မိလိန္ဒမင်းကြီးသည် နိဗ္ဗာန် ထင်ရှားရှိမရှိ မေးမြန်းလေရာ အရှင်နာဂသိန်မထေရ်သည် ရှင်းလင်းဖြေကြား တော်မူ၏။
မထေရ်
မင်းကြီး၊ ကောင်းကင်နှင့် နိဗ္ဗာန်သည် ထင်ရှားရှိ၏။ သို ့သော် တစ်စုံတစ်ခုသော အကြောင်းကြောင့်မျှ မဖြစ်။
မင်းကြီး
ဒီလိုဆို အရှင်ဘုရားသည် မရှိသော တရားကို နိဗ္ဗာန်ဟု ညွှန်ပြမိလေပြီ။
မထေရ်
မင်းကြီး၊ နိဗ္ဗာန်သည် ရှိ၏။ မနောဝိညာဏ်ဖြင့် သိအပ်၏။ စင်ကြယ်မွန်မြတ်သော၊ အနှောင့်အယှက် အပိတ်အပင် ကင်းသော၊ ကာမဂုဏ် အာမိသကင်းသော စိတ်ဖြင့်
ကောင်းစွာကျင့်သော အရိယာတို့သည် နိဗ္ဗာန်ကို သိနိုင်
မြင်နိုင်၏။
မင်းကြီး
အရှင်ဘုရား၊ နိဗ္ဗာန်သည် မရှိတရားမဟုတ်လျှင် နိဗ္ဗာန်ကို ဥပမာဖြင့် ပြတော်မူပါ၊ နိဗ္ဗာန်သည် အဘယ်သို့နည်း။
မထေရ်
မင်းကြီး၊ လေဆိုသော အရာသည် ရှိသည်မဟုတ်လော။
မင်းကြီး
ရှိပါသည်အရှင်။
မထေရ်
လေသည် အဆင်းပုံသဏ္ဍာန် အကြီးအသေး အရှည်အတို အဘယ်သို ့ရှိပါသနည်း။
မင်းကြီး
လေကိုညွှန်ပြရန် မဖြစ်နိုင်ပါ။
မထေရ်
သို့ဆိုလျှင် လေမရှိသလော၊ လေသည် မရှိတရားလော။
မင်းကြီး
လေသည် ရှိပါ၏။ လေကို ညွှန်ပြရန် မစွမ်းနိုင်ပါ။ သိုု ့သော်
လေရှိသည်ကို နှလုံးသား၌ သိနေပါသည်။ နှာသီးဝ၌ တိုးနေ
ပါသည်။ တိုးသော လက္ခဏာအားဖြင့် ထင်ရှားရှိကြောင်း
သိနိုင်ပါသည်။
မထေရ်
မင်းကြီး၊ နိဗ္ဗာန်သည်လည်း ဤသို့ပင်ဖြစ်၏။ ငြိမ်းချမ်းမှု ရရှိသည့် လက္ခဏာအားဖြင့် ထင်ရှားရှိကြောင်း သိနိုင် ၏။ လေကဲ့သို့ပင် အဆင်းအားဖြင့်လည်းကောင်း၊ ပုံသဏ္ဍာန်အားဖြင့်လည်းကောင်း ညွှန်ပြ၍ မဖြစ်နိုင်ပါ။
မင်းကြီး
လက်ခံပါပြီ အရှင်ဘုရား။ ဆက်၍မေးလိုသည်မှာ နိဗ္ဗာန်သည် တည်ရာအရပ် ရှိပါသလော။
မထေရ်
မင်းကြီး၊ နိဗ္ဗာန်သည် တည်ရာအရပ်မရှိပါ။
မင်းကြီး
နိဗ္ဗာန်သည် တည်ရာအရပ်မရှိငြားအံ့၊ နိဗ္ဗာန်သည် မရှိနိုင်။ နိဗ္ဗာန်ကို မည်ကဲ့သို ့မျက်မှောက်ပြု နိုင်အံ့နည်း။
မထေရ်
မင်းကြီး၊ နိဗ္ဗာန်သည် အမြဲစွဲတည်နေသည့် နေရာအရပ် မရှိ
သော်လည်း နိဗ္ဗာန်သည် ရှိ၏။ ကောင်းစွာ ကျင့်သော နှလုံး
သွင်းမှုဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်၏။ ဥပမာ- မီးသည် ထင်ရှားရှိ၏။ ထိုမီး၏ အမြဲအစွဲ တည်နေရာအရပ်သည် မရှိသလိုဖြစ်၏။ ကျောက်ခဲနှစ်လုံး ခတ်မှ ဝါးနှစ်လုံးပွတ်မှ မီးရသလိုဖြစ်၏။
စကြာမင်းတို ့ရအပ်သော စကြာရတနာ၊ မိဖုရားရတနာ၊ သူကြွယ်ရတနာ၊ ဆင်ရတနာ၊ မြင်းရတနာ အစရှိသော
ရတနာ (၇) ပါးတို့သည်လည်း တည်ရာအရပ် မရှိပါပေ။ မင်းကျင့်တရား ကောင်းမွန်သူတို့ထံ ကပ်ရောက်လာကြ
ကုန်၏။ ထို့အတူ နိဗ္ဗာန်သည် သင့်လျော်သော နှလုံး
သွင်းမှုဖြင့် အားထုတ်ကျင့်ကြံသူတို့သာ နိဗ္ဗာန်ကို မျက်
မှောက်ပြုနိုင် ကြကုန်၏။
မင်းကြီး
လက်ခံပါပြီ အရှင်ဘုရား။
စာကိုး။ ဇဝန၊ အရှင် (မေတ္တာရှင်)။ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ (တွဲ၃+၄)။ ၂ဝဝရ။