“တစ်နေ့သော အချိန်”
•••••••••••••••••••••••••••••••
လူတွေဟာ တစ်ခါတစ်ရံ စိတ်အားတွေ တက်ကြွပြီး
နေတဲ့အခါမျိုး ရှိတယ်။ သို့သော် တစ်ခါတစ်ရံ
အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ
စိတ်ဓာတ်တွေ ဆုတ်နစ်သွားတတ်ကြတယ်။
ဒီလို စိတ်ဓာတ်တွေ ကျနေတဲ့အချိန်မှာ
ဝိုင်းဝန်းပြီးတော့ အားပေးစကား ပြောကြရတယ်။

▬▬▬▬▬▬▬▬▬▬
“စိတ်ဓာတ်အကျဆုံးအချိန်”
▬▬▬▬▬▬▬▬▬▬
လူတွေ စိတ်ဓာတ်အကျဆုံးအချိန်ဟာ ဘယ်အချိန်လဲ
လို့ တရားချစ်ခင် သူတော်စင်ပရိသတ်တို့ သိဖို့
လိုတယ်နော်။ လူတိုင်းလူတိုင်း နောက်ဆုံးကြုံတွေ့ရမယ့်
“တစ်နေ့သော အချိန်”ဆိုတာ ဘယ်အချိန်လဲ?
“သေခါနီးအချိန်” ပေါ့။
လူတိုင်းလူတိုင်း မရှောင်လွှဲနိုင်ဘူး။
တစ်နေ့ကျတော့ ကြုံတွေ့ရမယ်ဆိုတဲ့
နောက်ဆုံးအချိန်မှာ စိတ်အားအငယ်ဆုံး၊
စိတ်ဓာတ်အကျဆုံးအချိန်လို့ ဆိုလိုတယ်။

▬▬▬▬▬▬▬▬▬▬▬▬▬
“ပညာနဲ့ဆင်ခြင်ပြီးမှ လုပ်သင့်ပုံ”
▬▬▬▬▬▬▬▬▬▬▬▬▬
အဲဒီအချိန်မှာ ကျန်တဲ့သူတွေက ဘာလုပ်သင့်သလဲ။
လုပ်သင့်လုပ်ထိုက်တယ်ဆိုတာ ဘာတွေလဲ။
ခုခေတ်မှာ ဘာတွေလုပ်နေကြလဲ။
ဒါကို လေ့လာ သုံးသပ်ပြီး ကြည့်ဖို့လိုတယ်။
ကိုယ်လုပ်တဲ့အလုပ်တွေဟာ မှန်ကန်မှု ရှိရဲ့လား။
ခုခေတ်လူတွေ လုပ်နေကြတာ မှန်ကန်မှု ရှိရဲ့လား။
တကယ် “အားပေးစကား"” ပြောတာ ဟုတ်ရဲ့လား။
အားပေးစကားပြောတာမျိုး မဟုတ်ဘဲ ၊
ချောက်တွန်းတာမျိုး ဖြစ်နေသလားလို့
စဉ်းစားဆင်ခြင်သင့်တယ်။

မစဉ်းစားဘဲလုပ်တဲ့ လုပ်ရပ်မှန်သမျှဟာ ကောင်းကျိုး
ချမ်းသာကို မပေးနိုင်ဘူး။
အရာရာဟာ ပညာနဲ့ ဆင်ခြင်ပြီးတော့မှ လုပ်သင့်တယ်။

▬▬▬▬▬▬▬▬▬▬
“စဉ်းစားဖွယ်”
▬▬▬▬▬▬▬▬▬▬
မဟာနာမဆိုတဲ့ သာကီဝင်မင်းဟာ မြတ်စွာဘုရားနဲ့
ညီအစ်ကို တစ်ဝမ်းကွဲ တော်တယ်။
ရှင်အနုရုဒ္ဓါမထေရ်မြတ်နဲ့ ညီအစ်ကိုအရင်းတော်တယ်။
အဲဒီ မဟာနာမသာကီဝင်မင်းကြီးဟာ သုဒ္ဓေါဒနမင်းကြီးတို့
ဘဒ္ဒိယမင်းတို့ မရှိတဲ့နောက်မှာ ကပိလဝတ်ကို
အုပ်ချုပ်တဲ့ နောက်ဆုံးမင်းလို့ ပြောရမှာပေါ့။
အဲဒီ မဟာနာမမင်းဟာ သာသနာတော်
အဆင့်အတန်းနဲ့ ပြောရမယ်ဆိုရင် “သကဒါဂါမ်အဆင့်”
ဖြစ်တယ်။ သကဒါဂါမ်အဆင့်နဲ့ ကံကုန်သွားတယ်။
ဘဝတစ်သက်တာမှာ သကဒါဂါမ်အဆင့်အနေနဲ့
တိုင်းပြည်အုပ်ချုပ် မင်းလုပ်တယ်။

နောက်ဆုံး ဝိဋဋူပ ကျူးကျော် တိုက်ခိုက်ပြီး
သာကီဝင်မင်းတွေ အပြတ်ချေမှုန်းရေးစစ်ပွဲမှာ
မဟာနာမမင်းကြီး အဖမ်းခံရတယ်။ အဖမ်းခံရတယ်
ဆိုသော်လည်း ဝဋဋူပ က သူ့ရဲ့ “မြေး”တော်နေသည့်
အတွက်ကြောင့် ကောင်းကောင်းမွန်မွန် ထားတယ်။
သို့သော်လည်း စာပေထဲမှာ သာဝတ္ထိအပြန်လမ်းခရီးမှာ
ဆံထုံးကို ခြေမကြားမှာညှပ်ပြီး ရေအိုင်ထဲမှာ
ငုပ်လျှိုးသွားတယ်လို့ ပါတယ်။

ဒီနေရာမှာ စဉ်းစားစရာကောင်းတာက သူက
သကဒါဂါမ်လို့လည်း ဆိုသေးတယ်။
ရေထဲမှာ နှစ်မြှုပ်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတယ်
Suicide လုပ်တယ်။ဒါမျိုး မဖြစ်နိုင်ဘူးလို့ ထင်တယ်။
သောတာပန်ပုဂ္ဂိုလ်တောင် ကိုယ့်ကိုယ်ကိုယ်
လုပ်ကြံသတ်ဖြတ်တာမျိုး မလုပ်တော့ဘူး။
ဒီတော့ မဟာနာမမင်းကြီးဟာ သူ့ကိုယ်သူ
သေကြောင်းကြံသွားတယ်ဆိုတာ ဟုတ်ချင်မှ
ဟုတ်မယ်ပေါ့။

ရေကန်ထဲ ရေဆင်းချိုးရင်း သူ့ရဲ့သီလအစွမ်း
တန်ခိုးတွေကြောင့်၊သူ့ကိုကြည်ညိုတဲ့
ရေကန်စောင့်နတ်တွေ ၊နဂါးတွေက
(စာထဲမှာပါတာ နဂါးတွေက နဂါးပြည်ကို)
ခေါ်သွားပြီးတော့ နဂါးပြည်မှာ ၁၂-နှစ်ကြာ
နေထိုင်တယ်လို့ ပြောတယ်။
အဲဒီလို ခေါ်သွားတာ ဖြစ်လောက်တယ်။
ရေကန်ထဲမှာ ဆင်းပြီးတော့ ရေချိုးရင်းကနေပြီး
ပျောက်ဆုံးသွားတယ်ပေါ့။ အဲဒီ မဟာနာမမင်းကြီးနဲ့
ပတ်သက်တဲ့ သုတ္တန်တွေ စာပေကျမ်းဂန်မှာ
တော်တော်များများ ရှိတယ်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အားပေးစကား အလိုအပ်ဆုံးအချိန်”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မြတ်စွာဘုရားက မဟာနာမကို ဘာ အဆုံးအမ
ပေးထားသလဲဆိုရင် -
“အမျိုးသား ဥပါသကာ တစ်ယောက်ဖြစ်စေ၊
အမျိုးသမီး ဥပါသိကာမ တစ်ယောက်ဖြစ်စေ
စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ စဉ်းစားဉာဏ်ရှိတဲ့
ပုဂ္ဂိုလ်တစ်ယောက် နေမကောင်း ထိုင်မသာဖြစ်လို့
အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ အချိန်အခါမျိုးမှာ
အားပေးစကား ပြောရမယ်။
ဆုံးမစကား ပြောရမယ်။” လို့ ပြောတာ။

အဲဒီအချိန်မှာ စိတ်ဓာတ်အကျဆုံး၊ အားအငယ်ဆုံး
ဖြစ်တတ်သည့်အတွက် အားပေးစကားပြောဖို့လိုတယ်။
ဒါကို လူတိုင်းလူတိုင်း တစ်နေ့မကြုံ တစ်နေ့တော့
ကြုံတွေ့ကြရမှာပဲ။

လူတိုင်းလူတိုင်း မွေးလာတဲ့ အချိန်ကနေစပြီး
တစ်နေ့တစ်နေ့ ဘယ်ကို သွားနေတာတုုံးဆိုရင်
အိုခြင်းဆီ သွားနေတာ။
အိုခြင်းကနေ ဘယ်ကိုသွားနေတာတုံးဆိုရင်
နာခြင်းဆီ သွားနေတာ။
နာခြင်းကနေ ဘယ်ကိုသွားနေတာတုံးဆိုရင်
သေခြင်းဆီ သွားနေတာ။
ဒါ ကြောက်စရာစကား မဟုတ်ဘူး၊
တချို့က သေစကားပြောရင် မင်္ဂလာမရှိဘူး
နိမိတ်မရှိဘူး၊ ဒီလို ထင်တယ်။မသေမှာ ကျနေတာပဲနော်။

ကိုယ်ဘယ်ကိုသွားနေတာတုံးဆိုတာ သိဖို့မလိုဘူးလား။
ကိုယ်ဘယ်သွားနေတယ်ဆိုတာ သိရမယ်။
မသိတာကတော့ ပညာမဲ့လွန်းအားကြီးတာပေါ့။

လူတွေက ပြောကြတယ် “ဘယ်မှ မသွားဘူး။
အိမ်မှာနေတာ။” သို့သော် အိမ်နေရင်း အသက်က
ကြီးကြီး မသွားဘူးလား။ကြီးသွားနေတော့
ဘယ်သွားနေသလဲလို့ ထင်တုံး။
အိုတဲ့ဆီ သွားနေတာ။
အိုတဲ့ဆီကနေပြီးတော့ နာတဲ့ဆီ မရောက်ဘူးလား။
အေး နာတဲ့ဆီကနေ နောက် ဘယ်ရောက်သွားတုံး။

ဆရာတော်ကြီးတစ်ပါးက ကမ္မဋ္ဌာန်း နှလုံးသွင်း
ခိုင်းသလိုပဲ။ “ခံနိုင်ရင်ခံ မခံနိုင်ရင်သေ”
ဆိုတာ၊ ဟုတ်တယ် မဟုတ်လား။
အိုခြင်းဆင်းရဲ နာခြင်းဆင်းရဲကို ခံနိုင်တဲ့ အခြေအနေ
ရှိတဲ့အချိန်မှာ ခံနေပြီးတော့ မခံနိုင်တဲ့ အခြေအနေမှာ
သေသွားတာပေါ့။ အဲဒီ သေခြင်းဆင်းရဲနဲ့ လူ့ဘဝဟာ
အဆုံးသတ်ကြရတယ်။

မြတ်စွာဘုရားလည်း ဒီလိုပဲ အဆုံးသတ်တယ်။
ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလန်တို့လည်း
ဒီလိုပဲ အဆုံးသတ်တယ်။

သို့သော် အဆုံးသတ်ကလေးကောင်းအောင်
လုပ်ပေးလို့ရတယ်။ လူတွေဟာ အဆုံးသတ်ကောင်းဖို့
အတွက်၊ အသေကောင်းဖို့အတွက် အနေကောင်းးဖို့
ဆိုတာလည်း လိုအပ်တယ်လို့ ပြောကြတယ်နော်။
လူတွေရဲ့ စိတ်ဓာတ် ဆိုတာက နောက်ဆုံးအချိန်
ရောက်လို့ရှိရင် အားငယ်တတ်တယ်။
ဒီလို အားငယ်လာလို့ရှိရင် အားပေးစကား ပြောရမယ်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ】