သင် သေ သွား သော် - - - - သင်က ပင်ပင်ပန်းပန်း ရှာဖွေထားသော ဥစ္စာစီးပွား စည်းစိမ်ပစ္စည်းများသည် သင်သေသွားသော် - သင်နှင့် မည်သို့မျှ ပတ်သက်ပိုင်ဆိုင်ခြင်း မရှိတော့သည်ကို လေးလေးနက်နက် ချင့်ချိန်ဆင်ခြင်မိပါသလား ။ သင်က ကြိုးစားပြိုင်ဆိုင်၍ ရလာသော ရာထူး ဂုဏ်သိန် အရှိန်အဝါတွေသည် သင်သေသွားသော် - သင့်အတွက် မည်သို့မျှ တန်ဖိုးမရှိ အသုံးမဝင်တော့သည်ကို သတိထား စဉ်းစား ဆင်ခြင်မိပါသလား ။ သင်က ချစ်ခင်နှစ်သက် စွဲလန်းတမ်းတနေသော သင့်မိသားစု ၊ ချစ်သူ ၊ ခင်သူ ၊ မြတ်နိုးသူ ၊ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများသည် သင်သေသွားသော် - သင်နှင့် ရင်းနှီးကျွမ်းဝင် ချစ်ခင်ပေါင်းသင်း ပတ်သက်ဆက်ဆံခွင့် မရှိတော့သည်ကို စိုးရိမ်ကြောင့်ကြ တွေးတောဆင်ခြင်မိပါသလား ။ သင်က တန်ဖိုးအထားဆုံး ၊ အနှစ်သက်ဆုံး ဖြစ်ကာ အကောင်းဆုံးကိုဖြစ်စေချင်ပြီး ပျော်ရွှင်ကျန်းမာ ချမ်းသာစေချင်သောသင်ဧ။် အပိုင်ဟုထင်နေသော ခန္ဓာကြီးသည်လည်း သင်သေသွားသော် - မည်သူကမျှ တန်ဖိုးမထား မီးရှို့ဖျက်ဆီး အချည်းနှီး ဖြစ်တော့မည်ကို နှလုံးသွင်းဆင်ခြင်ကာ ရင်ဆိုင်ရန် ပြင်ဆင်ခဲ့ပြီး ဖြစ်ပါသလား ။ အမှန်တကယ်တော့ သင်သေသွားသော် - သင်နှင့်အတူ အမြဲယှဉ်တွဲ ပတ်သက်ပိုင်ဆိုင် ကိုယ်တိုင်ယူသွားနိုင်သည်မှာ သင်ပြုလုပ်ခဲ့သော မကောင်းမှုကံတွေ နှင့် ကောင်းမှုကံတွေသာ ဖြစ်တယ်ဆိုတာကို အသေအချာ လက်ခံယုံကြည် ပိုင်းဖြတ်နိုင်ခဲ့ပါသလား ။ သင်သေသွားသော် - မကောင်းမှုကံတွေ ပါလာခဲ့ရင် မကောင်းသောအကျိုး နှင့် ပြစ်ဒဏ်များကို ခံရကာ ဒုဂ္ဂတိဘဝ ဖြစ်သော အပါယ်လေးဘုံ၌ သက်ဆင်းခံစားရတော့မည်ကို တရားနှင့်ယှဉ် စိတ်ကောင်းဝင်လျက် မှန်းဆမြော်မြင် ဆင်ခြင်ကြောက်ရွံ့ခဲ့ဖူးပါသလား ။ ယခုအခါ သင်သည် ဘာကြောင့် မကောင်းမှု အလုပ်တွေကို ခုံမင်နှစ်သက်စွာ လုပ်နေရပါသလဲ ။ သင်တကယ်မပိုင်ဆိုင်သော စည်းစိမ်ဥစ္စာများ ရရှိစေဖို့ အတွက် သင်တကယ်ပိုင်ဆိုင်ရမယ့် ကောင်းမှုကုသိုလ်တွေကို ပစ်ပယ်ကာ မကောင်းမှု အကုသိုလ်တွေကို ပြုလုပ်ရန်သင့်ပါသလား ။ သင့်အတွက် ယာယီသာ ပိုင်ဆိုင်ထားနိုင်သော ရာထူးဂုဏ်သိန် အရှိန်အဝါတွေ တိုးတက်စေဖို့အတွက် သင်သေသွားသော် - သင်နှင့်အတူ ပါလာမယ့် အကုသိုလ်မကောင်းမှုတွေကို ပြုလုပ်သင့်ပါသလား ။ ယခုဘဝတစ်ခုသာ ပတ်သက်ဆက်ဆံ ပေါင်းသင်းနိုင်မယ့် မိသားစု ၊ ချစ်သူ ၊ ခင်သူ ၊ မြတ်နိုးသူတွေ အတွက် နောက်ဘဝတွေမှာ အကျိုးမဲ့ကိုဖြစ်စေမယ့် အကုသိုလ်မကောင်းမှုကို ပြုလုပ်သင့်ပါသလား ။ သင်သေသွားသော် - တန်ဖိုးမရှိ စွန့်ပစ်ခဲ့ရမယ့် သင့်ခန္ဓာကိုယ်ကြီး ကောင်းစားဖို့ , ဇိမ်ခံဖို့ , သက်သာဖို့ အတွက် နောင်သံသရာခရီးတလျှောက် အစဉ်အမြဲ ပြစ်ဒဏ်တွေ , ဘဝဆိုးတွေ , ဝဋ်ဆင်းရဲတွေ ဖြစ်စေမယ့် မကောင်းမှု အကုသိုလ် ဒုစရိုက်တွေကို ပြုမူလုပ်ဆောင် ကြံရွယ်သင့်ပါသလား ။ သင် အသေအချာ စဉ်းစားကြည့်ပါ ၊ သင် တကယ် မပိုင်ဆိုင်သော တန်ဖိုးမရှိသော အရာတွေအတွက် သင့်ရဲ့ ကိုယ်ပိုင်ဖြစ်တဲ့ ကုသိုလ်ကောင်းမှု အလုပ်တွေကို ပစ်ပယ်ပြီး မကောင်းမှု အကုသိုလ်အလုပ်တွေကို ပြုလုပ်ကြံဆောင်ထိုက်ပါသလား ။ သို့အတွက် သင်သေသွားသော် - သင်နှင့်တပါတည်း အတူပါရှိလာပြီး သင့်အကျိုးကို သံသရာတလျှောက် လိုက်လံဆောင်ကြဉ်းပေးမယ့် ကုသိုလ်ကောင်းမှုကံတွေ ရရှိအောင် သင်ပိုင်ဆိုင်တယ် ထင်နေသော မီးလောင်လွင့်ပြယ် ပျောက်ကွယ်သွားမယ့် ခန္ဓာကိုယ် အတ္တဘောကြီးကို အလိုလိုက် ငဲ့ညှာမနေဘဲ အပုတ်ကောင် ခန္ဓာကြီးကို ကောင်းကောင်းအသုံးချပြီး ဒါနအမှု ၊ သီလအမှု ၊ ဘာဝနာအမှု တို့ကို စွမ်းစွမ်းတမံ လုံလပြု၍ စွန့်စားကြံဆောင်တော့မယ်လို့ သန္နိဋ္ဌာန်ချကာ ကုသိုလ်ကောင်းမှုတို့အတွက် အချိန်ပေးပြီး ကြိုးစားသင်ယူ လေ့လာပွားများ အားထုတ်ဆောင်ရွက်သင့်တော့သည်တကား ။ ။