ဟာ လူ၊ နတ်၊ ဦးခိုက်ပူဇော်ထိုက်တဲ့ အဆင့်မြင့်ပုဂ္ဂိုလ် ဖြစ်သွားတယ်။

စိတ်ပျံ့လွင့်သော် စိတ်ပျံ့လွင့်တာကို အတင်းထိန်းမထားပါနဲ့၊ ပျံ့လွင့်ရင် ပျံ့လွင့်မှန်း သိဖို့ပဲ။
စိတ်မငြိမ်တာကို မငြိမ်မှန်သိဖို့၊ စိတ်ပြေးရင် ပြေးမှန်း၊ တွေးရင်တွေးမှန်း၊ စိတ်ကူးရင် စိတ်ကူးမှန်း၊
ကြံရင် ကြံမှန်း သိနေရုံပဲ။

သိရင်တော်ပြီ၊ တည်ငြိမ်လို့ ကောင်းလို့ သဘောကျနေရင်လည်း မဟုတ်သေးဘူး။
တည်တာကို ကောင်းတယ်ထင်ပြီးတော့လဲ မစွဲရဘူး။
ပျံ့လွင့်တာကို မကာင်းဘူးထင်ပြီးတော့လည်း စိတ်မပျက်ရဘူး။
သိနေဖို့ပဲ။ ကောင်းကောင်း မကောင်းကောင်း တည်တာကိုလည်း သိ၊ မတည်တာကိုလည်း သိရမယ်။

တရားအားထုတ်တယ်ဆိုတာ စိတ်ကလေးကို ပဝါဖြူလေးလို ဖြူစင်သန့်ရှင်းအောင် လုပ်နေတာပါ။
စိတ်ကို ကိလေသာတွေနဲ့ မပေါင်းမိအောင်၊ စိတ်ကို ပူလောင်စေတတ်၊ ညစ်နွမ်းစေတတ်၊ နှိပ်စက်ညှဉ်းပန်းတတ်တဲ့ လောဘ၊ ဒေါသ၊ မောဟ ကိလေသာတွေနဲ့
မပေါင်းမိအောင် စင်ကြယ်သန့်ရှင်းတဲ့ စိတ်ကလေး အမြဲဖြစ်နေအောင် သတိကလေးထားပြီး အမြဲနေရမှာ။

(ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး)