အရှင်ဘုရား၊ ဇာတကဧကကနိပါတ် ကုလာဝကဇာတ်လာ မဃလုလင်မှ ဖြစ်လာသူ သိကြားမင်းမှာ ဘုရားလောင်း ဖြစ်ကြောင်း ဆိုပါသည်။ ယခုလက်ရှိ တာဝတိံသာနတ်ပြည်ရှိ သိကြားမင်းလည်း မဃလုလင်မှ ဖြစ်လာသူဖြစ်၍ နာမည်တူ၊ အဖြစ်တူ ဖြစ်နေပါသည်၊ ရှင်းပြစေလိုပါသည်ဘုရား။
( ဒေါက်တာမြင့်စိုး-ရန်ကုန်မြို့ )


( ဖြေ )
ကုလာဝကဇာတ် (ဇာတက ၁-၂၁၄ )တွင် မဂဓတိုင်း ရာဇဂြိုဟ်အနီး မစလရွာ မဃလုလင်အဖြစ်နှင့် သက္ကပဥှသုတ်အဖွင့် ( ဒီ-ဋ္ဌ ၂၊ ၃၀၂ ) မဃမာဏ၀ ၀တ္ထု (ယခုလက်ရှိ သိကြားမင်းအဖြစ်) မှာ အလုံးစုံတူနေပါသည်။ အမည်နှင့် ဖြစ်စဉ်သာမက သုဇာတာ၊ သုဓမ္မာ၊ သုစိတ္တာ၊ သုနန္ဒာ မိဖုရားကြီးလေးဦး အကြောင်း၊
သုဇာတာ-ဗျိုင်းမကလေး ဖြစ်သွားသည်တို့ပါ တူပါသည်။ သို့သော် ကုလာဝကဇာတ်လာ မဃလုလင်က ဂေါတမဘုရားလောင်းဖြစ်၍ ဘုရားဖြစ်ကာ နိဗ္ဗာန်စံဝင်သွားပါပြီ။
သက္ကပဥှသုတ်လာ မဃလုလင်က ယခု တာဝတိံသာ နတ်ပြည်ရှိ သိကြားမင်း ဖြစ်နေပါသေးသည်။ အဘယ်ကြောင့် ဤနှစ်ဦးဘ၀မှာ တထပ်တည်း တူညီနေပါသနည်းဟု အမြဲပင် အမေးခံနေရပါသည်။

၎င်းအတွက် ဖြေဆိုရန်မှာ
မိဘလုပ်ကျွေးခြင်း၊
ကြီးမြင့်သူများ၌ ရိုသေခြင်း၊
မှန်ကန်စွာ ပြောဆိုခြင်း-စသည့် သိကြားဖြစ်ကြောင်း ကျင့်ဝတ်ကောင်းများကို ကျင့်သုံးပုံ တူညီခြင်း၊
ကျေးရွာသန့်ရှင်းရေး ပြုလုပ်ပုံ တူညီခြင်း စသည့် သိကြားဖြစ်ကြောင်း ကုသိုလ်ကောင်းမှုများ ပြုလုပ်ပုံ မကွဲမပြား ဖြစ်နေမှု၊ တာဝတိံသာနတ်ပြည်တွင် ယင်းကုသိုလ်များ၏ အကျိုးကြောင့် ဥယျာဉ်ဗိမာန် ရေကန် စသည် ရရှိပုံ တူညီမှု စသည်များနှင့် ရေးသား မှတ်တမ်းတင်ခဲ့သူ အဋ္ဌကထာဆရာမှာလည်း အရှင်မဟာဗုဒ္ဓဃောသ တပါးတည်းဖြစ်၍ အကြောင်းတူ၊ အကျိုးတူ သိကြားမင်း နှစ်ဦး၏ အဖြစ်ကို တထပ်တည်း မှတ်တမ်းပြုခဲ့ဟန် တူကြောင်း၊ ပါဠိတော်များ၊ အဋ္ဌကထာများ၏ ထုံးစုံမှာလည်း အကြောင်းအရာတခု တူညီလျှင် ရှေးရှေးပါဌ်အတိုင်း နောက်နောက်ပါဌ်တွင် တသဝေမတိမ်း အတူ မှတ်တမ်းတင်တတ်ကြောင်း၊ ဘာဏကဆောင်၊ (နှုတ်တက်ရွတ် ဆိုသူ) အရှင်မြတ်တို့ တူညီလျှင်လည်း တထပ်တည်း တူတတ်ကြောင်း ဖြေဆိုရပါသည်။