“ကိုယ်ကျင့်မကောင်းရင် လူ့မစင်”
•••••••••••••••••••••••••••••
ငြိမ်းအေးသောဘဝပိုင်ရှင် ဖြစ်ဖို့အတွက်
နောက် အရည်အသွေးတစ်ခုကတော့
“စက်ဆုပ်ဖွယ်အပြုအမူများ ကင်းရှင်းခြင်း၊
သို့မဟုတ် စက်ဆုပ်စရာမကောင်းခြင်း”
ဆိုတဲ့ အရည်အသွေးပါပဲ။

စက်ဆုပ်ဖွယ်အပြုအမူဆိုတာ ကိုယ်ကျင့်သီလ
ကင်းမဲ့ခြင်း၊ သီလမလုံခြုံခြင်းပါပဲ။
သီလမရှိတဲ့သူ၊ ကိုယ်ကျင့်တရားမကောင်းတဲ့သူဟာ
မစင်အညစ်အကြေးလိုပဲ စက်ဆုပ်စရာ၊ ရွံရှာစရာ
ကောင်းပါတယ်။

သီလမရှိတဲ့သူ၊ ကိုယ်ကျင့်တရားမကောင်းတဲ့သူရဲ့
အနားကိုလည်း ဘယ်သူမှ မကပ်ချင်ကြဘူး။
လူတွေက အပေါင်းအသင်း မလုပ်ချင်ကြပါဘူး။
ကိုယ်က ကောင်းနေပေမယ့် သူကမကောင်းတော့
ကိုယ့်ကိုလည်း မကောင်းဘူးလို့ သူများက ထင်မှာပဲ
စသည်အားဖြင့် တွေးပြီးတော့ အပေါင်းအသင်း
မလုပ်ချင်ကြဘူး။ လူကိုမုန်းလို့တော့ မဟုတ်ပါဘူး။
သီလပျက်မှုကို စက်ဆုပ်လို့ပါ။
ဒါ့ကြောင့် သီလပျက်ခြင်းကို စက်ဆုပ်စရာကောင်းတဲ့
အပြုအမူလို့ ခေါ်ပါတယ်။

သီလမစင်ကြယ်တဲ့သူကို သူလို သီလမစင်ကြယ်တဲ့သူ
အချင်းချင်းက မစက်ဆုပ်ပေမယ့် သီလ
စင်ကြယ်တဲ့သူတွေ၊ ပညာရှိသူတော်ကောင်းတွေ
ကတော့ အင်မတန် စက်ဆုပ်ကြပါတယ်။

လောကမှာ “ရွံစရာ” လို့ အသက်မှတ်ခံထားရတဲ့
အရာတွေထဲမှာ ပညာရှိသူတော်ကောင်းတွေက
သတ်မှတ်ထားတဲ့ “ရွံစရာ” ကတော့ တကယ့်
ရွံစရာအစစ်ပါပဲ။
တခြားရွံစရာတွေက ကိုယ်မကြိုက်လို့ ရွံတာ။
ကိုယ်မုန်းလို့ ရွံတာတွေပါ။ သဘာဝအရ တကယ်
ရွံစရာ အစစ်အမှတ် ဟုတ်ချင်မှ ဟုတ်တာပါ။

ပညာရှိသူတော်ကောင်းတွေ သတ်မှတ်ထားတဲ့
“ရွံစရာ” ကတော့ ကိုယ်မကြိုက်လို့၊
ကိုယ်မုန်းလို့ရွံတာ မဟုတ်ပါဘူး။
သဘာဝတရားအရကိုက တကယ့်ရွံစရာ
အစစ်အမှန် ဖြစ်နေတာပါ။
ဒေါသ၊ မာနနဲ့ ရွံတာမဟုတ်ပါဘူး။
သတိ၊ ပညာနဲ့ ရွံတာပါ။

သီလမစင်ကြယ်ခြင်းကို ရွံစရာအကောင်းဆုံးလို့
ပညာရှိသူတော်ကောင်းတွေက တစ်ခဲနက်
အတည်ပြု သတ်မှတ်ထားပါတယ်။ ဘာလို့လဲဆိုတော့
သီလမစင်ကြယ်တဲ့သူဟာ ကိုယ့်ဘဝကိုလည်း
ဖျက်ဆီးတတ်သလို ပတ်ဝန်းကျင် လူသားတွေရဲ့
ဘဝကိုလည်း ဖျက်ဆီးတတ်လို့ပါပဲ။

သမာဓိ၊ ပညာ မပြည့်စုံရုံနဲ့ အပါယ်မကျနိုင်ပါဘူး။
သီလမပြည့်စုံရင်တော့ အပါယ်ကျမှာပါ။
သမာဓိ၊ ပညာမပြည့်စုံရုံနဲ့ ပတ်ဝန်းကျင်ကို
မထိခိုက်နိုင်ပါဘူး။ သီလ မပြည့်စုံရင်တော့
ပတ်ဝန်းကျင်ကို ထိခိုက်နိုင်ပါတယ်။
သီလဆိုတာ ကိုယ်နဲ့နှုတ်ကို စောင့်ထိန်းရတာပါ။
ကိုယ်အလုပ် နှုတ်အပြောမှန်သမျှ အကောင်းတွေချည်း
ဖြစ်အောင် ဖန်တီးရတာပါ။ ဒါဆိုရင် သီလမစင်ကြယ်သူရဲ့
ကိုယ်အလုပ်၊ နှုတ်အပြောတွေဟာ
မကောင်းတာတွေချည်း၊ ဆိုးတာတွေချည်း
ဖြစ်နေတော့မှာပဲပေါ့။

မကောင်းတာလုပ်၊ မကောင်းတာပြောနေသူရဲ့
စိတ်ဟာ ဘယ်တော့မှ အေးချမ်းမှု မရနိုင်သလို
ပတ်ဝန်းကျင်ရဲ့ မေတ္တာတုံ့ပြန်မှုကိုလည်း
မခံစားရတဲ့အတွက် သူ့ရဲ့ဘဝဟာ
ပူလောင်လွန်းလှပါတယ်။

စက်ဆုပ်ဖွယ် အပြု၊ အပြောတွေ ကင်းရှင်းတဲ့အတွက်
သီလစင်ကြယ်နေပြီဆိုရင်တော့ ကိုယ်တိုင်လည်း
စိတ်အေးချမ်းရသလို ပတ်ဝန်းကျင်ရဲ့
မေတ္တာတုံ့ပြန်မှုကိုလည်း ခံစားရတဲ့အတွက်
ငြိမ်းအေးသောဘဝပိုင်ရှင် ဖြစ်ပါပြီ။။

“အနှစ်ချုပ်အားဖြင့်”
ကိုယ့်ကို သိပ်ချစ်တဲ့သူကလည်း
ကိုယ့်ရဲ့ကိုယ်ကျင့်သီလချွတ်ယွင်းမှု
တစ်ခုခုကို မြင််တွေ့သွားတာနဲ့
အချစ်ပေါ့၊ အချစ်လျော့သွားနိုင်ပါတယ်။
ကိုယ်ကသာ သီလမလုံရင်နေမယ်
သူတစ်ပါး သီလလုံတာကိုတော့
လူတိုင်း ကြိုက်နှစ်သက်ကြတာပါပဲ။ ။

【ဆရာတော်အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ】