အချစ်ဟာ ကောင်းသလားလို. မေးရင်တော့ မကောင်းဘူး ပြောရမှာပဲ။ ဒါပေမဲ့ အချစ်ကြောင့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ကို ရနိုင် ပါတယ်တဲ့။ ဒီလိုပြောတော့ စာဖတ်သူက ချက်ချင်း လက်ခံချင် နိုင်မှ လက်ခံနိုင်မှာပါ။ ပဋ္ဌန်း ဥပနိဿယ ပစ္စည်းကို အာရုံပြု ကြည့်လိုက်ပါ။

အကုသလော ဓမ္မော၊ ကုသလဿ ဓမ္မဿ ဥပနိဿယ ပစ္စယေန ပစ္စယော။ အကုသိုလ် တရားက ကုသိုလ် တရားကို ပြန် ကျေးဇူးပြုပါတယ်တဲ့။ အကုသိုလ်က ကုသိုလ်ကို ပြန်ကျေးဇူး ပြုတယ်ဆိုတော့ ဖတ်ရသူတွေ အဖို့ အံ့သြစရာ ဖြစ်နေ ပါလိမ့်မယ်။
အဓိပ္ပါယ် ကတော့ အချစ်ဆိုတဲ့ ရာဂ ကို အမှီပြုပြီး၊ ဒါနတွေ ပြုမယ်။ သီလတွေ ဆောက်တည်မယ်။ ရှစ်ပါးသီလ၊ ကိုးပါး သီလ ကိုစောင့်ထိန်းမယ်။ စျာန်ရကြောင်း သမထ ကမ္မဋ္ဌန်း တစ်ခုခုကို ပွားများမယ်။ ၀ိပသနာ တရားကို ပွားများမယ်။ ဒါဆိုရင်တဲ့ မဂ်လည်း ရနိုင်ပါတယ်။ အဘိညာဉ်လည်း ရနိုင်ပါတယ်။ သမာတ်လည်း ရနိုင်ပါတယ်တဲ့။ ဒီအတိုင်း ပြောရင် ရှင်းမှာ မဟုတ်ဘူး၊ ပုံ ဝတ္ထုလေးနဲ့ တွဲပြောပြလိုက်ရင် ပိုရှင်း သွားပါလိမ့်မယ်။

ဒါကြောင့် အားလုံးကြားဖူးတဲ့ သုမေဓာ ရှင်ရသေ့ ဝတ္ထုလေးကို ပြန်အာရုံ ပြုကြည့်ရအောင်။

ဒီပင်္ကရာ မြတ်စွာဘုရား ကြွလာမဲ့ လမ်းမှာ ၀ိုင်းပြီး လုပ်အားပေး ကြတော့ သုမေဓာ ရှင်ရသေ့လေး ကလည်း ဝင်ပြီး လုပ်အား ပေးပါတယ်။ နောက် ဒီပင်္ကရာ မြတ်စွာဘုရားရှင် ကြွလာတော့ သူမေဓာ ရှင်ရသေ့လေးက သူတာဝန်ယူ ထားတဲ့ မြေကွက်က မပြီးသေးတာနဲ့ ခန္ဓာကိုယ်ကို တံတား အဖြစ်ခင်းပြီး လှူ လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ သုမိတ္တာ ဆိုတဲ့ အမျိုး သမီးလေးက ရသေ့လေးကို မြင်မြင်ခြင်း သံယောဇဉ် ဖြစ်ပြီး ချစ်သွားပါသတဲ့။ သုမိတ္တာ ဆိုတဲ့ အမျိုးသမီး လေးရဲ့ လက်ထဲ မှာ ဒီပင်္ကရာ မြတ်စွာ ဘုရားကို ကပ်လှူဘို. ကြာပန်း ရှစ်ခိုင်ကို ကိုင်ထားပါတယ်။ မြင်မြင်ချင်း ချစ်တဲ့စိတ် ဖြစ်သွားတာ ဆိုတော့ ကိုင်ထားတဲ့ ကြာပန်း ရှစ်ခိုင်ထဲက ငါးခိုင်ကို ခွဲထုတ်ပြီး သုမေဓာ ရှင်ရသေ့လေးကို “ဒီကြာပန်းလေး တွေနဲ့ မြတ်စွာ ဘုရားကို လှူပါနော်” လို. ပြောပြီး ပေးလိုက်ပါတယ်။ သူကတော့ သုံးခိုင်ပဲ ယူထားလိုက်ပါတယ်။

ပြီးတော့ ရှင်ရသေ့ ပါရမီ ဖြည့်ကျင့် နေသမျှ ကာလ အတော အတွင်း “ကျွန်မသည် ရှင်ရသေ့နဲ့ အတူတကွ ပါရမီဖြည့်ဘက် ဖြစ်ရပါလို့၏”လို့ ဆုတောင်း လိုက်ပါတယ်။ဒီဘဝ အတွက် ဆုတောင်းတာ မဟုတ်ပါဘူး၊ နောင်ဘဝ နောင်ဘဝ တွေအတွက် ဆုတောင်းတာပါ။ ရသေ့ဖြစ် နေတာဆိုတော့ ဒီဘဝ အတွက်တော့ မဖြစ်နိုင်တော့ပါဘူး ။

ဒီပင်္ကရာ မြတ်စွာဘုရားရှင်ကလည်း “သုမေဓာ ရှင်ရသေ့…ဒီ သုမိတ္တာ အမျိုးသမီးလေးဟာ သင်ဘုရား ဖြစ်ဖို့ရန် စိတ်တူ ကံတူ ပါရမီ ဖြည့်ဘက် ဖြစ်လိမ့်မယ်” လို့ တစ်ခါတည်း ဗျာဒိတ် ပေးလိုက်ပါတယ်။ ဘာပဲပြောပြော ချစ်တဲ့ စိတ်ဖြစ်ပြီး ပါရမီ ဆုတောင်း လိုက်တော့ သုမိတ္တာ အတွက် မှန်ကန် အကျိုးရှိတဲ့ ဆုတောင်းတစ်ခု ဖြစ်သွားတာတော့ အမှန်ပါပဲ။

သုမိတ္တာဆိုတဲ့ အမျိုးသမီး လေးဟာ အချစ်ဆိုတဲ့ ရာဂ ကို အမှီပြုပြီး သံသရာမှာ ပါရမီ ဖြည့်ဘက် အဖြစ် ကျင်လည်ရင်း ၊ ဒါနတွေပြု၊ သီလတွေ ဆောက်တည်၊ သမထ တွေပွားများ၊ နောက်ဆုံး ဘဝမှာ ၀ိပဿနာ တရားတွေ ပွားများ အားထုတ်ရင်း၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသွား ပါတော့တယ်။ ဒါဟာ အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသွားတဲ့ ထင်ရှားတဲ့ သာဓက တစ်ခုပါ။ အချစ်က နိဗ္ဗာန်ရဖို့ ကျေးဇူး ပြုလိုက်တာပါ။

ဇနီး မောင်နှံ နှစ်ယောက် အိမ်ထောင်ပြု ကြတယ်ဆိုတာ ရာဂကို အမှီပြု ပြီးပြုကြ ရတာပါ။ ဒါပေမဲ့ ကိုယ်က ဒီရာဂ ကို အမှီပြု ပြီး ဒါနတွေ ပြုဖြစ်အောင်၊ သီလတွေ ဆောက်တည်ဖြစ်အောင်၊ ၀ိပဿနာတွေ ပွားများဖြစ်အောင် သုမေဓာ ရှင် ရသေ့နဲ့ သုမိတ္တာ အမျိုးသမီး လေးတို့ကို အာရုံပြုပြီး ကြိုးစား ရပါမယ်။

ဥပမာ- ကိုယ့်ခင်ပွန်းက အပြင်ထွက်ပြီး စီးပွားရှာ နေမယ်၊ ရှာလို့ ရလာတဲ့ ငွေကြေးတွေကို ဒါနတွေ ပြုပေးမယ်။ ခင်ပွန်း မွေးနေ.မှာ ကုသိုလ် ကောင်းမှု. တစ်ခုခု ပြုပေးမယ်၊ မွေးနေ. မှာ နှစ်ယောက်အတူ ဘုရားသွားမယ်၊ တရားပွဲတွေ အတူတူ သွားမယ်၊ မင်္ဂလာ ဆယ်နှစ်မြောက်၊ ဆယ့်ငါးနှစ်မြောက်၊ အထိန်းအမှတ် အဖြစ် ဒါနတွေ ပြုမယ်။ အားတဲ့ ရက်တွေမှာ ရိပ်သာကို တလှည့်စီ ဒါမှမဟုတ် နှစ်ယောက် အတူတူ ရိပ်သာဝင် တရား အားထုတ်မယ် ၊ ဒါတွေဟာ အချစ်ကို အမှီပြု ပြီး ကုသိုလ်တွေ ဖြစ်နေတာပါ။ နောက်တစ်ခုက ကိုယ့်ခင်ပွန်း အပြင်သွားပြီး အလုပ်လုပ် နေတဲ့ အချိန်မှာ ကိုယ့်ခင်ပွန်း အတွက် ဘုရားမှာ ပန်းကပ်၊ ရေကပ်ပေးမယ်။ ပြီးတော့ ဤရေ အေးမြသလို ကိုကိုလည်း စိတ်ကော ရုပ်ကော အေးမြပါစေလို့ မေတ္တာပို့ ပေး နေမယ်ဆိုရင် အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး ကုသိုလ်တွေ ဖြစ်နေတာပါ။ ပဋ္ဌန်း စကားနဲ့ ပြောရင် ဥပနဿယ ပစ္စည်းနဲ့ အပြန်အလှန် ကျေးဇူးပြု နေကြတာပါ။ ကုသိုလ် ကောင်းမှု. တွေကို အတူတူ ပြုနေတဲ့ အတွက် နောင်ဘဝ နောင်ဘဝ တွေအတွက်လည်း ရေစက်ဆုံ ကြရဦးမှာပါ။

တကယ်လို. အိမ်ထောင် မပြုရသေးတဲ့ သမီးရည်းစား ဘဝမှာပဲ ရှိနေသေးတယ် ထားဦး။ ချစ်သူတို့ သဘာဝ အရ ရွှေတိဂုံ ဘုရားကို သွားမယ်၊ ဘုရားမှာ ပန်းကပ်မယ်၊ ရေကပ်မယ်၊ ရွှေသင်္ကန်း ကပ်မယ် ဘုရားရှိခိုး မယ်ဆိုကြပါစို.။ သွားတုံးက ရာဂ ကို အမှီပြု ပြီးသွားကြတာ ဒါပေမဲ့ ဘုရားပေါ် ရောက်တော့ ကုသိုလ်တွေ ပြုဖြစ်သွားပါတယ်။ ဒါဟာလည်း အချစ်ကို အမှီပြု ပြီး ကုသိုလ်တွေ ဖြစ်နေတာပါပဲ။

သွားတုံးကတော့ ရာဂကို အမှီပြု ပြီးသွားပေမဲ့ ရာဂ အဆင့်မှာပဲ ရပ်မနေဘဲ တစ်ဆင့်တက်ပြီး ကုသိုလ်တွေ ပြုလိုက်တော့ အချစ်ကနေ ကုသိုလ်ကို ကျေးဇူးပြု သွားတာပါ။ ဟယ်..ရာဂ ဆိုတာ အကုသိုလ်ကြီး ဆိုပြီး နင်းကန် အပြစ်တင် နေရမှာ မဟုတ်ပါဘူး။ အဲဒီ အကုသိုလ် ဆိုတဲ့ ရာဂ ကို အမှီပြုပြီး အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရနိုင်တယ် ဆိုတာ ကိုယ်က သဘောပေါက် ထားဖို့ပါပဲ။

တစ်ခုတော့ ရှိပါတယ်။ ရာဂကို အမှီပြုပြီး တစ်ဆင့် တက်ရမှာကို မတက်ဘဲ ရာဂနဲ့ပဲ ရပ်နေမယ်၊ အချစ်နဲ့ပဲ ရပ်နေမယ် ဆိုရင်တော့ ဘယ် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရနိုင်မှာလဲ။

ဒီတော့ ဇနီးမောင်နှံ နှစ်ယောက်ဟာ အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အကုသိုလ် ကနေ ကုသိုလ်ကို တစ်ဆင့်တက်တဲ့ ဥပနိဿယ ပစ္စည်းတွေ ဖြစ်နေဖို.ပဲ အရေးကြီးပါတယ်။ ပြီးတော့ ဒီ ဥပနိဿယ ပစ္စည်းတွေဟာ နောင်ဘဝ နောင်ဘဝ တွေထိလည်း လိုက်ပြီး ကျေးဇူးပြု နေဦးမှာပါ။ နောက်ဆုံး နိဗ္ဗာန် ရတဲ့ အထိ ကျေးဇူးပြု သွားမှာပါ။

နှစ်ယောက်လုံး တရားအသိ ရှိထားတဲ့ သူတွေဆိုရင် အမှားပြုဖို့လည်း ခဲယဉ်း ကြသလို၊ နှစ်ယောက် စလုံးဟာ တရား ရိပ်သာ ဝင် ထားကြ၊ တရား အားထုတ်ဖူးတဲ့ သူတွေ ဆိုရင်တော့ တရား အသိ လေးတွေနဲ့ ဆိုရင် ဘဝကို အဓိပ္ပါယ် ရှိရှိ ငြိမ်းငြိမ်း ချမ်းချမ်းလေး တည်ဆောက် သွားလို့ ရပါတယ်။ ဘာပဲပြောပြော ဇနီးမောင်နှံ နှစ်ယောက် ပဋ္ဌန်း ဥပနိဿယ ပစ္စည်းတွေ နေ.စဉ် ဖြစ် ဖြစ်နေဖို့ပါပဲ။ ဒါဆိုရင် အမှားနည်းတဲ့ “ရာသက်ပန် ငြိမ်းချမ်းတဲ့ ဘဝလေး” ဖြစ်နေတော့မှာပါ။

ရေးသားသူ - အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
အလင်းတန်း ဂျာနယ်။ ၄. ၉. ၂၀၀၆