မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ လင်္ကာ တစ်ခုက ဒီလိုပါ - - -

" အပင်မှမျိုး ၊ မျိုးမှအပင် ၊ အမြှင်မပြတ် ၊ ဆက်စပ်သည့်ဟန် ၊
ကံကြောင့်နာမ်ရုပ် ၊ နာမ်ရုပ်ကြောင့်ကံ ၊ အဖန်ဖန် ၊ ဖြစ်ပြန်နည်းအလျော် " တဲ့ ။

အပင်ကမျိုးစေ့ဖြစ် ၊ မျိုးစေ့ကအပင်ဖြစ်သလို ၊ သတ္တဝါတွေလည်း ယခင်ဘဝရဲ့ တဏှာ (သမုဒယ) ကြောင့် ယခုဘဝ ဆင်းရဲ ဒုက္ခဖြစ်ရတယ် ၊
ဆင်းရဲဒုက္ခ ဖြစ်သူရဲ့ သန္တာန်မှာ တဏှာကပါလာတော့ ၊ တဏှာ (သမုဒယ) နဲ့ အားထုတ်ပြန်ရော ၊ ဒီတော့ နောက်ဘဝ ဆင်းရဲ ဒုက္ခ ရပြန်ရောပေါ့ ။
သံသရာကထွက်လမ်း မရှိတော့ပါဘူး ။ ဗုဒ္ဓဘုရားရှင်က အဲဒီထွက်လမ်းကို ဟောပြတာ ၊ နည်းပေးလမ်းညွှန်တာ ၊ ကြည်ညိုအောင် ပြောပြီးထိုင်ကန်တော့ခိုင်းနေတာမဟုတ်ဘူး ။
အပူဇော်ခံနေတာမဟုတ်ဘူး ။ လွတ်အောင် အားထုတ်ကြလို့ နည်းစံနစ်တွေ ပေးထားခဲ့ပါတယ် ။ မလုပ်ဘဲ အားမထုတ်ဘဲ နေရင်တော့ ဘုရားရှင်က ဘာတာဝန်မှ မယူဘူး ။
အားထုတ်ရင်တော့ တာဝန်ယူပါတယ် ။ မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်မှာ ဂုဏ်တော် ခြောက်ပါး နဲ့ ပြည့်စုံပြီးဖြစ်တယ် ။

တရားဂုဏ်တော် (၆) ပါး ။
၁ ။ အားထုတ်ရမယ့်တရားဟာ အစ - အလယ် - အဆုံး သုံးပါးလုံး ကောင်းအောင် ဟောညွှန်ပြီးဖြစ်တယ် ၊ ပိုနေလို့ နတ်စရာ မရှိသလို ၊ လိုနေလို့ ဖြည့်စွက်စရာလည်း မရှိပါဘူး ။
အဲဒီလို ပြည့်စုံတဲ့ ဂုဏ်ကို " သွာက္ခာတဂုဏ် " လို့ခေါ်တယ် ။ ( သွာက္ခာတ = သု+အက္ခာ ။ သု - ကောင်းမွန်စွာ ။ အက္ခာတ - ဟောအပ်သည် ။ )

၂ ။ အစ - အလယ် - အဆုံး သုံးပါးလုံး ကောင်းတဲ့တရားကို ကိုယ်တိုင်ရယူပိုင်ဆိုင်နိုင်ပါတယ် ၊ ဆင်းရဲသားမို့ တရားမရနိင်ဘူးလို့ မရှိပါဘူး ။ သာမန်လူမို့ တရားမရနိုင်ဘူးလို့ မရှိပါဘူး ။
" သန္ဒိဌိကော " - သမ္မာ ပဿိတဗော - ကိုယ်တိုင် သိအပ် ခံစားအပ်ပါတယ်လို့ အာမခံထားပါတယ် ။

၃ ။ ကိုယ်တိုင် သိအပ်တာတော့ဟုတ်ပါပြီ ၊ ဘယ်တော့ရမှာလဲ လို့ မေးရင် " အကာလိကော " - အချိန်အခါမလင့် ၊ အချိန်အခါမရွေး၊ အခုလုပ် အခုရ ၊
မနက်ဖြန်လုပ် မနက်ဖြန်ရ လိမ့်မယ် လို့ အာမခံထားပါတယ် ။

၎ ။ အချိန်အခါမလင့်၊ အချိန်အခါမရွေး ၊ ရနိုင်တယ်ဆိုတာ ဟုတ်ပါ့မလား ၊ သေချာရဲ့လားလို့ သံသယဝင်နေသူကို " ဧဟိ ပဿိကော " - လာခဲ့ပါ ၊ လက်တွေ့လုပ်ကြည့်စမ်းပါ ၊ လို့
ဖိတ်ခေါ်နိုင်ပါတယ် ။

၅ ။ ဖိတ်ခေါ်တာတော့ ဟုတ်ပါပြီ ၊ တရားတွေက မိုးပေါ်ကကျလာမှာလား၊ တစ်ယောက်ယောက်က လာပေးမှာလား ၊ အဲသလိုမဟုတ်ပါဘူးတဲ့ ။
" သြပနေယျိကော" - ( ဥပ+နေယျ+က္ကုက ၊၊ ဥပ - ခန္ဓာကိုယ်ကို ကပ်မှီ၍ ၊ နေယျ - ကြည့်ရှုခြင်းငှာ ၊ က္ကုက - ထိုက်သည် ) ဆိုတာ
" တရားရှာ ကိုယ်မှာတွေ့ " လို့ ဆိုတဲ့အတိုင်း ခန္ဓာကိုယ်ကနေ တွေ့ရှိခံစားလိမ့်မယ် ။

၆ ။ တွေ့ရှိခံစားရတာ ပါရမီရှင်တွေမှဖြစ်နိင်တဲ့အရာလား ၊ ရဟန်းသံဃာတော်တွေမှ တွေ့ရှိခံစားရမှလား .. ဆိုတော့ ဗုဒ္ဓက " ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ " တဲ့ ။
ဘုရားဆုံးမတဲ့အတိုင်း လိုက်နာအားထုတ်တဲ့ သူတော်ကောင်းဟာ အားထုတ်ရင် အားထုတ်သလောက် ကိုယ်စီကိုယ်ငှ သိအပ်ခံစားရပါလိမ့်မယ် .. လို့ အာမခံတော်မူပါတယ် ။

အာမခံထားတဲ့တရားတွေက ယနေ့မျက်မှောက်မှာ အထင်အရှားရှိနေပါသေးတယ် ၊ အားထုတ်ရင် အားထုတ်သလောက် အကျိုးသက်ရောက်နိုင်တဲ့ အစွမ်းတွေရှိနေပါသေးတယ် ။
သို့သော်လည်း လူအချို့ကတော့ " အရိမေတ္တယျ ဘုရားရှင် " ကို တောင့်တနေပြီး ဘုရားမျှော်ဝါဒ နဲ့ နိဂုံးချုပ်ဖို့ အာရုံစိုက်နေကြပါတယ် ။
ကျွတ်တမ်းဝင်တယ် ဆိုတာ ဘုရားနဲ့ ဖူးတွေ့ရရုံလေးနဲ့တင် လုံလောက်တာ မဟုတ်ပါဘူး ၊ ဘုရားမှန်းသိတတ်တဲ့ ပါရမီဓာတ်ခံအား ၊ တရားကို နာကြားနိင်တဲ့နားတွေနဲ့လည်း ပြည့်စုံဖို့လိုပါတယ် ။
ဒါကြောင့် တရားနာရင် နားကြီးကြီးနဲ့နာပါလို့ ပြောပြောနေရတာပါ ၊ နားကြီးကြီးဆိုတာ ဥာဏ်ဦးစီးတဲ့နားမျိုးကိုပြောတာ ၊ နားကြီးငါးမျိုး နဲ့ နားသေးတစ်မျိုးရှိတယ် ။
နားကြီးငါးမျိုးက --
၁ ။ မိမိသန္တာန်မှာရှိတဲ့ ရာဂ ၊ ဒေါသ ၊ မောဟ စတဲ့ တရားဆိုးတွေ ခေါင်းပါးပျောက်ကွယ်အောင် စူးစူးစိုက်စိုက် နာကြားတဲ့နားမျိုး ။

၂ ။ သဒ္ဓာတရားတွေ တက်လာအောင် ၊ ပညာဗဟုသုတတွေ ရအောင် ၊ တည်ကြည်တဲ့ကိုးကွယ်မှုတွေ ဖြစ်လာအောင် စိတ်ပါလက်ပါ နာကြားတဲ့နားမျိုး ။

၃ ။ ဝမ်းနည်းပူဆွေးနေတာတွေ ပျောက်အောင် ၊ သက်သာအောင် ၊ တရားခွန်အားတွေ ကြီးထွားလာအောင် နာကြားတဲ့နားမျိုး ။

၎ ။ ကိုယ်ဆင်းရဲမှု ၊ စိတ်ဆင်းရဲမှုတွေ သက်သာပျောက်ကင်းအောင် ၊ ချုပ်ငြိမ်းအောင် နာကြားတဲ့နားမျိုး ။

၅ ။ မဂ်ဖိုလ်နှင့် လျော်သော ကျင့်ဝတ် ပဋိပတ်ကို သိဖို့ နာကြားတဲ့နားမျိုး ။ စသည်တို့ဖြစ်တယ် ။

နားသေးတစ်မျိုးဆိုတာကတော့ = သူတစ်ပါးတို့ဧ။် ချီးမွမ်းထောပနာမှုကို ရလိုတဲ့အတွက် နာကြားတဲ့နားမျိုး ကိုပြောတာဖြစ်တယ် ။ ( ဆက္က - အင်္ဂုတ္တိုရ် ၊ ၄င်း အဌကထာ ) ။

ဒီနေ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် တရားမရနိုင်ခြင်းဟာ ဘုရားမှန်း မသိတဲ့တစ်ချက် ၊ နာကြားနိုင်တဲ့နား မရှိခြင်းဆိုတဲ့ အချက်တွေ ကြောင့် ဖြစ်တယ် ။
ပေါ်လွင်အောင်ပြောရရင် - ကျောင်း ကန် ဘုရားကို ဘယ်နှစ်ရက်မှာ ဘယ်နှစ်ခေါက်ရောက်ကြသလဲ ၊ ဘယ်ဆရာတော်ရဲ့တရားကို ဘယ်နှစ်ခေါက် နာပြီးပြီလဲ ၊
စွဲနေတဲ့တရား ဘယ်နှစ်ပိုဒ် ရှိသလဲ ၊ တရားအားထုတ်ဖို့ ဘယ်နှစ်ခါ စိတ်ကူးမိသလဲ ၊ ဘယ်နှစ်ကြိမ် ကြိုးစားပြီးပြီလဲ ၊ ဆိုတာ မိမိဘာသာ မိမိကိုယ်ကို မေးကြဖို့ပါပဲ ။

( မိုးကုတ် ဆရာတော်ဘုရားကြီး ဧ။် တရားတော် ။ ။ ပန်းတကာ ကိုတင်မြင့် ရေး - ဓမ္မပန်းများလန်းရာမြေ မှ ထုတ်နုတ်ထားသည် ။ )