စေတနာ သုံးတန် နှင့် ညီညွတ်သော အလှူဒါနတို့သည် အနာရောဂါကင်း၍ အသက်ရှည်ခြင်း ၊
လုံ့လပြု အားထုတ်သမျှ အကျိုး အမှန်ရရှိခြင်း ၊ ကူညီသူများပြားပြီး စည်းစိမ်ဥစ္စာတိုးပွားခြင်း ၊
ရန်ဟူသမျှ ပြေငြိမ်းအေးချမ်းရခြင်း ၊ ဂုဏ်သတင်းကောင်း ကျော်စောပျံ ့နှ့ံခြင်း စသည့်
ကောင်းမြတ်သော အကျိုးတို့နှင့် ပြည့်စုံကြောင်း ဓမ္မပါလ ဇာတ်တော်၌ လာရှိပါသည် ။

စေတနာသုံးတန်ဆိုသည်မှာ - ၁။ ပုဗ္ဗ စေတနာ ၂။ မုဥ္စ စေတနာ ၃။ အပရ စေတနာ တို့ဖြစ်သည် ။

၁ ။ ' ပုဗ္ဗ စေတနာ '
ရှေးဦးပထမ အလှူတစ်ခုပြုလုပ်ရန် ရည်သန်၍ ပစ္စည်းရှာဖွေ စုဆောင်းစီမံ ဆောင်ရွက်နေသည့်အခိုက်
မကျေနပ်သော ဒေါသစိတ် ၊ တွန့်တိုသော စိတ် ၊ စသည့် ညစ်ညူးနောက်ကျိသော အကုသိုလ်စိတ်တို့
မဖြစ်ရလေအောင် သတိဖြင့် စောင့်ထိန်းလျက် လှူဖွယ် အရပ်ရပ်ကို ပျော်ရွှင် ဝမ်းမြောက်စွာ စီစဉ်ခြင်း၊
တက်ကြွရွှင်လန်းစွာ စီမံဆောင်ရွက်ခြင်းများသည် ' ပုဗ္ဗ စေတနာ ' အတွက် ပြည့်စုံပေသည် ။

အလှူဒါန မပြုလုပ်မီ တွန့်တိုသည့် အဟန့်အတား၊ အကုသိုလ်စိတ်တို့ ဖြစ်ပေါ်ပါက ၊ ခြေလက်အဂါင်္ ချို့တဲ့ခြင်း၊
နိမ့်ကျသော အမျိုး၌ ဖြစ်ရခြင်း ၊ တန်းခိုးအာဏာ အရှိန်အဝါ သေးနုတ်ခြင်း ၊ ကြံစည်သမျှ ပျက်စီးခြင်း ၊
မိမိပြုသမျှ မည်သူမျှ အကောင်းမမြင်ခြင်း စသော မကောင်းကျိုးများ ဖြစ်တတ်သည် ။

၂ ။ ' မုဥ္စ စေတနာ '
လှူဖွယ်ပစ္စည်းတို့ကို လှူဒါန်းနေစဉ် အခိုက်၌ ပစ္စည်းပေါ်တွယ်တာသော တဏှာလောဘစိတ် မဖြစ်စေဘဲ
အလှူခံပုဂ္ဂိုလ်အား သံသယစိတ် မရှိစေရပါ ၊ အကုသိုလ်စိတ်များကင်းရှင်းစွာဖြင့် လောကီအကျိုး
တစ်စုံတစ်ရာကိုမျှ မမျှော်လင့်ဘဲ အနှစ်သာရရှိသော ကုသိုလ်ရရှိပြီဟု စိတ်ကြည်လင်ရွှင်ပျ ဖြစ်နေသော
ကုသိုလ်စေတနာသည် ' မုဥ္စ စေတနာ ' နှင့်ပြည့်စုံပေသည် ။

အလှူဒါန ပြုဆဲကာလတွင် လောဘစိတ် ၊ တွန့်တိုစိတ် ၊ သံသယစိတ် ၊ စသည့် အဟန့်အတား အကုသိုလ်
စိတ်တို့ ဖြစ်ပေါ်ပါက မိမိကြိုးစား လုပ်ကိုင်သမျှ မအောင်မြင်ခြင်း ၊ အခြံအရံ နည်ပါးပြီး လူချစ်လူခင် နည်းခြင်း၊
ရန်သူမျိုးငါးပါးကြောင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးရခြင်း ၊ ပညာသင်ယူရာ၌ မရနိုင်ဘဲ ဉာဏ်ထိုင်းမှိုင်းခြင်း ၊
ကျန်းမာရေး ချို့တဲ့ခြင်း စသည့် မကောင်းကျိုးတို့ ဖြစ်စေသည် ။

၃ ။ ' အပရ စေတနာ '
အလှူဒါနပြုပြီးသောအခါ၌ ' မြတ်စွာဘုရားရှင်နှင့် တကွ သူတော်စင် သူတော်ကောင်းတို့ ပြုလေ့ရှိသော
မွန်မြတ်သည့် ဒါန ၊ မြတ်စွာဘုရားရှင် နှင့် သူတော်ကောင်းတို့ဧ။် ချီးမွမ်းအပ်သော အလှူဒါန တို့ကို
အောင်မြင်စွာ ပြီးမြောက်ပေပြီ ၊ နိဗ္ဗာန်အကျိုး ရရှိရန် အထောက်အပံ့ကောင်းကို ရပေပြီ၊ ကောင်းလေစွ'
ဟူ၍ ဝမ်းမြောက် ဝမ်းသာ ကြည်လင် ရွှင်ပျနေခြင်းသည် ' အပရ စေတနာ ' မည်ပေသည် ။

အလှူဒါန ပေးလှူပြီးနောက် တွန့်တိုသောစိတ် ဖြစ်ပေါ်ခြင်း ၊ စိတ်မချမ်းသာ ပူပန်သောက ဖြစ်ခြင်း ၊
' မှားလေစွ ' ဟု နောင်တစိတ်ဖြင့် သုံးသပ်ခြင်းများဖြစ်ခဲ့သော် မိမိပိုင်ဆိုင်ထားသော စည်းစိမ် ဥစ္စာ ၊
ပစ္စည်း အသုံး အဆောင်များကို ခံစား စံစား လိုသောစိတ်ပင် မဖြစ်ပေါ်တော့ပေ ၊ ရရှိထားသော
စည်းစိမ်ဥစ္စာများ ရုတ်တရက် ဆုတ်ယုတ် ပျက်စီးခြင်း ၊ အိုမင်းသည့်အခါ ဆင်းရဲဒုက္ခ အမျိုးမျိုးကို
ကြုံတွေ့ရခြင်း ၊ သေလွန်ပြီးနောက် သူများ ဥစ္စာကို စောင့်ကြပ်ရသော ပြိတ္တာ ဖြစ်ရခြင်း ၊ စသည့်
မကောင်းသော ဆိုးကျိုးများ ရရှိခံစားရတတ်သည် ။

အလှူဒါနပြုပြီးသောအခါ ဆုတောင်းမမှားရန် ရှေးသူတော်ကောင်း တို့ ဆုတောင်းစကား မိန့်ကြားခဲ့ကြသည် ။

" ဣဒံ မေ ပုညံ နိဗ္ဗာန်နဿ ပစ္စယော ဟောတု " ဟူ၍လည်းကောင်း ၊ မြန်မာစကားအားဖြင့် -

" အကျွနု်ပ် ပြုသော ဤကောင်းမှုသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းကို ဖြစ်ပါစေသတည်း " ။ ။