အလွန်အေးမြသော ဆောင်းဥတု တစ်ခုတွင် မြတ်စွာဘုရားရှင်သည် ရင်းတိုက်တောထဲရှိ အရွက်ကျဲကျဲ ရင်းတိုက်ပင်ကြီးတစ်ပင်၏ အောက်၌ သီတင်းသုံးနေတော်မူသည်။

နံနက်စောစောလမ်းလျှောက်ထွက်လာသည့်
ဟတ္ထကမင်းသားသည် မြတ်စွာဘုရားကို မြင်လေရာရှိခိုးဦးချကာ မေးမြန်း
လေသည်။
မင်းသား
အရှင်ဘုရား၊ ညကချမ်းချမ်းသာသာ အိပ်စက်ရပါရဲ့လား။

ဘုရား
အေး၊ ငါချမ်းချမ်းသာသာ အိပ်ရပါတယ်။ လောကမှာ ချမ်းချမ်းသာသာ အိပ်ရတဲ့အထဲမှာ ငါဟာတစ်ယောက် အပါအဝင် ဖြစ်ပေတယ်။
မင်းသား
အရှင်ဘုရား၊ ရာသီကလဲ ဆောင်းရာသီ၊ ရက်ကလဲ အအေး ဆုံးဖြစ်တဲ့ ရက်ထဲမှာ ရောက်နေပါတယ်။ ပီးတော့၊ လေကလဲ တဟူးဟူး တိုက်နေပါတယ်။

ပတ်ဝန်းကျင်မှာလဲပဲ မြေက မညီမညာ နွားခွါဆူး တွေနဲ ့ ချွန်တက်ပြီးတော့ နေပါတယ်။ အရှင်ဘုရား သီတင်းသုံး နေတဲ့ ရင်းတိုက်ပင်ဟာ အရွက်တွေ အလွန်ကျိုးတိုးကျဲတဲနဲ ့ အုပ်အုပ်ဆိုင်းဆိုင်း မရှိပါဘူး။ အောက် က ခင်းထားတဲ့ မြက်ခင်းကလဲ ပါးပါးကလေးရယ်ပါ။ ဒီလို
နေရာမျိုးမှာ ချမ်းချမ်းသာသာ အိပ်စက်ရ တယ်လို့ဆိုတာ ဘယ်လိုအဓိပ္ပါယ်ပါလဲ ဘုရား။

ဘုရား
အေး၊ မင်းကမေးတော့ ငါဖြေရမယ်။ ငါပြောမယ်၊ အလွန် ကြွယ်ဝတဲ့ သူဌေး ဒါမှမဟုတ် သူဌေးသား တစ်ဦးဟာ လှပ ဆန်းကြယ်တဲ့ တိုက်ကြီးတစ်တိုက်ကို တည်ထားတယ်။ တံခါးတွေ၊ လေသာ ပြတင်းတွေကို တပ်ဆင်ထားတယ်။

တိုက်ထဲမှာလဲ မွေးရှည်ကော်ဇော ကြီးတွေခင်းလို့၊ အိပ်စက်ရာ သလွန်ညောင်စောင်းကလဲ အင်မတန်မှ ခန်းနားတယ်။ အိစက်ညက်ညောတဲ့ အိပ်ရာကြီးပေါ်မှာအိပ်၊ ဘေးကလဲ ဇနီးလေးယောက်က ခြံရံပြီး ပြုစုနေတယ်။ တစ်ညလုံးလဲ ဆီမီးကလေး ထွန်းထားတယ်။ ဒီလို အနေအထားမျိုးနဲ ့ အိပ်စက်နေရတဲ့ သူကို မင်းဘယ်လိုထင်သလဲ။ သိပ်ချမ်းချမ်း သာသာနဲ ့ အိပ်ရမယ်လို ့မင်း ထင်သလား။
မင်းသား
အရှင်ဘုရား၊ ဒီလို စည်းစိမ်မျိုးနဲ ့ ဒီလို အခြေအနေမျိုးမှာ အိပ်ရမယ် ဆိုရင် အလွန်ချမ်းချမ်းသာသာ အိပ်ရမှာ ဖြစ် ပါတယ်။

ဘုရား
ဒီသူဌေးသားမှာ ရာဂစိတ်တွေ ဖြစ်ပွားလာရင် စိတ်နှလုံးကို ပူပန်စေတတ်တယ်။ ကိုယ်ဆင်းရဲကိုလဲ ဖြစ်စေတတ်တယ်။

အဲဒီ အပူတွေ ရှိနေမယ်ဆိုရင် ဘယ်လောက်ကောင်းတဲ့
အိပ်ရာပေါ်မှာပဲ အိပ်ရ၊ အိပ်ရ ချမ်းချမ်းသာသာ အိပ်ရတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။ ငါဟာ အဲဒီ ဆင်းဆင်းရဲရဲ အိပ်စက်
ရခြင်း အကြောင်းဖြစ်တဲ့ ရာဂတရားကို အလျဉ်းပယ်ထားပြီး
သား ဖြစ်တယ်။

ဒါကြောင့် ငါဟာ ချမ်းချမ်း သာသာ အိပ်စက် ရတာ ဖြစ်တယ်။ နောက်ပီး ငါ့မှာ တအုံနွေးနွေး ရင်ကို ပူနွေး
စေ၊ ပူလောင်စေတတ်တဲ့ ဒေါသတရားလဲ မရှိဘူး၊ လုံးဝဖယ် ရှားထား ပြီးသား ဖြစ်တယ်။

ဒါကြောင့် ငါ့ရဲ့ရင်ဟာ အေးနေ တဲ့အတွက် ချမ်းချမ်းသာသာ အိပ်စက်ရတယ်။ ထို့အတူပဲ အမှန်မသိဘဲ ပူလောင်မှုကို ဖြစ်စေတတ်တဲ့ မောဟတရားကို ငါ့သန္တာန်မှာ အကြွင်းအကျန် မရှိအောင် ဖယ်ရှားထားပြီးသား
ဖြစ်တယ်။

ငါ့ရဲ့ သန္တာန်မှာ နှလုံးသားကို ပူလောင်စေတတ်တဲ့ ရာဂ၊ ဒေါသ၊ မောဟနဲ ့ တခြားအကုသိုလ်တရားတွေ ဘာမျှ မရှိဘူး၊ နှလုံးသား ဟာ ကြည်လင်အေးမြပြီး ငြိမ်းချမ်းနေတယ်။

ဒါကြောင့် ဘယ်နေရာ၊ ဘယ်အခါမှာပဲဖြစ်ဖြစ်၊ ငါ့ရဲ့နားနေ အိပ်စက်မှုဟာ ချမ်းသာနေတယ်။
မင်းသား
မှန်လှပါ၊ ချမ်းသာစွာ အိပ်စက်ရခြင်းကို ကောင်းစွာ နားလည် သဘောပေါက်ပါပြီ အရှင်ဘုရား။

စာကိုး။ နန္ဒမာလာဘိဝံသ၊ ဒေါက်တာဘဒ္ဒန္တ။ ချမ်းသာစွာအိပ်စက်ရခြင်း တရားတော်။