••••••••••••••••••••••••••••••••••••••••••••••••••••
●(၁)။ငယ်စဉ်အခါ ပညာမရှာ ကြီးခါဆင်းရဲမည်။
ဆင်းရဲသောအခါ စိတ်ပြင်းစွာ ပူဆာနောင်တ ရလိမ့်မည်။
●(၂)။ငယ်စဉ်အခါ ဥစ္စာမရှာ ကြီးခါဆင်းရဲမည်။
ဆင်းရဲသောအခါ စိတ်ပြင်းစွာ ပူဆာနောင်တ ရလိမ့်မည်။
●(၃)။ကုန်းချောစကား ပြောဆိုငြား တစ်ပါးသူတို့ သံသယတွယ်၊
အချစ်ပြယ်သို့ မိမိမှာလည်း ချစ်သူကွဲရာ ထိုအခါ၊
ပူဆာနောင်တ ရလိမ့်မည်။
●(၄)။ပါဏာတိပါတ်၊သူ့သက်သတ်က၊ချို့တဲ့အင်္ဂါ
မွဲပြာရုပ်သွင်၊အင်အားချို့ယွင်း၊လျှင်ခြင်းလည်းဝေး၊
ဘေးကိုကြောက်တတ်၊အသတ်ခံရာ၊အနာများလျက်
ခြွေရံပျက်၍၊အသက်တိုရာ၊ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။
●(၅)။မိစ္ဆာစာရ၊ကျူးလွန်ကမူ၊ရန်သူပွား၍
ရှားပါးလာဘ်တိတ် ချမ်းသာဆိတ်၏။
ဣတ္ထိပဏ္ဍုက်၊မျိုးယုတ်ခါခါ၊မျက်နှာမလှ၊အရှက်ရလျက်၊
လက္ခဏာ ဣနြေ္ဒ၊ ယွင်းသွေချို့သိမ်၊စိုးရိမ်များစွာ၊
ချစ်သူကွာရာ၊ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။
●(၆)။မလှူမတန်း၊မပေးကမ်းမူ ၊ထိုသည့်သူသည် ၊
ဖြစ်ရာဘဝ ဆင်းရဲရရာ၊ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။
●(၇)။မိဘနှစ်ပါး၊ပစ်၍ထားက၊နှစ်ပါးမိဘ
ကွယ်လွန်သွားရာ၊ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။
●(၈)။ဆုံးမစကား မနာငြားက အသက်ရရာ
ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။
●(၉)။ပညာရှိမြတ် မဆည်းကပ်က အသိအလိမ္မာ မရှိပါ။
ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။
●(၁၀)။သူတော်တရား မကျင့်ပွားက သေခါနီးရာ
ထိုအခါ ပူဆာနောင်တ ရလိမ့်မည်။

❦“နောင်တ”ဟူသည်-
မိမိအမှားအယွင်း တစ်စုံတစ်ရာပြုမိ၊
ကျူးလွန်ခဲ့မိသည့်အတွက် စိတ်မကောင်းဖြစ်ခြင်း၊
ဝမ်းနည်းပက်လက်ဖြစ်ခြင်း၊နှမြောတသ ယူကျုံးမရဖြစ်ခြင်း
ကိုခေါ်၏။အဘိဓမ္မာသဘောအနေဖြင့် “ကုက္ကုစ္စစေတသိတ်”
အကုသိုလ်တရားပင်ဖြစ်၏။

❦“နောင်တရခြင်း”ဟူသည် တစ်ရှုံးပေါ် နှစ်ရှုံးဆင့်ခြင်းသာ
ဖြစ်သဖြင့် နောင်တရခြင်းသည် မကောင်း၊
ဘဝ၌အဆိုးဝါးဆုံးအရာသည် နောင်တရခြင်းနှင့်
နောင်တရသည့် ပြစ်မှုတို့ကို ကျူးလွန်ခြင်းပင်ဖြစ်၏။

သို့ဖြစ်၍ 。。。
တစ်-နောင်တရစေသည့် ပြစ်မှုကြီး ဆယ်ပါးကို ရှောင်ကြဉ်ပါ။
နှစ်-ပြစ်မှုဆယ်ပါး တစ်ပါးပါးကျူးလွန်ခဲ့သော်
အတိတ်ကို အတိတ်မှာပဲ ကျန်နေရစ်ပါစေ။
ပစ္စုပ္ပန်ကို မခေါ်ပါနှင့်။ပစ္စုပ္ပန်ကို မလိုက်လာပါစေနှင့်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်】