" နိဗ္ဗာန် "ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်တို့ဧ။် နောက်ဆုံးပန်းတိုင် ဖြစ်သည် ။ နိဗ္ဗာန်သည် အကောင်းဆုံး၊ အမြတ်ဆုံး၊ အချမ်းသာဆုံး ဟုဆိုကြသဖြင့်
ဗုဒ္ဓဘာသာဝင်တိုင်း လိုချင်ကြသည် ၊ ရောက်ချင်ကြသည် ။ သို့ရာတွင် နိဗ္ဗာန်ဧ။် စစ်မှန်သော အဓိပ္ပာယ်ကို အမှန်တကယ်မသိပါဘဲ ကောင်းမြတ်ချမ်းသာလို့
လိုချင်တယ်ဆိုလျှင် မြင့်မြတ်သော ဆန္ဒအမှန် မဖြစ်သေးချေ ။

နိဗ္ဗာန်ကို ရောက်လိုကြောင်း အမြဲဆုတောင်းနေသောသူတစ်ယောက်အား ယခုပဲ နိဗ္ဗာန်ကိုသွားကြစို့ ဟု ခေါ်သည်တွင် အိမ်နှင့်တိုင်ပင်ပါရစေဦး ဟူ၍
လူအများ ဟာသပုံပြင်ပြုလုပ်၍ ပြောဆိုနေကြသည်မှာ နိဗ္ဗာန်ကို အမှန်တကယ် နားမလည်သေးကြောင်း သိစေလို၍ ဖြစ်သည် ။

ဒါယကာတစ်ဦးက ဆရာတော်ကြီးတစ်ပါးကို နိဗ္ဗာန်အကြောင်း ရှင်းလင်းပြောပြပေးပါရန် လျှောက်ထားသည်တွင် ၊ ဆရာတော်ကြီးက " နိဗ္ဗာန်ကို မရောက်ဖူးသေး၍
နိဗ္ဗာန်အကြောင်းကိုတော့ ရှင်းမပြနိုင်ပါ ၊ နိဗ္ဗာန်ရောက်ကြောင်း အားထုတ်ရန် တရားကိုတော့ ပြပေးနိုင်တယ် ၊ အတူတူအားထုတ်ပြီး နိဗ္ဗာန်ရောက်မှ ဆုံရှင်းကြတာပေါ့"လို့
မိ်န့်ကြားသည်မှာလည်း နိဗ္ဗာန်သည် လွယ်လွယ်နားလည်ရန် ခက်ခဲကြောင်း ပြဆိုလိုရင်းဖြစ်သည် ။

နိဗ္ဗာန်ကို လူသာမန် မဆိုထားနှင့် မျက်မှောက်ပြုပြီးသော အရိယာသူတော်စင်တို့ကိုယ်တိုင်ပင် အတိအကျ သဘောပေါက် နားလည်ရန် ရှင်းလင်းမပြနိုင်ကြခြင်းဖြစ်သည် ။
ပါဠိတော်၌ နိဗ္ဗာန်ကို ဥပမာ ငါးဆယ်ကျော်ဖြင့် ရှင်းလင်းပြသထားသော်လည်း လောကလူအများ အဓိပ္ပာယ်ကို ရှင်းလင်းစွာ သဘောပေါက်ရန် ခက်ခဲလျက်ပင်ရှိသည် ။
အထိုက်အလျောက် သိမြင်တွေးထင်နိုင်ရန် ပညာရှိသူတော်ကောင်းတို့မှ ရေးသားဟောပြောထားသည်များကိုသာ ဖတ်ရှုကြားနာရပေသည် ။

နိဗ္ဗာန်ချမ်းသာကို ရရှိခံစားကြရာ၌ အသက်မသေဆုံးမီ ရရှိသောနိဗ္ဗာန်သည် ကိလေသာတို့ဧ။် ငြိမ်းအေးခြင်း (ကိလေသာများကုန်ခမ်းပျောက်ကင်းခြင်း) ဟူသော
" ကိလေသ ပရိနိဗ္ဗာန် " ဖြင့် ရရှိခြင်းသည် ခန္ဓာရှိလျှက်နှင့် နိဗ္ဗာန်ရရှိခြင်း တစ်မျိုး ဖြစ်သည် ။ တဖန် အသက်သေဆုံးပြီးမှ ရုပ်ခန္ဓာဧ။် ငြိမ်းအေးခြင်း(ခန္ဓာအသစ်မဖြစ်တော့ခြင်း)
ဟူသော " ခန္ဓ ပရိနိဗ္ဗာန် " ဖြင့် ငြိမ်းအေးခြင်းကို အစဉ်အမြဲ ခံစားရရှိခြင်း တစ်မျိုး ဖြစ်သည် ။ ထိုသို့ဆိုရသော်လည်း နိဗ္ဗာန်နှစ်မျိုးရှိသည်ဟု မဆိုလို၊ နိဗ္ဗာန်သည် သီးခြားမရှိ ၊
တစ်မျိုးတည်းသာရှိသည် ။

အသက်မသေဆုံးမီ နိဗ္ဗာန်ကို မျက်မှောက်ပြုသည် (ရဟန္တာ ဖြစ်သွားသည်) ဆိုသည်မှာ ၊ ယင်းပုဂ္ဂိုလ်မြတ်ဧ။် သန္တာန်မှာ ကိလေသာဟူသမျှ ကုန်ဆုံးပျောက်ကွယ်သွားခြင်း
(ကိလေသ ပရိနိဗ္ဗာန်ပြုခြင်း) ကြောင့် အပူအလောင်များ လုံးဝကင်းစင်သွားကာ ငြိမ်းအေးချမ်းသာမှု ရရှိခြင်းကို ဆိုလိုသည် ။ ပုထုဇဉ်တို့အနေဖြင့် ပူဆွေးငိုကြွေး ဆင်းရဲပင်ပန်း
ဖြစ်ရခြင်းမှာ ကိလေသာအပူလောင်ခြင်းကြောင့် ဖြစ်သည် ။ တဏှာလောဘ၊ ဒေါသ၊ မာန၊ ဣဿာ၊ မစ္ဆရိယ၊ စသည့် ပူလောင်စေတတ်သော ကိလေသာတို့ကို ဖယ်ရှားရှင်းထုတ်
နိုင်မည်ဆိုလျှင် ကြီးမားသော ဘဝအေးငြိမ်းချမ်းသာခြင်း ရရှိမည်ကို ဆင်ခြင်ကြည့်တတ်မည်ဆိုပါက ၊ ရဟန္တာ သူတော်စင်တို့ဧ။် ငြိမ်းအေးခြင်းကို ခန့်မှန်းနိုင်ပါလိမ့်မည် ။

ဤသို့ မသေဆုံးမီ နိဗ္ဗာန်ကို မျက်မှောက်ပြုသည့် သူတော်စင်တို့အဖို့ ၊ အိုခြင်း ကိုလည်း မမှုတော့ပါ ၊ နာခြင်း ကိုလည်း မခံစားရတော့ပါ ၊ သေခြင်း ဆိုရာ၌ ခန္ဓာကိုထမ်းထားရသော
ဝန်ထုပ်ဝန်ပိုးကြီးမှ အပြီး လွတ်မြောက်တော့မည် ဖြစ်၍ ၊ ဥဒါန်းများပင် ကျူးရင့်ကာဖြင့် ခန္ဓာကို အားရပါးရ စွန့်ပစ်ခဲ့ကြလေသည် ။ ရုပ်နာမ်ခန္ဓာကို အမြတ်တနိုး နှစ်သက်တွယ်တာ
နေသော မိမိတို့လို ပုထုဇဉ်တွေအတွက် အလွန်ပင် ရှက်ဖွယ် ကောင်းလှပေတော့သည် ။

ဗုဒ္ဓလက်ထက်တော်တုန်းက ရဟန်းတော်တစ်ပါးသည် အရှင် သာရိပုတ္တရာ မထေရ်ကို မေးလျှောက်ဖူးသည် ။
" အရှင်ဘုရား , ခန္ဓာလည်းမရှိ ၊ ခံစားမှုလည်းမရှိသော နိဗ္ဗာန်သည် အဘယ်သို့လျှင် 'ချမ်းသာ' မည်ပါသနည်း "
" ငါ့ရှင် , ခံစားမှု မရှိခြင်း ပင်လျှင် 'ချမ်းသာ' ဖြစ်ပါဧ။် " ဟူ၍ ဖြေကြားဖူးပါသည် ။ သာမန် စဉ်းစားကြည့်ရုံမျှဖြင့် နားလည်ရ ခက်ပေစွ ။

အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ ဟူသော အာရုံ(ကာမဂုဏ်တရား) တို့ကို ကောင်းမြတ်ချမ်းသာသည်ဟု ခံစားခြင်းကို " ဝေဒယိတ သုခ " ဟု ဆိုရသည် ။ ယင်းသုခချမ်းသာသည်
ခံစားစံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ်အသစ် ရအောင် ရှာဖွေထူထောင်ရဧ။်။ ထိုသို့ အသစ်အသစ်တို့ကို ရှာဖွေထူထောင်ရသော ဆင်းရဲဒုက္ခကား ခံစားရသော သုခထက်
အဆမတန်များလှပေသည် ။ (ထမင်းတစ်နပ်အတွက် ရှာရ၊ ဖွေရ၊ ဝယ်ရ၊ ချမ်းရ၊ ချက်ရ၊ ပြုတ်ရ၊ ခူးရ၊ ခပ်ရသည့် ဒုက္ခတစ်ခုကိုသာထောက်ကြည့်ပါ) ။ ရှာဖွေစဉ်မှာလည်း အကုသိုလ်တို့ကို
ပြုမိကြသဖြင့် အပါယ်ဒုက္ခကို အပိုဆောင်း၍ မပြီးနိုင် မစီးနိုင် ခံကြရဦးမည် ဖြစ်ပေသည် ။

ခန္ဓာမရှိတော့သော နိဗ္ဗာန်ချမ်းသာကို " သန္တိ သုခ " = ပျက်စီးမှုမရှိသော (အစဉ်အမြဲတည်ရှိနေသော) အေးငြိမ်းခြင်း ဟူ၍ ခေါ်ဆိုရပေသည် ။ ခန္ဓာ မဖြစ်တော့ခြင်းကြောင့် ၊ အဖြစ်မရှိက
အပျက်လည်း မရှိနိုင်တော့သဖြင့် အဖြစ်အပျက် လှုပ်လှုပ်ရွရွ အပူအလောင် မရှိသောကြောင့် အလွန်အေးငြိမ်းခြင်း ဖြစ်ရလေသည် ။ ထိုအေးငြိမ်းခြင်းသည် နိဗ္ဗာန်ဧ။် " သန္တိ " ဟုခေါ်သော
ထူးခြားသည့် လက္ခဏာပင် ဖြစ်ပေသည် ။

ထို ' သန္တိသုခ ' ခေါ်သော နိဗ္ဗန်ချမ်းသာကို ရရှိနိုင်ရန် အသက် မသေဆုံးမီ ' ကိလေသ ပရိနိဗ္ဗာန် ' ပြုခြင်းဟုဆိုသော ကိလေသာများ ကုန်ခမ်း ပျောက်ကင်းရန် အားထုတ်ကြရမည်ဖြစ်သည် ။

ထိုကြောင့် ကိလေသာ အပူအလောင်များ နည်း၍ နည်း၍ လာမှသာ ထိုအားထုတ်အပ်သော ကမ္မဌာန်း ဘာဝနာသည် မှန်သောလမ်းစဉ် ဖြစ်သည် ။ " နိဗ္ဗာန် ရောက်ကြောင်းတရား " အမှန်
ဖြစ်သည် ။ ကမ္မဌာန်း ဘာဝနာ အားထုတ်သော်လည်း ကိလေသာတို့ နည်းပါးမသွားလျှင် ကမ္မဌာန်းသော်လည်း မှားနေပေလိမ့်မည် ၊ သို့မဟုတ် မိမိကသော်လည်း ကိလေသာနည်းလိုသောဆန္ဒ
မရှိသောကြောင့် ဖြစ်လိမ့်မည် ။ ကမ္မဌာန်းကလည်း နည်းမှန်သည် ၊ မိမိဧ။် ဆန္ဒကလည်း ကိလေသာများကို အမှန်ကုန်ခမ်းစေလိုသည် ဆိုပါက ၊ ကမ္မဌာန်းဟူသမျှသည် ကိလေသာ နည်းပါးရာမှ
တစ်စ တစ်စ ကုန်ဖို့ရန်သာ ဖြစ်ပေတော့သည် ။

ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ကိလေသာများ အမှန်တကယ် ပျောက်ကင်းစေချင်သော သဒါ္ဓ ဆန္ဒ ပြည့်ဝကြလျက် ကိလေသာနည်းပါးမည့် ကမ္မဌာန်း " နိဗ္ဗာန် ရောက်ကြောင်းတရား " ကို
လေ့လာတွေ့မြင်ပြီး ကြိုးစားအားထုတ် နိုင်ကြပါစေသော် ။