ယခု ခေတ်အခါသည် ဝိပဿနာတရား ထွန်းကားလာသော ခေတ်အခါ ဖြစ်ပေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် တို့သည် ဝိပဿနာတရားကို အချိန်ရသမျှ အားထုတ်လျက် ရှိကြပေသည်။ ဝိပဿနာ တရား အားထုတ်ကြသော သူတို့သည် မိမိတို့ ရောက်ရှိနေသော ဥာဏ်များ၏ အကျိုးတရားများကို သိထားသင့်ကြပေသည်။ အကျိုးတရားများကို သိထားကြသော ယောဂီတို့သည် မိမိတို့ အားထုတ်ဆဲ တရားအပေါ်၌ ယုံကြည်ချက် သဒ္ဓါ တရားများထက်သန်လာကြမည် ဖြစ်ပေသည်။
သဒ္ဓါတရားထ

က်သန်အားကောင်းသည် နှင့် အမျှ မပြတ်မလပ်အားထုတ်နိုင်ခြင်း ဝီရိယအား ပို၍ ကောင်းလာကြမည် ဖြစ်ပေသည်။ ဝီရိယ အားကောင်းလာသည်နှင့် အမျှ ပေါ်ရာပေါ်ရာ အာရုံတို့၌ မလွတ်တမ်း ရှုမှတ်နိုင်သည့် သတိအားပို၍ ကောင်းလာကြမည် ဖြစ်ပေသည်။သတိအား ကောင်းလာသည်နှင့်အမျှ စိတ်တည်ငြိမ်မှု သမာဓိအားလည်း ပို၍ ကောင်းလာကြမည် ဖြစ်ပေသည်။ သမာဓိအားကောင်းသည်နှင့် အမျှဝိပဿနာ ဥာဏ်များ ပို၍ ကောင်းလာကြမည် ဖြစ်ပေသည်။၊ဝိပဿနာ ဥာဏ်များ ပြည့်စုံသွားသောအခါ မိမိတို့၏ ပါရမီအားလျော်စွာ မဂ်ဖိုလ်နိဗ္ဗာန် တရားထူးတရားမြတ်များကို ရရှိသွားကြမည် ဖြစ်ပေသည်။
ထိုကြောင့် မိမိတို့ ရောက်ရှိနေကြသောဥာဏ်များ၏ အကျိုးတရားများကို သိထားသင့်ကြပေသည်။ ဘင်္ဂဥာဏ်သို့ ရောက်ရှိနေကြသော သူတို့သည် အောက်ပါအကျိုး (၈) ဖြာကို ရရှိကြပေသည်။

အကျိုးတရား (၈)ပါးမှာ-
၁။ ဘဝဒိဋ္ဌိ ခေါ် သဿတဒိဋ္ဌိကို ပယ်ခွာနိုင်ခြင်း
၂။ အသက်ကို ငဲ့ကွက်တွယ်တာမှုကို ပယ်ခွာခြင်း
၃။ နေ့ရောညဥ့်ပါ အခါခပ်သိမ်း ဘာဝနာ၌ လွန်စွာအားထုတ်ခြင်း
၎။ စင်ကြယ်သော အသက်မွေးမှုရှိခြင်း
၅။ ကိစ္စကြီးငယ်တို့၌ ကြောင့်ကြဗျာပါဒကို ပယ်ခြင်း
၆။ ကြောက်ရွံ့ မှုများကင်းခြင်း
၇။ သည်းခံခြင်း နှင့် သူတော်ကောင်းတရား၌ မွေ့လျော်ခြင်း တို့ကို ရခြင်း
၈။ တောကျောင်း ဘာဝနာအမှု၌ မွေ့လျော်ခြင်း၊ ကာမဂုဏ်၌ မမွေ့လျော်ခြင်း ဟူသော အကျိုး (၈)ပါးကို ရရိကြပေသည်။

(၁) ဘဝဒိဋ္ဌိခေါ်သဿတဒိဋ္ဌိကိုပယ်ခွာနိုင်ခြင်းဟုဆိုရာ၌---တချို့သော သူတိုသည် သတ္တဝါတို့ သေဆုံးကြသောအခါ ရုပ်ကိုယ်ကြီး ကသာပျက်စီးသွား၍ ဤဘဝမှာ ကျန်နေခဲ့သည်။ ဝိဥာဏ် အတ္တကောင်ကတော့ ပျက်စီးသည်မဟုတ်၊ငှက်ကလေးများ သစ်ပင်တစ်ပင်မှ တစ်ပင်သို့ ပြောင်းရွှေ့သွားသကဲ့သို့ နောက်ဘဝ များသို့ ဆက်ကာဆက်ကာ
ပြောင်းရွှေ့သွားသည်ဖြစ်၍ ဝိဥာဉ်အတ္တကောင်ကတော့ မြဲသည်ဟု ဘဝဒိဋ္ဌိ ခေါ် သဿတဒိဋ္ဌိ အယူရှိကြသည်။ ထိုသူတို့သည် ဝိပဿနာ တရားအားထုတ်၍ အပျက်ကိုမြင်သော ဘင်္ဂဥာဏ်သို့ရောက်သောအခါ ဖြစ်ပေါ်လာပြီးသော သဿတဒိဋ္ဌိ ပျောက်ကင်းသွားကြပေသည်။ ဘဝဒိဋ္ဌိခေါ် သဿတ ဒိဋ္ဌိကို ပယ်ခွာနိုင်ကြသည်။

(၂)အသက်ကိုငဲ့ကွက်တွယ်တာမှုကိုပယ်စွန့်ခြင်းဟုဆိုရာမှာ- ဘင်္ဂဥာဏ်သို့ရောက်နေကြသော သူတို့သည်ရှုမှတ်ချက်တိုင်းမှတ်စရာအာရုံနှင့် မှတ်သိစိတ်တို့အလျင်အမြန်ကုန်ပျက် ကုန်ပျက်သွားသည်များကိုတွေ့မြင်ရသောကြောင့်
မှတ်ချက်တိုင်းမှတ်ချက်တိုင်းကုန်ပျက်သေဆုံးနေသည်ကိုသာတွေ့မြင်ကြရကုန်၏။ထိုကြောငိ့ဘင်္ဂဥာဏ်သို့ရောက်နေကြသောသူတို့သည်အသက်ကိုငဲ့ကွက် တွယ်တာမှုကိုစွန့်နိုင်ခြင်းဖြစ်ကြပေသည်။

(၃)နေ့ရောညဥ့်ပါအခါခပ်သိမ်း ဘာဝနာအမှုတွင်လွန်စွာအားထုတ်ခြင်းဟုဆိုရာမှာ- ဘင်္ဂညဏ်သို့ရောက်နေကြသောသူတို့သည်အားရှိသောဗလဝဝိပဿနာညဏ်များဖြစ်သောကြောင့်အောက်ဥာဏ် များဖြစ်သည့် နာမရူပ ပရိစ္ဆေဒ ဥာဏ်၊ ပစ္စယပရိဂ္ဂဟ ဥာဏ်၊သမ္မာသန ဥာဏ်၊ ဥဒယဗ္ဗယ ဥာဏ် တို့၌ ကဲ့သို့
ပညတ်ကို ခွာရခြင်း အားစိုက်၍ ရှုမှတ်ရခြင်းများ မပြုလုပ်ရဘဲ ပရမတ်သဘောများ၏ ကုန်ပျက်သွားသည်များကိုသာ အားမစိုက်ရတော့ပါဘဲ လွယ်ကူစွာမှတ်ရှုနိုင်ကြပေသည်။ထို့ကြောင့် ဘင်္ဂဥာဏ်သို့ ရောက်နေကြသော ပုဂ္ဂိုလ်တို့သည်နေ့ရော ညဉ့် ပါအခါခပ်သိမ်း ဘာဝနာအမှု၌ လွန်စွာအားထုတ်နိုင်ကြခြင်း ဖြစ်ကြပေသည်။

(၄) စင်ကြယ်သော အသက်မွေးမှုရှိခြင်းဟု ဆိုရာ၌- ဘင်္ဂဥာဏ်သို့ ရောက်နေကြသော ပုဂ္ဂိုလ်တို့သည် ရှုမှတ်ချက်တိုင်း ရှုမှတ်ချက်တိုင်း အပျက်ကိုသာ မြင်နေရ၍ တစ်ဘဝတာ ဆုံးခန်းတိုင်အောင် ပျက်စီးသွားနိုင်ပေသည်။သေဆုံးသွားနိုင်ပေသည်ဟုသေခြင်းမရဏသတိကမ္မဋ္ဌာန်းကိုဆင်ခြင်ပွာများပြီးဖြစ် ကြပေသည်။ထို့ကြောင့်ထိုဘင်္ဂဥာဏ်သို့ရောက်နေကြသောပုဂ္ဂိုလ်တို့သည်စင်ကြယ်သောအသက်မွေးမှုရှိ ခြင်း ဖြစ်ကြရပေသည်။

(၅) ကိစ္စကြီးငယ်တို့၌ ကြောင့်ကြဗျာပါဒကို ပယ်ခြင်းဆိုရာ၌-ဘင်္ဂဥာဏ်သို့ ရောက်နေကြသော ပုဂ္ဂိုလ်တို့သည် မည်သည့်အရာမဆို ဖြစ်ပြီးလျှင် ကုန်ပျက်နေကြချည်းသည်သာတည်း ပျက်ချိန်တန်လျှင်ပျက်နေတာဖြစ်၏ဟု ဥာဏ်သက်ဝင်၍ ဆင်ခြင်မှုများ ရှိနေကြပေသည်။ ထို့ကြောင့် ထိုဘင်္ဂဥာဏ်သို့ရောက်နေကြသော ပုဂ္ဂိုလ်တို့သည် ကိစ္စကြီးငယ်တို့၌ ကြောင့်ကြဗျာပါဒကို ပယ်နိုင်ကြပေသည်။

(၆) ကြောက်ရွံ့မှုကင်းခြင်းဟုဆိုရာ၌-
ကြောက်ရွံ့မှုတို့သည်ဒေါသအရင်းခံရှိကြပေသည်။ ဒေါသအရင်းခံ ရှိကြပေသည်။ ဒေါသလျှင် အကြောင်းရင်း ရှိကြပေသည်။ အကြင်ဘင်္ဂဥာဏ်သို့ ရောက်ရှိနေကြသော ပုဂ္ဂိုလ်တို့သည် မှတ်ချက်တိုင်း မှတ်ချက်တိုင်း ကြောက်ရွံ့ခြင်းကိုဖြစ်စေသော ဒေါသကိုပယ်ထားကြကုန်၏။ ထို့ကြောင့် ထိုဘင်္ဂဥာဏ်သို့ရောက်နေကြသော ပုဂ္ဂိုလ်တို့သည် ကြောက်ရွံ့မှုများ ကင်းကြခြင်းဖြစ်ပေသည်။

(၇)သည်းခံခြင်းနှင့်သူတော်ကောင်းတရားတို့၌မွေ့လျော်ခြင်းတို့ကိုရရှိခြင်းဟုဆိုရာ၌ အကြင်ဘင်္ဂဥာဏ်သို့ရောက်နေကြသော ပုဂ္ဂိုလ်တို့သည် ရှုမှတ်ချက်တိုင်း ရှုမှတ်ချက်တိုင်း သည်းမခံနိုင်ခြင်း၏အကြောင်းဖြစ်သည့်ဒေါသကိုပယ်၍သည်းခံနိုင်ခြင်း၏အကြောင်းဖြစ်သည့်အဒေါသ၊မေတ္တာ တရားနှင့် ပျင်းရိငြီးငွေခြင်း၏ အကြောင်းဖြစ်သည့် မောဟ၊ထိနမိဒ္ဓတို့ကို ပယ်၍ မှတ်ချက်တိုင်း သူတော်ကောင်းတရားတို့၌ မွေ့လျော်ကြောင်းဖြစ်သည့် သဒ္ဓါစသော တရားတို့ကို ဖြစ်စေကြကုန်၏။ ထို့ကြောင့်ဘင်္ဂဥာဏ်သို့ရောက်နေကြသောပုဂ္ဂိုလ်တို့သည်သည်းခံခြင်းနှင့်သူတော်ကောင်းတရားတို့၌မွေ့လျော်ခြင်းတို့ကို ရရှိကြခြင်းဖြစ်ပေသည်။

(၈) တောကျောင်း ဘာဝနာအမှု၌ မွေ့လျော်ခြင်း၊ ကာမဂုဏ်၌ မမွေ့လျော်ခြင်းဟုဆိုရာ၌- အကြင်ဘင်္ဂဥာဏ်သို့ရောက်နေကြသော ပုဂ္ဂိုလ်တို့သည် ရှုမှတ်ချက်တိုင်း ရှုမှတ်ချက်တိုင်း ဘာဝနာအမှုတို့၌ မပျော်မွေ့နိုင်ခြင်း၏ အကြောင်းဖြစ်သော မောဟ၊ထိနမိဒ္ဓ တို့ကိုပယ်၍ ရှုမှတ်ချက်တိုင်း ရှုမှတ်ချက်တိုင်း ကာမဂုဏ်၌ ပျော်မွေ့ခြင်းလောဘတဏှာကိုပယ်၍ ရှုမှတ်ချက်တိုင်း ရှုမှတ်ချက်တိုင်း ဘာဝနာအမှုတို့၌ ပျော်မွေ့နိုင်ခြင်း၏ အကြောင်းဖြစ်သော အမောဟ၊ ကာမဂုဏ်တို့၌ မပျော်မွေ့ခြင်း၏ အကြောင်းဖြစ်သော အလောဘတို့ကို ဖြစ်စေကုန်၏။ထို့ကြောင့်ဘင်္ဂဥာဏ်သို့ရောက်နေကြသော ပုဂ္ဂိုလ်တို့သည် တောကျောင်း ဘာဝနာအမှု၌ မွေ့လျော်ခြင်း၊ ကာမဂုဏ်၌ မမွေ့လျော်ခြင်းတို့ကို ဖြစ်စေ၏။

သဒ္ဓမ္မရံသီရိပ်သာဆရာတော်
ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ ၆.၇.၉၉
(ဆရာတော်ဘုရားကြီး ၏ သိကောင်းစရာ ဓမ္မပဒေသာများမှ ကူးယူပူဇော်ပါသည်)