# က ဆုန် လ ပြည့် ၊ ဗု ဒ္ဓ နေ့ #

" ဖွား မြင် တော် မူ သော နေ့ " (ကဆုန်လပြည့် ၊ သောကြာနေ့)

သန္ဓေယူကာ ၊ ဆယ်လကြာသော် ၊ မဟာသက္ကရာဇ် ၊ ခြောက်ဆယ့်ရှစ်ကြုံ ၊
ကဆုန်လပြည့် ၊ သောကြာနေ့ဝယ် ၊ ချမ်းမြေ့စုံစီ ၊ လုဗ္ဗနီ၌ ၊ မဟီလှိုက်ဆူ ၊
ဖွားတော်မူသည် ၊ နတ်လူအောင်မြို့ လမ်းပါကို ။ ။

" ဘု ရား ဖြစ် တော် မူ သော နေ့ " (ကဆုန်လပြည့် ၊ ဗုဒ္ဓဟူးနေ့)

တောရပ်မြိုင်ပေါ် ၊ ခြောက်နှစ်ပျော်၍ ၊ ခါတော်တစ်ဖုံ ၊ ပွင့်ချိန်ကြုံက ၊
ကဆုန်လပြည့် ၊ ဆင်မင်းနေ့ဝယ် ၊ မြေ့ပရမေ ၊ ပလ္လင်ဗွေထက် ၊
ရွှေညောင်တော်ကြီး ၊ ဗိတာန်ထီးနှင့် ၊ မငြီးကြည်ဖြူ ၊ နေတော်မူလျှက် ၊
ရန်မြူခပင်း ၊ အမိုက်သင်းကို ၊ အရှင်းပယ်ဖျောက် ၊ အလင်းပေါက်က ၊
ထွန်းတောက်ဘုန်းတော် ၊ သောင်းလုံးကျော်သည် ၊ သုံးဖေါ်လူတို့ ငြိမ်းဖွယ်ကို။ ။

" ပ ရိ နိ ဗ္ဗာန် စံ တော် မူ သော နေ့ " (ကဆုန်လပြည့် ၊ အင်္ဂါနေ့) * ယခုနှစ် ကဆုန်လပြည့်နေ့သည် အင်္ဂါနေ့ နှင့် ကိုက်ညီနေသည် ။

တရားနတ်စည် ၊ ဆော်ရွမ်းလည်ကာ ၊ သုံးမည်ဘုံသိုက် ၊ တစ်သောင်းတိုက်ဝယ် ၊
ကျွတ်ထိုက်သသူ ၊ နတ်လူဗြဟ္မာ ၊ သတ္တဝါကို ၊ ခေမာသောင်သို့ ၊ ဖောင်ကူးတို့ဖြင့် ၊
ဆောင်ပို့ပြီးကာ ၊ ဝါလေးဆယ့်ငါး ၊ သက်ကားရှစ်ဆယ် ၊ စုံပြည့်ကြွယ်က ၊
ရာလေးဆယ့်ရှစ် ၊ သက္ကရာဇ်ဝယ် ၊ နယ်မလ္လာတိုင်း ၊ စုံနှိုင်းမယုတ် ၊ ကုဿိနာရုံ ၊
အင်ကြင်းစုံ၌ ၊ ကဆုန်လပြည့် ၊ အင်္ဂါနေ့ဝယ် ၊ ချမ်းမြေ့နိဗ္ဗူ ၊ စံတော်မူသည် ၊
ဝှန်းဆူသောင်းလုံး ကျော်တယ်ကို ။ ။

" တေ ဇော ဓာတ် လောင် သော နေ့ " (ကဆုန်လဆုတ် ၊ အင်္ဂါနေ့)

နိဗ္ဗူစံပြီ ၊ ရှုမအီသား ၊ သိင်္ဂီရွှေလှော် ၊ အလောင်းတော်ကို ၊ ထိုရော်ကဆုန် ၊
လဆုတ်ကြုံ၍ ၊ ဂဠုန်နေ့ဝယ် ၊ ခိုးငွေ့မနှော ၊ ဓာတ်တေဇောလျှင် ၊ ရှင်စောဥာဏ်စက် ၊
ဓိဌာန်ချက်ဖြင့် ၊ လျှံတက်ကော်ရော် ၊ မီးပူဇော်သည် ၊ မွေတော်ရှစ်စိတ် ၊ ကြွင်းတယ်ကို ။ ။

" ရှိ ခိုး ဆု တောင်း "

ထူးခြားထိုနေ့ ၊ သာချမ်းမြေ့ကို ၊ ဆွေ့ဆွေ့ကြည်ဖြူ ၊ အာရုံယူလျှက် ၊ သုံးလူတို့နတ် ၊
မြတ်ထက်မြတ်သား ၊ အထွတ်ခေါင်ဖျား ၊ ကိုယ်တော်ဘုရားကို ၊ သုံပါးမွန်စွာ ၊ ဝန္ဒနာဖြင့် ၊
သဒ္ဓာဖြိုးဖြိုး ၊ ကျွန်ရှိခိုးသည် ၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော် ။ ။

* နှ လုံး လှ ဝတ် ရွတ် စဉ် *