တစ်ခါက သုဓမ္မဝတီ ပုံနှိပ်တိုက်က တိုက်အုပ်ဦးပန်းမောင်ဆိုတဲ့ ဒကာကြီးက မှတ်ဖွယ်ဝတ္ထုကလေးတစ်ခုကို ပြောပါတယ်။ ဦးပန်းမောင်ဆိုတာ ဒကာလူ ကြားကောင်းကြားဖူးပါလိမ့်မယ်။ အဲသည် ဦးပန်းမောင်က ရေဒီယိုထဲက နေပြီးတော့ “မဖြစ်စလောက် တရားတော်” ဟောမယ်ဆိုတော့ ‘ဘာများ ဟောပါလိမ့်မတုန်း’လို့ ဘုန်းကြီးက နားထောင်နေတယ်။ သူပြောပုံက မဖြစ်စလောက်ကလေးနဲ့လည်း ဒုက္ခဖြစ်တတ်တယ်။ မဖြစ်စလောက်ကလေးပဲ ဆိုပြီးတော့ မရိုမသေ မလုပ်လိုက်ပါနဲ့တဲ့။ ဒကာလူကော အဲဒီတုန်းက မကြားလိုက်ဘူးလား။ မကြားဖူးတဲ့သူတွေကပဲ များပါလိမ့်မယ်။ “မဖြစ်စလောက် တရားတော်”တဲ့..။ သူ့ဥစ္စာ ကောင်းတယ်။ အမည်ပေးပုံကလေးကိုက သိပ်ကောင်းနေတယ်။ ဖြစ်ပုံကလည်း ဆန်းတယ်။

ဘယ်လိုလဲဆိုတော့ တစ်ခါက အင်မတန် ရင်းရင်းနှီးနှီး အတူနေကြတဲ့ ဦးပဥ္ဇင်းနှစ်ပါး ရှိပါသတဲ့။ တစ်ပါးက ရေချိုးနေတယ်။ အဲဒီလို ရေချိုးနေတုန်း သူ့ဖိနပ်ကို တစ်ပါးက ကျီစယ်လိုတဲ့အနေနဲ့ ဝှက်ထားတယ်။ ဟိုရေချိုးနေတဲ့ ဦးပဥ္ဇင်းက ရေချိုးပြီးတဲ့အခါ ဖိနပ်စီးမယ်လို့ ကြည့်လိုက်တော့ သူ့ဖိနပ်ကို မတွေ့ရဘူး။ မတွေ့ရတော့ အဲဒီ ဦးပဥ္ဇင်းကလည်း သူ့ဖိနပ်ဝှက်ထားမှန်းသိလို့ ရယ်စရာအနေနဲ့ သူူကပြောလိုက်တယ်။ ပေါ့ပေါ့ဆဆ ပြောလိုက်တာပါပဲ။
“ဟေ့ ငါ့ဖိနပ် ဘယ်ခွေးချီသွားမှန်း မသိဘူး..”လို့ ပြောသတဲ့။

ဒီတော့ ဖိနပ်ဝှက်ထားတဲ့ ဦးပဥ္ဇင်းက စိတ်နာလိုက်တာ မပြောပါနဲ့တော့။ ‘ငါ့ကို ခွေးဖြစ်အောင် ဆိုတယ်’လို့ အတွေးခေါင်ပြီးတော့ စိတ်နာလိုက်တာတဲ့။ ဟိုဖိနပ်ရှင် ဦးပဥ္ဇင်းကတော့ စေတနာ မပါပါဘူး။ ခပ်ပေါ့ပေါ့ ပြောလိုက်တာပါပဲ။ စိတ်နာလောက်အောင် ပြောလိုက်တာ မဟုတ်ပါဘူး။ ဖိနပ်ခွေးချီတယ်လို့ ပြောတာဟာ ပြောရိုးပြောစဉ်ပဲ။ အပြောခံရတဲ့ ဦးပဥ္ဇင်းကတော့ ‘ငါ့ ခွေးဖြစ်အောင် ပြောရမလား’ဆိုပြီး စိတ်ဆိုးတာနဲ့၊ အုတ်ခဲကြီးနဲ့ ဖိနပ်ရှင် ဦးပဥ္ဇင်းရဲ့ ခေါင်းကို ထုလိုက်တာ ပျံလွန်တော်မူရှာသတဲ့။

အောင်မယ် ပြောတာကတော့ သူ့ဥစ္စာ မဖြစ်စလောက်ပဲ။ ဒါပေမယ့် ပြောတဲ့ဦပဥ္ဇင်းမှာ ပျံလွန်တော်မူရတယ်။ အုတ်ခဲနဲ့ထုတဲ့ ပုဂ္ဂိုလ်လည်း ရာဇဝတ်ပြစ်မှုကြီး ဖြစ်ရတယ်။ အဲဒီတော့ မဖြစ်စလောက် အပြောအဆိုကလေးကလည်း အကြီးအကျယ် ဒုက္ခပေးတတ်တယ်။ ဒါကြောင့် အပြောအဆိုကလေးများ ဆင်ခြင်ကြဖို့ဆိုပြီး ဦးပန်းမောင်က ပြောသွားတယ်။ သူပြောတာ မှတ်သားလောက်စရာပဲ။

အဲဒါဟာ ဘာထင်လဲ၊ ဥဒ္ဓုမာယိကဖား ထလာတာပေါ့..။ ငါ့ဖိနပ် ဘယ်ခွေးချီပါလိမ့်ဆိုတာဟာ နားထဲ မထိခိုက်ပါဘူး။ ပွန်းပဲ့မသွားပါဘူး။ ဘာမှ အနာတရ မဖြစ်ပါဘူး။ ခြင်ကိုက်သလောက်တောင် မနာပါဘူး။ သဲလုံးကလေး တစ်လုံးမှန်တာ လောက်တောင် မနာပါဘူး။ ဒါပေမယ့်လို့.. အတွေးခေါင်တဲ့သူရဲ့ စိတ်ထဲမှာတော့ အတော်နာကြည်းသွားပါတယ်။ ဒါကြောင့် သူ့ဥဒ္ဓုမာယိကဖားကြီးက တဟုန်တည်း ကုန်းပြီးထလိုက်တာကိုး ဒကာလူရ။ ဥဒ္ဓုမာယိကဖားဆိုတာ တို့တိုင်းကြီးတယ်ဆိုပေမယ့် သူ့ဖားကတော့ ထပ်ကာထပ်ကာ မတို့ရတော့ဘူး။ တစ်ခါတည်း တို့လိုက်တာနဲ့ ကြီးလာတာကိုးနော်..။ တယ်ကြီးလွယ်တဲ့ ဖားပဲ။

လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က သတင်းစာထဲမှာ တွေ့ရတယ် ဒကာလူရ။ မော်လမြိုင်ဘက် သံဖြူဇရပ်ကလို့ပဲ ထင်ပါတယ်။ အိမ်တစ်အိမ်က ဘာသာရေးကိစ္စတစ်ခုမှာ လူကြီး လေးငါးယောက် လက်ဖက်ရည်သောက်ရင်း တရားစကားပြောကြသတဲ့။ အရပ်ထဲမှာ သုမင်္ဂလ၊ ဒုမင်္ဂလကိစ္စရှိပြီဆိုမှဖြင့် ဒကာလူတို့ ယောက်ျားတွေက ဗဟုသုတရှိတဲ့ ပညာရှိတွေဆိုတော့ အဲဒီမှာသွားပြီးတော့ တရားစကား ဆွေးနွေးပြောဆိုကြရတာကိုး။ ဒီလို တရားစကားတွေ ပြောဆိုမှလည်း အဲဒီက ကျွေးမွေးဧည့်ခံတဲ့ လက်ဖက်တို့ လက်ဖက်ရည်တို့ စားသောက်လို့ ကောင်းတယ်ဆိုကိုး..။

အဲဒီ လူကြီးလေးငါးယောက်က တရားစကားဆွေးနွေးရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် ငြင်းကြသတဲ့။ ငြင်းကြတော့ တစ်ယောက်နဲ့ တစ်ယောက် မခံချင်စရာ စကားတွေကို ပြောကြတာနဲ့ စိတ်ဆိုးကုန်ပါရောတဲ့။ စိတ်ဆိုးကုန်တော့ တစ်ယောက်နဲ့ တစ်ယောက် ထိုးကြ ပုတ်ကြ ရိုက်ကြနဲ့၊ သွေးထွက်သံယို အနာတရဖြစ်ပြီးတော့.. နောက်ဆုံးကျတော့ ရဲဌာနရောက်ကုန်သတဲ့..ဒကာလူရ။

အဲဒီမှာ သတင်းစာဆရာက နိဂုံးချုပ်ပြီး ကောက်ချက်ချလိုက်တယ်..။ “သူတို့ ဆွေးနွေးတာက ခန္တီစ - သည်းခံခြင်းအကြောင်း ဆွေးနွေးတာမို့ တော်ပါသေးရဲ့”တဲ့။ သတင်းစာဆရာကလည်း တယ်အချက်ပိုင်တာပဲ။ ခန္တီစ - သည်းခံရမယ်ဆိုတဲ့ ဘုရားအလိုတော်နဲ့ အဲဒီအကြောင်းကို ဆွေးနွေးရာမှာ သည်းမခံနိုင်လို့ ရန်ဖြစ်ကြတာဟာ အတော်ကို အဆင်မပြေတာပဲ ဒကာလူရ။ ဒါလည်း ဥဒ္ဓုမာယိကဖားပဲ ဒကာလူရ။ သည်ဖားက သိပ်ဒုက္ခပေးတာ။ သည်ဖားကို ပယ်ဖို့ရာ သိပ်အရေးကြီးပါတယ်။

"တစ်ဦးနဲ့တစ်ဦး အမျက်ထွက်ကြတယ်၊ စိတ်ဆိုးကြတယ်ဆိုတာဟာ တခြားကလူတွေနဲ့ မဟုတ်ဘူး။ အနီးစပ်ဆုံးလူတွေနဲ့ စိတ်ဆိုးကြတာ။" အဝေးကြီးက မဆိုင်တဲ့သူတွေနဲ့ စိတ်ဆိုးရတာကတော့ တယ်မရှိလှပါဘူး။ အနီးဆုံး လူတွေနဲ့ စိတ်ဆိုးရတာပဲ များပါတယ်။ တစ်ဦးနဲ့တစ်ဦး သည်းမခံလို့ရှိရင်လေ.. ဒုက္ခတွေအများကြီး ရောက်တတ်တယ်။ ဒါကြောင့် သည်ဖားကို ပယ်ဖို့ အရေးကြီးပါတယ်။

ဆရာနဲ့ တပည့်၊ အတူနေသီတင်းသုံးဖော်အချင်းချင်း၊ မိတ်ဆွေအချင်းချင်း၊ အိမ်သူအိမ်သားချင်း၊ အိမ်နီးနားချင်းတွေ..၊ ဒီလိုဟာတွေပေါ့ ဒကာလူရ..။ အရေးကြီးတော့ သွေးနီးရာဆိုတဲ့အတိုင်း အရေးကြီးတဲ့အခါကျတော့လည်း သည်လူတွေပဲ အားကိုးရတယ်။ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေလို့ စိတ်ဆိုးကြရင်လည်း သည်လူတွေနဲ့ပဲ။ ညီအစ်ကိုမောင်နှမတွေများ သိပ်ရန်ဖြစ်တတ်ကြတယ်။ ကမ္ဘာ့နိုင်ငံတွေလိုက်ပြီး နှိပ်စက်နေတာလည်း သည်ဖားပဲ ဒကာလူရ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သည်းမခံနိုင်လို့ စစ်တိုက်ကြတယ်ဆိုတာလည်း သည်ဖားကြောင့်ပဲ။ တယ်ဆိုးတဲ့ ဖား..။ ဒါကြောင့် သည်ဖားကို လက်မခံနဲ့။ ဆင်ခြင်ပြီးတော့လည်း ပယ်ရမယ်။ ရှုမှတ်နိုင်ရင် ရှုမှတ်ပြီးတော့လည်း ပယ်ရမယ်။

{မဟာစည်ဆရာတော်ကြီး၏ ဝမ္မိကသုတ္တန် တရားတော်မှ ကောက်နုတ်ပူဇော်ပါသည်။}