ငြိမ်သက်မှု၊အေးချမ်းမှုနဲ့ပျော်ရွှင်မှုဟာ တော်တော်ကြီးကွာပါတယ်။ လူ့သဘာဝမှာ ပျော်ရွှင်မှုကိုလိုချင်တဲ့သဘာဝဆိုတာလည်းပဲ ရှိနေပါတယ်နော်။ လူရဲ့သဘာဝဟာ ဆန်းကြယ်တယ်။ ဆန့်ကျင်ဘက်တွေအများကြီး ရောထွေးနေတယ်။ ဒါကြောင့် လူဟာ အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ သတ္တဝါဖြစ်တယ်။ လူရဲ့သဘာဝမှာ ပျော်ရွှင်မှုကိုလိုချင်တဲ့စိတ်ရှိသလို ငြိမ်သက်မှု၊အေးချမ်းမှုကိုလည်းပဲ လိုချင်တဲ့စိတ်ရှိတယ်။ တစ်ခါတလေ ကိုယ့်စိတ်ထဲမှာခံစားဖူးကြမှာပဲ။ ခံစားဖူးမှာနော်။ ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်ကြည့်ပါ။ ဘာကိုမှမမြင်ရမကြားရတဲ့နေရာမှာ၊ တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာ တစ်ယောက်တည်း ဘာမှလည်းမတွေးဘဲနဲ့ ငြိမ်ငြိမ်လေးနေချင်တဲ့စိတ် တစ်ခါတလေမဖြစ်ကြဘူးလား။ ဖြစ်ကြပါတယ်နော်။ တစ်ခါတလေ အပျော်အပါးတွေနဲ့နေရတာများလွန်းလို့ အပျော်အပါးတွေကိုငြီးငွေ့ပြီးတော့ စိတ်ကုန်သွားတတ်တယ်။ လူ့သဘာဝမှာ အဲဒီလိုဆန့်ကျင်ဘက်တွေ အမြဲတမ်းရောထွေးနေတတ်တယ်။
ဘုန်းကြီးတို့ကိုယ်တိုင်လည်းပဲ ငယ်ငယ်တုန်းက မြို့ကြီးပြကြီးမှာမွေးလာတယ်။ လူတွေအများကြီးနဲ့နေခဲ့ရတယ်။ မိဘတွေကလည်း စီးပွားရေးသမားတွေဖြစ်တယ်။ အဲဒီတော့ အင်မတန်ရှုပ်ထွေးတဲ့ဘဝမှာ နေခဲ့ရတယ်ဆိုပါတော့။ ပစ္စည်းဥစ္စာပေါများပေမယ့် ဘဝမှာ အင်မတန်ရှုပ်ထွေးတယ်။ အဲဒီလိုအခါမှာ ဘုန်းကြီးတို့မြို့အရှေ့က တောင်ကုန်းပေါ်ကိုသွားပြီးတော့ အဲဒီတောင်ကုန်းပေါ်မှာရှိတဲ့ ဘုရားတို့စေတီတို့ကျောင်းတို့ တိတ်ဆိတ်တဲ့အေးချမ်းတဲ့နေရာမှာသွားပြီးတော့ တစ်ယောက်တည်းထိုင်နေတတ်တယ်။ အိမ်မှာနေရတာ နားငြီးလွန်းလို့။ လူကလည်း ပြတ်တယ်လို့မရှိဘူး။ ဧည့်သည်ကလည်း ပြတ်တယ်လို့မရှိဘူး။ သွားနေကြ၊ လာနေကြ၊ ပြောနေကြ၊ ဆိုနေကြနဲ့ ကြာတော့ နားမခံနိုင်ဘူး။ စီးပွားရေးအကြောင်း၊ ငွေရေးကြေးရေးအကြောင်း မစဉ်းစားချင်တော့ဘူး။ ဒီစီးပွားရေးအကြောင်း၊ ငွေရေးကြေးရေးအကြောင်း စဉ်းစားရတာလည်းပဲ စိတ်ချမ်းသာစရာပျော်စရာကနည်းလာတယ်။ များသောအားဖြင့် စိတ်ဆင်းရဲစရာကများတယ်။ အဲဒီလိုဖြစ်တော့ တောင်ပေါ်မှာသွားပြီးတော့ တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာ တစ်ယောက်တည်းသွားသွားပြီးတော့ ထိုင်နေတတ်တယ်။ ဘုန်းကြီးစဉ်းစားကြည့်တယ်။ ငယ်ငယ်တုန်းက တရားဆိုတာကိုမသိသေးပါဘူး။ နားမလည်သေးပါဘူးနော်။ ဒါပေမယ့် လူတွေရှုပ်ထွေးပြီးတော့ စကားတွေအင်မတန်များနေတဲ့ အသိုင်းအဝိုင်းကြားထဲမှာနေရတာကို တစ်ခါတလေငြီးငွေ့တဲ့စိတ်ဖြစ်တယ်။ အဲဒီလိုအခါမှာ ဘုရားကျောင်းကန်နေရာမှာသွားပြီးတော့ တိတ်တိတ်လေး တစ်ယောက်တည်းထိုင်နေရတာ အေးချမ်းမှုရတယ်။ ဒါဟာ တရားအားထုတ်လို့ရတဲ့အေးချမ်းမှု မဟုတ်ဘူး။ နိဗ္ဗာန်လည်းမဟုတ်ပါဘူး။ အေးအေးဆေးဆေးနေရတဲ့ အေးချမ်းမှုပါ။ အဲဒီအေးချမ်းမှုအခြေခံ၊ အဲဒီအရသာလေးကို ခံစားတတ်တဲ့အလေ့အကျင့်လေး ရသွားတဲ့အတွက်ကြောင့်ကိုပဲ ဒီထပ်ပိုပြီးတော့ အဆင့်မြင့်တဲ့အေးချမ်းမှုကို လိုချင်တောင့်တတဲ့စိတ်၊ ခံစားချင်တဲ့စိတ်ဖြစ်လာတာပါ။

အတွေးကင်းနေတဲ့အချိန်မှာစိတ်ချမ်းသာနေတယ်
ဒါကြောင့်ဘုန်းကြီးက ဒကာ၊ ဒကာမတွေကိုလည်းတိုက်တွန်းချင်တယ်။ တစ်ခါတလေ ဘယ်သူမှမရှိတဲ့နေရာ၊ လူသူကင်းတဲ့နေရာ၊ ရှင်းတဲ့နေရာမှာ တစ်ယောက်တည်းသွားပြီးတော့ အေးအေးဆေးဆေးလေး ထိုင်နေကြည့်ပါ။ အဲဒီအေးချမ်းတဲ့အရသာလေးကို ခံစားကြည့်စမ်းပါနော်။ ဘာမှလည်းမတွေးဘူး။ ဘယ်သူနဲ့မှ စကားမပြောဘူး။ ဘာမှလည်းနားမထောင်ဘူး။ အဲဒီကိုသွားတဲ့အခါမှာ ဘာမှယူမသွားနဲ့၊ ကက်ဆက်တို့ရေဒီယိုတို့ဘာတို့ ဘာမှယူမသွားနဲ့။ တစ်ယောက်တည်း တိတ်တိတ်ကလေးသွားပြီးတော့ ထိုင်နေကြည့်ပါ။ အဲဒီလိုထိုင်နေတတ်တဲ့ အလေ့အကျင့်လေးရတယ်ဆိုရင်ကိုပဲ တရားအားထုတ်ဖို့အတွက် အခြေခံလေးရပြီလို့ဆိုရမယ်။


အဲဒီလို အာရုံအမျိုးမျိုးခံစားနေရတာတွေနဲ့ ကင်းပြီးတော့နေတတ်တဲ့အလေ့အကျင့်ကလေးကို နေ့စဉ်နည်းနည်းနည်းနည်းလုပ်ပါ။ အကယ်၍ အဲဒီလိုနေရာတွေမသွားနိုင်ဘူးဆိုရင်တောင်မှ ကိုယ့်အိမ်မှာကိုယ် မနက်စောစော ဘယ်သူမှမထသေးတဲ့အချိန် ကိုယ့်ဟာကိုယ်တစ်ယောက်တည်း သတိလေးနဲ့မျက်နှာသစ်ပြီးတော့ ခဏဘုရားအာရုံပြုပြီးတော့ ငြိမ်ငြိမ်လေးထိုင်နေပါ။ တရားအားထုတ်တာကိုနားလည်တယ်၊ လုပ်တတ်တဲ့အလေ့အကျင့်ရှိတယ်ဆိုရင်လည်းပဲ ခဏလေး ဝင်လာတာကိုသိနေတယ်။ ထွက်သွားတာကိုသိနေတယ်။ ထိနေတာကိုသိနေတယ်။ ပူတာကိုလည်းသိနေတယ်။ အေးတာကိုလည်းသိနေတယ်။ လေတိုးတာကိုလည်းသိနေတယ်။
အဲဒီလို ပစ္စုပ္ပန်တည့်တည့်လေးကိုသိနေတယ်ဆိုရင်ကိုပဲ စိတ်က ဘာမှမတွေးဘူးနော်။ စိတ်က ပစ္စုပ္ပန်တည့်တည့်ကိုသိနေရင် တွေးလို့မရဘူး။ ပစ္စုပ္ပန်ကိုတွေးလို့မရဘူး။ အတိတ်ကို ပြန်တွေးလို့ရတယ်။ အနာဂတ်ကိုလည်း မှန်းဆပြီးတော့တွေးလို့ရတယ်။ ပစ္စုပ္ပန်တည့်တည့်က အင်မတန်တိုတောင်းတာမို့လို့ တွေးလို့မရဘူး။ ဒါကြောင့် စိတ်ကပစ္စုပ္ပန်တည့်နေတဲ့အချိန်မှာ အတွေးကင်းနေတယ်။ စိတ်ကရှင်းနေတယ်။ အဲဒီအတွေးကင်းနေတဲ့အချိန်မှာ စိတ်ချမ်းသာနေတယ်။ ဘုန်းကြီး တရားအားထုတ်ခါစက ခဏလေး ပထမဦးဆုံးအတွေးတိတ်သွားတာ၊ အတွေးကင်းသွားတာကိုကြုံခဲ့ရတော့ စိတ်ထဲမှာဘယ်လိုတွေးမိသလဲဆိုတော့ တွေးနေရတဲ့ဝန်ထုပ်ဝန်ပိုးက တော်တော်ကြီးနေပါလား။ ဘာမှမတွေးဘဲနေလိုက်ရတဲ့အချိန်မှာ ဝန်ထုပ်ကြီးတစ်ခုကိုထမ်းထားရတာကနေ အဲဒီဝန်ထုပ်ကြီးကိုပစ်ချလိုက်ရသလိုပဲ စိတ်က ပေါ့ပြီးတော့ရှင်းသွားတယ်။
အဲဒီလို ဘာအတွေးမှမရှိဘဲနဲ့ စိတ်ကလေးအေးချမ်းပြီးတော့ (၅)မိနစ်လောက်ဖြစ်ဖြစ် (၁၀)မိနစ်လောက်ဖြစ်ဖြစ် နေတတ်တဲ့အလေ့အကျင့်လေးကို နေ့စဉ်လုပ်သင့်တယ်။

ဆရာတော်ဦးဇောတိက
(မဟာမြိုင်တောရ)