ဤ စိတ္တာနုပဿနာ (စိတ်ကို ရှုပုံရှုနည်း)နှင့် ပတ်သက်ပြီး မိုးကုတ် ဆရာတော် ဘုရားကြီး ကိုယ်တော်တိုင် ဟောပြောသော တရားတို့မှ ယူ၍ အကျဉ်းချူပ် ကောက်နုတ် ဖော်ပြပါမည်။ [မိုး(၂)နှာ-၄၅၆မှ။]

"ကမ္မဋ္ဌာန်းတွေ ကတော့ အစုံရှိတာပဲ၊ ဒါပေမယ့် ခင်ဗျားတို့နဲ့ အလျော်ဆုံးက ကိုယ့်စိတ် ကိုယ် ရှုတာ အလျော်ဆုံး (မှန်ပါ) စိတ္တာ နုပဿနာပေါ့" (မှန်ပါ)

• စိတ်ဆိုတာ ဖြစ်ပြီး ပျက်ပျက်သွားတဲ့စိတ်က တစ်မျိုး၊ (မှန်ပါ)
• အဲဒါကို သိတဲ့စိတ်က တစ်မျိုး၊ (မှန်ပါ)

ဘယ်နှစ်မျိူးတုံး (နှစ်မျိုးပါဘုရား)
ဒါဖြင့် ဖြစ်ပျက်ကို သိတယ် ဆိုပါတော့ (မှန်ပါ)။

ဒါဖြင့် ဖြစ်ပျက်က အသေ၊(မှန်ပါ) မဂ်က အရှင် (မှန်ပါ) သူက နောက်မှ ပေါ်ရတာကိုး (မှန်ပါ) ဒါဖြင့် အသေကို အရှင်နဲ့ သိပေးတယ် (မှန်ပါ) ဒါ- ၀ိပဿနာပဲ၊ (မှန်ပါဘုရား)

အသေကို အရှင်နဲ့သိတာ ဘာခေါ်မယ်(၀ိပဿနာပါဘုရား)

ဟော… ဒီလိုဆိုတော့ ဒကာ-ဒကာမတို့ … ၀ိပဿနာဆိုတာ အလွယ်ကလေး ပါလား (မှန်ပါဘုရား)။

အသေကို အရှင်နဲ့သိရင် ဒါ ၀ိပဿနာ ဖြစ်နေပြီ၊ စာလို သုံနှုန်းနေလို့ အဟန့်ကြီးပြီးတော့ ခင်ဗျားတို့က နားယောင်နေတာ (မှန်ပါ)။ တကယ်တော့ ကိုယ့်အသေကို ကိုယ့်အရှင်စိတ်နဲ့ သိရင် ပြီးတာပဲ (မှန်ပါဘုရား) ကြည့်ပါ ဒီအထဲမှာ စိတ်ကလေးတစ်ခု ပေါ်လာတယ်၊ စိတ်အသက်က ၁နှင့် ၂ ပဲရှိတယ်၊ ၁ ဆိုယင် ဖြစ်တယ်၊ ၂-ဆိုယင် ပျက်တယ် (မှန်ပါ)။

အဲဒါလေးကို နောက်သိလုံး ကလေးနဲ့ နောက်စိတ်နဲ့ သိပေးလိုက် တာပေါ့ (မှန်ပါ) နောက်စိတ်နဲ့ အသက်ရှင် နေတယ် (မှန်ပါ) ဒီရှေ့စိတ်က သေသွားပြီကိုး (မှန်ပါ) လူတစ်ယောက် သေသွားပြီ၊ မောင်ဘအေးဖြင့် မောင်ဘအေး တစ်ယောက် သေသွားပြီ၊ ကိုသန်းမောင်ဖြင့် ကိုသန်းမောင် တစ်ယောက် သေသွားပြီ (မှန်ပါ)။

ကမ္မဋ္ဌာန်းကျောင်းက ဒီမှာပဲ
• အသေဟာ ဘာသစ္စာခေါ်ကြမလဲ (ဒုက္ခသစ္စာပါ) –
• အသိက (မဂ္ဂသစ္စာပါ) –
ကိုယ့်ဉာဏ်နဲ့ ကိုယ့်အသေကို သိတာ ၀ိပဿနာခေါ်တယ် (မှန်ပါ)၊ ပေါ်ကြပလား

(ပေါ်ပါပြီ ဘုရား)

ကိုင်း … ၀ိပဿနာဆိုတာ အသေကို အရှင်နဲ့ ကြည့်တာလိုိ့မှတ် (မှန်ပါ)၊ ၀ိပဿနာဆိုတာ (အသေကို အရှင်နဲ့ ကြည့်တာပါဘုရား) ခင်ဗျားတို့က တောကျောင်း၊ တောင်ကျောင်း သွားပြီး ရှုမှ ၀ိပဿနာ ထင်ကြတာကိုး၊ မဟုတ်ပါဘူး -တဲ့၊ (မှန်ပါဘုရား)

တောမထွက်ချင် အောင်လို့ ဘုန်းကြီးက ဟောနေတာလို့ မထင်လိုက်ကြပါနဲ့၊
ခင်ဗျားတို့ လူစုတွေက ထွက်မှာလဲ မဟုတ်ပါဘူး (မှန်ပါဘုရား)

ကဲ… လိုရင်းကတော့ ကိုယ့်အသေ ကိုယ်သိနေရင် ပြီးတာပါပဲ၊ တောထဲ သွားနေပေမယ့်လို့ မြို့စိတ် ပေါက်နေမယ်၊ ရွာစိတ် ရောက်နေမယ် ဆိုရင် အလကားပါပဲ၊ ကိုယ့်အသေ ကိုယ် မရှုဘူး- မမြင်ဘူးဆိုရင် အလကားပါပဲ (မှန်ပါဘုရား)

တောကျောင်း တောင်ကျောင်း ဆိုတာတွေက သမထအတွက် ဟောတာ၊ (မှန်ပါ) သမထက တိတ်ဆိတ်ဖို့ လိုအပ်တယ် (မှန်ပါ) ဒါက သုတ္တန်နည်း။

၀ိပဿနာ အတွက်ကတော့ လှေကားခုံက ခြေတစ်လှမ်း ဆင်းရင် တောကျောင်း တောင်ကျောင်းပဲ -တဲ့၊ ဒါ က အဘိဓမ္မာနည်း၊ (မှန်ပါဘုရား)

၀ိပဿနာ အတွက်ကတော့ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ် စတဲ့ စိတ်တွေကို ရှုတာ ဆိုတော့ နေရာမရွေးဘူး၊ (မှန်ပါ) ဘယ်နေရာမှာ ရှုရှု - ရတာပေါ့ (မှန်ပါဘုရား)။

စိတ်ရှုရမှာမဟုတ်၊ အပျက် ရှုရမှာ

*ဒကာ -ဒကာမတို့ "ကိုယ့်စိတ် ကိုယ်ရှုပါ" ဆိုတာ "ကိုယ့်စိတ်- ကိုယ်သိပါ" လို့ ပြောတာ (မှန်ပါ) "ကိုယ့်စိတ်" ဆိုတာရယ် "ကိုယ်သိ" ဆိုတာရယ် ၂-စိတ် (မှန်ပါ)၊ စိတ်-စိတ် ချင်းရှု ရမယ့်ကိစ္စ၊ အရေးကြီးတယ် (မှန်ပါဘုရား)

"စိတ်-စိတ်ချင်းရှု" ဆိုပေမယ့် တကယ်တော့ ရှုတဲ့စိတ် ပေါ်တဲ့အချိန်မှာ အရှုခံစိတ်က မရှိတော့ ပါဘူး (မှန်ပါ) ဘာပြုလို့လဲ ဆိုတော့ တစ်ချိန်တည်းမှာ ၂-စိတ် ပြိုင်၍ အသက်ရှင်ရိုး ထုံးစံ မရှိလို့ပါပဲ (မှန်ပါ) "ဧကစိတ္တ သမာယုတ္တာ" ဆိုတဲ့အတိုင်း တစ်ချိန်မှာ တစ်စိတ်စီ နဲ့သာ အသက်ရှင်ရတာ မဟုတ်လား (မှန်ပါဘုရား)

အဲဒီတော့ "ကိုယ့်စိတ် ကိုယ်သိပါ" ဆိုပေမယ့် တကယ်တော့ စိတ်ကို သိရမှာ မဟုတ်ဘူး၊ အပျက်ကို သိရမှာ (မှန်ပါဘုရား) စိတ်ကို သိရမှာလား၊ စိတ်ရဲ့ အပျက်ကို သိရမှာလား (စိတ်ရဲ့ အပျက်ကို သိရမှာပါ ဘုရား) အေး… ဟုတ်တယ်။

ဒါဖြင့် အရှုခံ စိတ်ကလေးက အပျက်၊ ဒီဘက် ရှုဉာဏ် စိတ်ကလေးက မဂ်၊ အဲလို သွားကိုက်တယ် (မှန်ပါဘုရား) ဒါကလေးတွေက တော်တော် အရေးကြီးတဲ့ အချက်လေးတွေနော် (မှန်ပါဘုရား)

ခင်ဗျားတို့ ကတော့ ထင်မယ်၊ ဘုရားက " စိတ္တာနုပဿနာ" လို့ဟောတော့ စိတ်ကို အရှုခိုင်းတယ်လို့ ထင်ကြမှာ၊ (မှန်ပါ) ဘယ်ဟုတ်လိမ့် မှာလဲ၊ စိတ်ကို အရှုခိုင်းတာ မဟုတ်ဘူး၊ " စိတ်၏ ပျက်မှုကို ရှုပါ" - လို့ပြောတာ၊ (မှန်ပါဘုရား)

အေး… "သမုဒယဓမ္မာ နုပဿီဝါ၊ ဝယဓမ္မာ နုပဿီဝါ" ဆိုတာတွေ လာလိမ့်မယ်၊ အဲဒါတွေ နောက်တော့ ပြောမယ်။ ထပ်မံ ပြောဦးမယ်၊ စိတ်ကို အရှုခိုင်းတာ မဟုတ်၊ စိတ်၏ မရှိမှုကို ရှုခိုင်းတာ (မှန်ပါဘုရား) ရှုတဲ့အချိန်မှာ မရှိတာဘဲ တွေ့ရမယ် (မှန်ပါ) ရှိပြီးမှ မရှိဘဲ ဖြစ်သွားတဲ့ သဘောကို တွေ့ရမှာ (မှန်ပါ) စောစောက ဒီနားရှိတယ်၊ အခု မရှိတော့ဘူး၊ အဲဒီ သဘောကို တွေ့ရမှာ (မှန်ပါဘုရား)

ရှိတာ ရှုနေလို့ရှိရင် ခိုင်တာမြဲတာ ရှုနေသာကြောင့် သဿတဒိဋ္ဌိ ဖြစ်တယ်၊(မှန်ပါ) မရှိတာ ရှုမှ သာလျှင် သဿတဒိဋ္ဌိက လွတ်တယ် (မှန်ပါဘုရား)

ဒါဖြင့် ဒကာ- ဒကာမတို့ "အသေကို အရှင်နဲ့ရှုပါ" ဆိုတာ အမှန်ဆုံးပဲ (မှန်ပါ) ဘာပြုလို့လဲ ဆိုတော့ တစ်ခု သေပြီးမှ တစ်ခု ဖြစ်ရမှာကိုး (မှန်ပါ)

ခင်ဗျားတို့က "စိတ်ကို အရှုခိုင်းတယ်" ဆိုပြီး "ကျုပ်ကတော့ စိတ်တွေ လာတိုင်း ရှုနေတာပဲ" ဆိုရင် ဒါ ၀ိပဿနာ မဟုတ်ဘူး ၊ ၀ိပဿနာ အပါးမဝသေးဘူး၊ ဆရာကရင် လိုနေမယ်၊ ကိုယ်ကရင်လဲ လိုနေမယ်၊ (မှန်ပါဘုရား)

စိတ်က တစ်ချိန်တည်းမှာ ၂-ခု ပြိုင်၍ ပေါ်ကောင်းရဲ့လား (မပေါ်ကောင်းပါ) ဒါကြောင့် ရှေ့စိတ်ကို နောက်စိတ်နဲ့ မြင်လို့ မရနိုင်ဘူး၊(မှန်ပါ) ရှေ့စိတ် အပျက်ကိုသာ နောက်စိတ်နဲ့ မြင်လို့ ရနိုင်မယ် (မှန်ပါဘုရား)

ရှေ့က ပထမစိတ် ပျက်ပြီးမှ နောက်က ဒုတိယစိတ် ပေါ်နိုင်မယ် (မှန်ပါ) ပထမစိတ်က အသေ၊ ဒုတိယစိတ်က ရှင်ဆဲပါ (မှန်ပါ) အသေကို ရှင်တဲ့စိတ်နဲ့ရှု၊ ရှင်တဲ့စိတ်ထဲမှာ ဉာဏ်ပါတယ် (မှန်ပါ)၊ အသေကို ဘာနဲ့ ရှုမယ် (အရှင်နဲ့ ရှုပါမယ်) အဲဒါမှ ၀ိပဿနာ အစစ်ပါ (မှန်ပါဘုရား)

အပျက်မပါဘဲနဲ့ စိတ်သက်သက် ကိုသာ ရှုနေရင် ၀ိပဿနာ အစစ် မဟုတ်သေးဘူး၊ ဖြစ်လဲ မဖြစ်နိုင်ဘူး(မှန်ပါ) ဘာလို့လဲ ဆိုတော့ နောက်က ရှုတဲ့စိတ်ပေါ်တဲ့ အချိန်မှာ ရှေ့ကစိတ်က ရှိမှ မရှိနိုင်ဘဲ (မှန်ပါဘုရား) ပျက်သွားရပြီ၊ ပျက်သွားပြီးမှသာ နောက်က စိတ်ပေါ်နိုင်ခွင့် ရတာကိုး (မှန်ပါဘုရား)

သမုဒယ - ဝယဓမ္မာနုပဿီဝါ

"စိတ္တာနုပဿနာ = စိတ်ရှုတယ်" ဆိုတာ အပြောကတော့ ပြေချင် ပြောပေါ့၊ ဒါပေမယ့် အမှန်စင်စစ် ကတော့ "ကိုယ့်အသေကို အရှင်နဲ့ ရှုတာပါ" ဒါမှ အမှန်ဗျ (မှန်ပါဘုရား)

၀ိပဿနာဆိုတာ ဘာပါလိမ့် (အသေကို အရှင်နဲ့ ကြည့်တာပါ) အသေ မတွေ့သေးလို့ရှိရင်လဲ အနိစ္စ မတွေ့သေးဘူး၊ (မှန်ပါ) ဒါကြောင့် ၀ိပဿနာဆိုတာ (အသေကို အရှင်နဲ့ ကြည့်တာပါဘုရား) အေး…

စိတ္တာ နုပဿနာလား၊ အသေကို အရှင်နဲ့ ကြည့်တာလား (အသေကို အရှင်နဲ့ ကြည့်တာပါ ဘုရား) ဝေဒနာ နုပဿနာလား၊ အသေကို အရှင်နဲ့ ကြည့်တာလား၊ (အသေကို အရှင်နဲ့ ကြည့်တာပါဘုရား) ဒါမှ လမ်းမှန်ကျတယ် (မှန်ပါဘုရား)

ဒါဖြင့် စိတ်ရှုရှု၊ ဝေဒနာရှုရှု၊ ရုပ်ရှုရှု၊ အပျက်ကို မြင်စေရမယ်လို့ ပြောတာ (မှန်ပါဘုရား) ဒါဟာဘုရားဟော အထောက်အထား ရှိလို့ပြောတာ (မှန်ပါ)

"သမုဒယ ဓမ္မာနုပဿီဝါ ဝယဓမ္မာ နုပဿီဝါ စိတ္တသ္မိံ ၀ိဟရတိ" -တဲ့၊ မဟာသတိပဋ္ဌာန် ပါဠိတော်ကြီးမှာ ပါတယ်၊ မြတ်စွာဘုရား ဟောထားတာ (မှန်ပါ)

သမုဒယ- ဆိုတာ ဖြစ်တာ၊ မွေးလာတာ၊ (မှန်ပါ) ဝယ - ဆိုတာ ပျက်တာ၊ သေတာပေါ့ (မှန်ပါ) အဲဒီမွေးလာပြီး သေသွားလိုက်၊ မွေးလာပြီး သေသွားလိုက် တွေကို ရှုရမှာ၊ ဉာဏ်နဲ့ရှုရမှာ (မှန်ပါဘုရား)

ပြောနေကျ စကားလုံးနဲ့ ပြောရရင်တော့ ဖြစ်လာပြီး ပျက်သွားလိုက်၊ ဖြစ်လာပြီး ပျက်သွားလိုက်၊ အတိုကောက် "ဖြစ်-ပျက်" ပေါ့၊ အဲဒါတွေကို ဉာဏ်နဲဲ့ရှုရမှာ (မှန်ပါဘုရား)

မဟာသတိပဋ္ဌာန် ပါဠိတော်ကြီးထဲမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး က အတိအလင်း ဟောထားတာပဲ (မှန်ပါ) "သမုဒယ-ဝယ" မွေးလာပြီး သေသွားတာကို မြင်အောင် ကြည့်ရမယ် ဆိုတာလေ (မှန်ပါ) အဲဒီထိအောင် သွားရမှာ၊ အဲဒီကျတော့မှ ၀ိပဿနာဖြစ်တာ (မှန်ပါ)

ခုတော့ မဟုတ်ဘူး၊ ခင်ဗျားတို့က စာကို ရှေ့ပိုင်းတွင်ပဲဖတ်ပြီး ရှေ့ပိုင်းတွင်ပဲ ပြောနေကြတာ၊ ဒီနောက်ပိုင်း (သမုဒယဓမ္မာ နုပဿီဝါ - ဝယဓမ္မာ နုပဿီဝါ) ထိအောင် လာရမှာ (မှန်ပါဘုရား )

ကဲ… ဒါဖြင့် ပြန်မေးမယ်၊ ၀ိပဿနာ ဆိုတာ ဘာပါလိမ့် (အသေကို အရှင်နဲ့ ရှုတာပါဘုရား) ဟုတ်တယ်၊ အရှင်-အရှင်ချင်း ကြည့်လို့ဖြစ်မလား (မဖြစ်ပါ ဘုရား) အေး… မြဲမြဲမှတ်ထားကြ၊ (မှန်ပါဘုရား)
[မိုး(၂)နှာ-၄၆၇။]

[မိုး(၂)နှာ-၄၆၇။]

စိတ္တာနုပဿနာရှုပွားနည်းအကျဉ်းဖော်ပြချက်

၁။ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားနာကောင်းစိတ် (အပြင် ဧည့်သည်စိတ် (၅)ခု)။

၂။ လောစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ အလောဘစိတ်၊ အဒေါသစိတ်၊ တွေးတောစိတ် (အတွင်း ဧည့်သည်စိတ် (၆)ခု)။

၃။ လေကို ထုတ်ယူသောစိတ်၊ လေကို သွင်းယူသောစိတ် (အိမ်သည်စိတ် (၂)ခု)။

ရှုပွားပုံ ရှုပွားနည်း စနစ်မှာ - အိမ်သည်စိတ်(၂)ခုကို အရင်းခံ ထား၍ မည်သည့်စိတ် ပေါ်ပေါ်၊ ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက် မလွတ်အောင်း ရှုရမည်ဖြစ်သည်။