ဝေနေယျအများ လောကသားတို့မှာမူကား သံသရာတစ်ခွင် ခရီးပြင်းကြီးထဲဝယ် မျက်စိလယ်လမ်းမှား အကန်းသွား ဘဝများဖြင့်သာ လမ်းများလျက်က လမ်းသလားနေကြရရှာပါကုန်၏
အကန်းသမား လမ်းသွားများပီပီ မမှန်လမ်းဆီသို့ကား ထန်ထန်နှင့်သန်သန်ကြီးပင် ခရီးနှင်လျက် ရှိကြပါချေ၏ လမ်းကလည်းမှောင်မှောင် လူကောင်ကလည်း ကန်းကန်းဖြစ်နေရကား - - -

ထိုအမှောင်တွင်း ပက်ပင်းတွေ့ကြရသော အရာဝတ္ထုမှန်သမျှတို့ကို
က ။ တစ်ဖက်က အကောင်းပြော ပြောပေးသော် ပြုံး၍လည်းပြ လက်ခံလည်း လက်ခံရတတ်၏
ခ ။ တစ်ဖက်က အဆိုးပြော ပြောပေးသော် မဲ့၍လည်းပြ လက်လှန်၍လည်း ပေးရတတ်၏
ကိုယ်တိုင်မြင် ကိုယ်တိုင်တွေ့ မဟုတ်သေးရကား
သူတစ်ပါးစကားကြော သူတစ်ကာအပြောဖြင့်သာ ခေါင်းညိတ် ခေါင်းခါ ပြုလုပ်ပေးနေရရှာခြင်းပင်တည်း …။

မွေးကတည်းက ကန်းခဲ့သော သူကန်းတစ်ယောက်သည်ကား သံပရာသီးအား ထန်းလျက်ဟူ၍ ပြောကြားလည်း ယုံမည်သာဖြစ်၏
ထန်းလျက်အား သံပရာသီးပါဟူ၍ ပြောကြားလည်း ယုံမည်သာဖြစ်တော့၏
သည့်ပမာလျှင်
မွေးကတည်းက ဓမ္မစက္ခု (ဉာဏ်မျက်စိအလင်း) အလျဉ်းမပါလာကြသော တရားမျက်ကန်းသမား ဝေနေယျများသည်လည်း …

မိမိ၏ လူမျိုးအလိုက် သင်္ကေတပြုထားသော စကားစုများ၌သာ လမ်းဆုံးကြရရှာ၏
ထိုစကားစုများများကိုလျှင် အမွှန်းတင်လျက်က အပြုံးအမဲ့ လက်မှောက်လက်လှန် အမွေခံကြရရှာ၏
ထိုစကားစုများကိုလျှင် စကားနောက် တရားပါသည်ဟူသော လက်တန်းစကားဖြင့် အားထားနေကြရရှာ၏
စကားသည် အပြော တရားသည် သဘော ဖြစ်ရာ
စင်စစ် စကားနားယောင် တရားကိုကား လက်ရှောင်နေသော ထိုသူများအဖို့ …

ရယူလိုသည်ကား တကယ့်အကောင်း
ရယူလိုက်ကြသည်ကား တကယ့်မကောင်းချည်းသာတည်း
စင်စစ် ထိုသို့ဖြစ်ပွားနေရခြင်းသည် …
အကန်းသွားများ၏ စကားလမ်းထားအတွင်းဝယ်
မရှိကို အရှိထင်ကာ ခင်မင်စိတ်ပေါ်လာသည်နှင့် သူ့အောက်စိတ်ထား ကြိုက်စော်ကားမှုလည်း ပေါ်လာစေ၏ သူ့အောက်စိတ်ထား မုန်းပြစ်မှားမှုလည်း ပေါ်လာစေ၏ သူ့အောက်စိတ်သွား မသိဝိုးဝါးမှုလည်း ပေါ်လာစေ၏

* ကြိုက်စိတ်မှီကဲ သွေးနီရဲ ဘာကဲကိုမျှ မခတ်နိုင်
* မုန်းစိတ်မှီကဲ သွေးရောင်မည်း ဘာကဲကိုမျှ မမြင်နိုင်
* မိုက်စိတ်မှီကဲ သွေးရောင်မွဲ ဘာကဲကိုမျှ မသိနိုင်
ထိုမသိ ထိုမမြင် ထိုမဆင်ခြင်နိုင်သူတို့အဖို့ မည်မျှပင် အကောင်းထား ကြိုးစားစေ ရလာဘ်ကား ဆိုးကြိုးများသာ
ထို ဆိုးကျိုးတရားများကို အမှားဟူ၍ မမြင်လေသူတိုင်း …

စိတ်သည် အာရုံ၏အတိုက်နောက် ကောက်ကောက်ပါအောင် လိုက်နေတော့သည်သာ
အာရုံဝယ်စိတ်ကစား အာရုံ၏ညှို့အားကြောင့် သွေးသားဆူပွက် ယုတ်စိတ်တို့ ထိပ်တက်နေသည်သာ
အာရုံ၏အငြိ ရိုးတွင်းခြင်ဆီအထိ ကလိခံနေရခြင်းကြောင့် သွေးတောင်းလေ ဆောင်းပေးရလေသာ
ထိုအချက်များကြောင့် …

၄င်းတို့ အကောင်းထင် လုပ်မိလေသမျှ အဆိုးဘက်သို့သာ ကျသက်နေတော့ရှာသည်
မျက်စိလည်သူသည် …
အနောက်ကို အရှေ့ဟုထင်လျှင် အရှေ့ကိုကား အနောက်ထင်မှာ ဓမ္မတာပင်
သည့်ပမာလျှင် …
မမှန်သောလမ်း မျက်မှန်းတန်းလျက် ရှိကြလေကုန်သော အကန်းသွားတို့သည် အမှန်လမ်းသို့ကား ခန့်မှန်း၍ပင် မသွားတတ်တော့ပြီ

ထိုအမှန်လမ်းကား
က ။ အဖေါ်မထပ် တစ်ယောက်တည်းသပ်သပ် လှော်ခတ်သွားရသောလမ်းတည်း
ခ ။ သူ့ ကိုယ်မဖျက် ကိုယ့် သူမဖျက် အကောင်းသက်သက်ဖြင့် ဆက်ရသောလမ်းတည်း
ဂ ။ တစ်ကိုယ်တည်းပေါင်း တစ်ကိုယ်တည်းကောင်းဖြင့် အများဆောင်းပေးနိုင်သော လမ်းတည်း

တစ်ကိုယ်တည်းသွား တစ်ဖဝါးချ တစ်လမ်းစကိုသာ တွင်တွင်နင်းနေသော ထိုသူ၌ အကြွေးဟူသည် ကင်းရှင်း၏ အကြွေးကင်းသဖြင့် ပစ္စည်းထိုထို ပိုလှံျလာ၏ ပစ္စည်းထိုထို ပိုလှံျလာခဲ့သော် အများတို့သို့ ဖြန့်ပို့ပေးဝေနိုင်၏

ထိုလမ်းမျိုး ---
ငါစွဲကြီးစိုးသော အတ္တသမားတို့ မသွားလိုသည်မှာ ဓမ္မတာတည်း
ခင်မင်စိတ်ကြီးစိုးသော တဏှာသမားတို့ မသွားရဲသည်မှာ ဓမ္မတာတည်း
အဖေါ်နှင့်ဖက် ပျက်မှပျော်တတ်သော အကန်းသမားတို့ စိတ်ကူးမထည့်သည်မှာ ဓမ္မတာတည်း
သို့ကြောင့် …
ထိုအကန်းသွားတို့သည် အကောင်းကိုကားရှောင် အဆိုးကိုကား ဆောင်လျက်ကသာ အကောင်းရှာပုံတော်ခရီး ထီးမပါ ဖိနပ်မဖက် ဆက်ဆက်ကြီးသွားနေကြရရှာကုန်၏

သာသနာပြုတို့၏ စိတ်ထားကား
အားလုံးကို မိမိနှင့် တန်းတူထား မိမိကဲ့သို့ အမှန်လမ်း သွားစေလိုခြင်းတည်း
အားလုံးကို မိမိကဲ့သို့ကောင်းစား မိမိကဲ့သို့ အယုတ်တရား ဖယ်ရှားသွားစေလိုခြင်းတည်း
ထို သာသနာပြုစိတ်ထားဖြင့်ပင် …
မျက်စိလည်လမ်းမှား အကန်းသွား သွားနေကြသူများကို
မျက်စိလည်းကြည် လမ်းလည်းမမှား တစ်လမ်းသွားများချည်း ဖြစ်ကြရလေအောင် …

မိမိတို့ ရောက်ဖူးပေါက်ဖူးထားသည့်
ကိန်းသေကောင်း လမ်းကြောင်းကြီးအတိုင်းလျှင် ကရုဏာရှေ့ထား စာနာသော ကိုယ်ချင်းစာတရားများဖြင့် လက်တွဲခေါ်ဆောင် သွားကြရာ၏
ဤသို့သော စိတ်ထားသည် …
ဖြူစင်မြင့်မြတ်သော သူတော်တရား လက်ကိုင်ထားသည့် သာသနာ့ဝန်ထမ်းသားတို့၏ လက်ဝယ်မှတစ်ပါး အခြား၌ မရှိချေပြီ

သူတော်မှ ကိုယ်ကောင်းသော သူတော်ကောင်းမျိုးကား ပေါများ၏
သူ့ဘက်က တော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ မိမိဘက်မှ အမြဲကောင်းနေသော သူတော်ကောင်းကား ရှားပါးလှချေ၏ တကား ။

*: * * * *

မဟာဗောဓိမြိုင်ဆရာတော်