•••••••••••••••••••••••••••••••••••••••
မေး။ ။ တပည့်တော်တို့ အလှူအတန်းလုပ်လို့
ဘုန်းကြီးများ ပင့်ဖိတ်သောအခါ
ရွေးချယ်၍ ဖိတ်သင့်ပါသလား၊ သို့မဟုတ်
ရှိသောဘုန်းကြီးအားလုံးကို မရွေးချယ်ဘဲ၊
ဖိတ်သင့်ပါသလား။
ဘယ်ဟာက ပိုသင့်တော်ပါသလဲ ဘုရား။
(ဦးဉာဏ်ရှိန်၊ Daly City)

အထက်ပါမေးခွန်းနှင့်ပတ်သက်၍ “ဒါနအကြောင်း”
အနည်းငယ် သိမှတ်ဖွယ်ရာများကို အကျဉ်း ဖြေဆိုပါမည်။
အကျယ်ကို ပြည့်ပြည့်စုံစုံ သိလိုပါလျှင်
မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး ရေးသားထားသော
မဟာဗုဒ္ဓဝင်၊ ပထမတွဲ၊ ပထမပိုင်း၊ ပါရမီတော်ခန်း၊
ဒါနပါရမီကို ဖွင့်ဆိုရာ၌ ကြည့်ရှုနိုင်ပါသည်။

“ဒါနဟူသည်”
•••••••••••••••
လှူဒါန်းအပ်သော ပစ္စည်းဝတ္ထုကိုလည်းကောင်း၊
လှူဒါန်းလိုသော စေတနာကိုလည်းကောင်း “ဒါန”ဟု ခေါ်၏။

ဝတ္ထုပစ္စည်းသည် အလှူပြုလုပ်ရာ
အထမြောက်ဖို့ရန် အရေးပါသောကြောင့် ဒါနမည်၏။
စေတနာသည်ကား လှူဒါန်းနိုင်ကြောင်းဖြစ်သောကြောင့်
ဒါနမည်၏။

ထိုစေတနာသည် စွန့်လွှတ် လှူဒါန်းဆဲခဏ၌ဖြစ်သော
မုဉ္စစေတနာ(အလယ်စေတနာ)ကို ယူရမည်။
ထိုစွန့်ဆဲစေတနာသည်သာလျှင် ဒါန၏ တရားကိုယ်အစစ် ဖြစ်၏။
စွန့်လွှတ်သည်ဆိုရာတွင် ပစ္စည်းအပေါ်၌ ကပ်ငြိတွယ်တာသော
တဏှာကိုလည်း စွန့်လွှတ်နိုင်ရမည်။
အလှူခံပုဂ္ဂိုလ်အပေါ်၌ ပုဂ္ဂိုလ်စွဲဖြင့် ကပ်ငြိတွယ်တာမှု၊
တဏှာ သံယောဇဉ်ကိုလည်း စွန့်လွှတ်နိုင်ရမည်။
ထိုသို့ နှစ်မျိုးလုံး စွန့်နိုင်မှ စင်ကြယ်သော ဒါနဖြစ်နိုင်ပေမည်။

“ဒါန ၂-မျိုး”
••••••••••••••••
ဒါနသည် “ပုဂ္ဂလိကဒါန၊ သံဃိကဒါန” ဟူ၍ နှစ်မျိုး ရှိ၏။
ပုဂ္ဂိုလ်တစ်ဦးနှစ်ဦး စသည်အား ပိုင်းခြားသတ်မှတ်၍
လှူဒါန်းခြင်းသည် “ပုဂ္ဂိလကဒါန” မည်၏။
ပုထုဇဉ် အရိယာဟု ပါဝင်လာသည့်ပုဂ္ဂိုလ်ကို မခွဲခြားဘဲ၊
သံဃာတော်အားလုံးကို ရည်မှန်း၍
လှူဒါန်းခြင်းသည် “သံဃိကဒါန” မည်၏။

“အလှူခံပုဂ္ဂိုလ်အမျိုးအစား ၁၄-ပါး”
•••••••••••••••••••••••••••••••••••
ဒက္ခိဏဝိဘင်္ဂသုတ်၌ ပုဂ္ဂလိကဒါန ၁၄-မျိုး၊
သံဃိကဒါန ၇-မျိုးတို့ကို ဟောတော်မူ၏။
ထိုနှစ်မျိုးတို့တွင် ပုဂ္ဂလိကဒါန ၁၄-မျိုးဟူသည်ကား -

(၁)။ မြတ်စွာဘုရားအား လှူဒါန်းခြင်း။
(၂)။ ပစ္စေကဗုဒ္ဓါအား လှူဒါန်းခြင်း။။
(၃)။ ရဟန္တာပုဂ္ဂိုလ် (ဝါ) အရဟတ္တဖိုလ်၌တည်သော
ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။။
(၄)။ အရဟတ္တမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။။
(၅)။ အနာဂါမ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။။
(၆)။ အနာဂါမိမဂ်၌ တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။။
(၇)။ သကဒါဂါမ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(၈)။ သကဒါဂါမိမဂ်၌ တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။။
(၉)။ သောတာပန်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။။
(၁၀)။ သောတာပတ္တိမဂ်၌ တည်သော ပုဂ္ဂိုလ်အား
လှူဒါန်းခြင်း။။
(၁၁)။ သာသနာပအခါ ဈာန်အဘိညာဏ်ရသော
ရသေ့တို့အား လှူဒါန်းခြင်း။။
(၁၂)။ သီလရှိသော လူပုထုဇဉ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။။
(၁၃)။ သီလမရှိသော လူပုထုဇဉ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။။
(၁၄)။ တိရစ္ဆာန်တို့အား လှူဒါန်းခြင်း။။

ဤ ၁၄-ပါးတို့ ဖြစ်၏။

❦ဤပုဂ္ဂလိကဒါန ၁၄-ပါးတို့တွင်
တိရစ္ဆာန်အား တစ်နပ်စာ ဝအောင် ကျွေးမွေး
လှူဒါန်းလိုက်လျှင် ဘဝတစ်ရာတို့၌
အာယု၊ ဝဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာန
ဟူသော အကျိုးငါးပါး ပေးနိုင်၏။
❦သီလမရှိသူအား လှူဒါန်းလျှင် ဘဝတစ်ထောင်၊
❦သာသနာပ စိတ်ကောင်းရှိသူ သီလဝန္တအား
လှူဒါန်းလျှင် ဘဝတစ်သိန်း၊
❦သာသနာပ ဈာန်ရရသေ့အား လှူဒါန်းလျှင် ဘဝကုဋေတစ်သိန်း၊
❦သရဏဂုံသီလရှိသော လူသာမဏေမှ စ၍ သောတာပတ္တိမဂ်၌
တည်သူတို့အား လှူဒါန်းလျှင် ဘဝအသင်္ချေ ၊
ဤမှအထက် ဘုရားတိုင်အောင် အသင်္ချေတို့ချည်း
ဆင့်ကာ ဆင့်ကာ တက်သွား၏။
ထို့ကြောင့်ပင် “အလှူခံပုဂ္ဂိုလ် တစ်ဆယ့်လေး၊
ခွေးတောင် မချန်နဲ့”ဟု ပြောတတ်ကြ၏။

(မှတ်ချက်။ ။ ဤနေရာ၌ ဒါန၏အကျိုး အဆင့်ဆင့်
ကြီးမားလာပုံကို သိစေရန် ဟောပြခြင်းသာ ဖြစ်၏။
အကျိုးရ နည်းသူများကို မလှူရဟု ခွဲခြားလှူဒါန်းစေလို၍
မဟုတ်ပေ။)

■ဤ၌ အလှူခံပုဂ္ဂိုလ် ၁၄-မျိုးတွင် ရဟန်းဒုဿီလကို
ဟောကြားခြင်း မရှိ၍ မလှူကောင်း၊ လှူလျှင်
အပြစ်ရှိသည်ဟု ပြောတတ်ကြ၏။

သာသနာပ ဒုဿီလပုဂ္ဂိုလ်အား လှူဒါန်း၍ အကျိုးများစွာ
ရနိုင်ပါသေးလျှင် သာသနာတွင်း ဒုဿီလပုဂ္ဂိုလ်အား
လှူဒါန်းလျှင် အကျိုးရနိုင်သည်မှာ ယုံမှားဖွယ် မရှိပေ။
မိလိန္ဒပဉှာကျမ်း၌လည်း လူဒုဿီလထက် ရဟန်းဒုဿီလပုဂ္ဂိုလ်က
ဘုရား၌ ရိုသေမှု၊ တရား၌ ရိုသေမှု၊ သံဃာ၌ ရိုသေမှု
စသော ဂုဏ်ဆယ်ပါးတို့ဖြင့် သာလွန်ကြောင်းကို
အရှင်နာဂသိန်မထေရ်က မိလိန္ဒမင်းကြီးအား ဟောကြားချက်လည်း
ရှိပေသည်။ထို့ကြောင့် ရဟန်းဒုဿီလအား လှူဒါန်းခြင်းသည်
အကျိုးမရ၊ အပြစ်သာရှိသည်ဟု မပြောသင့်ပါပေ။

■နောက်တစ်ချက်မှာ - သာသနာပအခါ ဒုဿီလများက
သာသနာတော်ကို အနှောင့်အယှက် မပေး၊
သာသနာတွင်း ဒုဿီလကား သာသနာတော်ကို
နှောင့်ယှက်တတ်သောကြောင့် မလှူဒါန်းသင့်ဟု
ပြောဆိုတတ်၏။

ဤသို့လည်း မပြောသင့်ပေ။
အကြောင်းမှာ သံဃိကဒါန (၇)မျိုးကို ဟောရာ
အဆုံးသတ်တွင် -

“အာနန္ဒာ ... နောင်အခါ၌ ရဟန်းအမည်ခံရုံမျှသာဖြစ်၍
သင်္ကန်းလည်ပင်း၌ စည်းထားသော သီလမရှိသော
ရဟန်းတို့သည် ဖြစ်ပေါ်လာလတ္တံ့။
သံဃာကို ရည်မှန်းသောစိတ်ဖြင့်
ထိုပုဂ္ဂိုလ်တို့၌ လှူဒါန်းကြကုန်လတ္တံ့။
ထိုအခါ၌သော်မှလည်း သံဃိကအလှူကို ကောင်းကျိုး
အသင်္ချေ ရနိုင်သေး၏ဟု ငါဘုရား ဟောတော်မူ၏”
ဟူ၍ ဟောတော်မူသည်က တစ်ချက်၊

အလှူ၏ စင်ကြယ်ခြင်း ဒက္ခိဏဝိသုဒ္ဓိလေးပါးတို့တွင်
ပထမအချက်မှာ အလှူခံပုဂ္ဂိုလ်က သီလမရှိသော်လည်း
အလှူဒါယကာက သီလစင်ကြယ်နေလျှင် ထိုအလှူသည်
ဒါယကာကြောင့် စင်ကြယ်သောဒါန ဖြစ်နိုင်၏ဟု
ဟောထားသည်လည်း တစ်ချက်တို့ကြောင့်ပင် ဖြစ်၏။

■တဖန် ပြောတတ်သည်မှာ -
ဒုဿီလပုဂ္ဂိုလ်ကို လှူဒါန်းလျှင် ကိုယ်ပါ အလိုတူ
အလိုပါဖြစ်၍ ကုသိုလ်မရသည့်အပြင် အပြစ်ပင်
ဖြစ်တတ်၏ဟု ပြောဆိုတတ်ကြ၏။

ဤနေရာ၌ သူ့၏ ကျင့်ကြံ ပြုမှု နေမှုကို မိမိက
အလိုတူ အားပေး ချီးမြှောက်လိုသော
စိတ်စေတနာဆိုးဖြင့် လှူဒါန်းမှသာ
အပြစ်ရှိ၏။သူ၏ အကျင့်အကြံကို ပမာဏမထားဘဲ၊
စင်ကြယ်သောစိတ်ဖြင့် “အလှူခံပုဂ္ဂိုလ် ရောက်လာလျှင်
လှူဒါန်းထိုက်သည်”ဟု သဘောထား၍လှူ ဒါန်းလျှင်ကား
အပြစ်မရှိကြောင်း သတိပြုရာ၏။

“သံဃိက အလှူဒါန (၇)မျိုး”
••••••••••••••••••••••••••••••••••
(၁)။ ဘုရားအမှူးရှိသော ဘိက္ခုသံဃာ၊
ဘိက္ခုနီသံဃာအား လှူဒါန်းခြင်း။
(၂)။ ဘုရားပရိနိဗ္ဗာန်စံပြီးနောက် ဘိက္ခုသံဃာ၊
ဘိက္ခုနီသံဃာအား လှူဒါန်းခြင်း။
(၃)။ ဘိက္ခုသံဃာ သက်သက်အားသာ လှူဒါန်းခြင်း။
(၄)။ ဘိက္ခုနီသံဃာ သက်သက်အားသာ လှူဒါန်းခြင်း။
(၅)။ မိမိတတ်နိုင်သလောက် အရေအတွက်ဖြင့် ဘိက္ခုနှင့်
ဘိက္ခုနီသံဃာ နှစ်ဖက်လုံးကို အရေအတွက်
လျှောက်ထား၍ လှူဒါန်းခြင်း။ ။
(၆)။ ဘိက္ခုသံဃာ တစ်ဖက်၌သာ မိမိတတ်နိုင်သလောက်
လျှောက်ထား၍ လှူဒါန်းခြင်း။
(၇)။ ဘိက္ခုနီသံဃာ တစ်ဖက်၌သာ မိမိတတ်နိုင်သလောက်
လျှောက်ထား၍ လှူဒါန်းခြင်း။
ဟူ၍ (၇)ပါး ဟောတော်မူ၏။

ဘုရားလက်ထက်က လူအပေါင်းတို့သည် များသောအားဖြင့်
ပုဂ္ဂိုလ်ကို မစွဲဘဲ သံဃာတော်ကိုသာ လှူဒါန်းတတ်ကြ၏။
ထို့ကြောင့် ဘုန်းကြီးစွဲ ဒကာစွဲ သံယောဇဉ်
အနှောင်အဖွဲ့မှ လွတ်မြောက်ကြ၏။
သို့ဖြစ်၍ သံဃိကဒါန ပြုလုပ်လိုသော ပုဂ္ဂိုလ်တို့သည်
စင်ကြယ်သော သံဃိကဒါနဖြစ်စေရန်
(အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊
ဂဟပတိဝဂ်၊ ဒုတိယသုတ်လာ) ဥဂ္ဂသူဌေး၏
ကျင့်နည်းကို များစွာ အတုယူထိုက်လှပေသည်။

“ဥဂ္ဂသူဌေးအကြောင်း အကျဉ်း”
••••••••••••••••••••••••••••••••••
အခါတပါး ဘုရားရှင်သည် ဝဇ္ဇီတိုင်း၊
ဆင်ရွာ၌ သီတင်းသုံးနေစဉ် ရဟန်းတော်များကို
“ချစ်သားတို့၊ ဤဆင်ရွာ၌နေသော ဥဂ္ဂသူဌေးကို
အံဖွယ်ရှစ်ပါးနှင့် ပြည့်စုံသူဟူ၍ မှတ်ယူရမည်”ဟု
ပြောပြီး အကျယ်မဟောဘဲ ကျောင်းထဲသို့ ဝင်သွား၏။

ထို့နောက် ရဟန်းတစ်ပါးသည် နံနက်အခါ
ဥဂ္ဂသူဌေးအိမ်သို့ သွား၍ ထိုရှစ်ပါးကို မေးသောအခါ
ဥဂ္ဂသူဌေးက . . .
“တပည့်တော် ဘုရားဆိုလိုသည်ကို အတိအကျ
မသိရသော်လည်း တပည့်တော်မှာ ထင်ရှားရှိသော
အံ့ဖွယ်ရှစ်ပါးကို လျှောက်ထားပါမည်”ဟု ဆို၍
အကျယ်ကို လျှောက်ထားလေ၏။

ဤအံဖွယ်ရှစ်ပါးတို့သည်ကား -

(၁)။ တပည့်တော် ကံ့ကော်တောဥယျာဉ်ထဲမှာ သောက်စား
မူးယစ်နေစဉ် ဘုရားကြွလာသည်ကို ပထမဆုံးအကြိမ်
မြင်မြင်ချင်း အမူးပျောက်၍ ကြည်ညိုခြင်း သဒ္ဓါတရား
ကောင်းစွာ ဖြစ်ပွားခဲ့ပါသည်။ ဤကား ပထမအံ့ဖွယ်။

(၂)။ ထိုပထမဆုံးတွေ့သောအခါ၌ပင် ဘုရားထံ
ချဉ်းကပ် တရားနာကြားပြီး သောတာပန်ဖြစ်၍
ဗြဟ္မစရိယ ပဉ္စမသီလ (“ကာမေသုမိစ္ဆာစာရ”
အစား “ဗြဟ္မစရိယ” ကို စောင့်ထိန်းခြင်း)
ကို ဆောက်တည် ကျင့်သုံးပါ၏။
ဤကား ဒုတိယအံ့ဖွယ်။

(၃)။ တပည့်တော်မှာ မယားလေးယောက်ရှိ၍
အိမ်ပြန်ရောက်သောအခါ “ငါသည် ယခု ဗြဟ္မစရိယသီလကို
ဆောက်တည်ထားကြောင်း၊ ထို့ကြောင့် သင်တို့သည်
ဤအိမ်မှာပင် နေလိုကလည်း စည်းစိမ်ဥစ္စာများကို သုံးစွဲ၍
ကုသိုလ်ကောင်းမှုပြု နေနိုင်ကြောင်း၊ မိဘအိမ်ပြန်လိုကလည်း
ပြန်နိုင်ကြောင်း၊ အခြားယောက်ျား ယူလိုကလည်း
အဘယ်သူအား ပေးရမည်ကို ညွှန်ပြစေလိုကြောင်း” ပြော၏။
ထိုအခါ အကြီးဆုံးမယားက
“အကျွန်ုပ်ကို ဤမည်သောသူအား ပေးပါ”ဟု ဆိုသဖြင့်
ထိုယောက်ျားအခေါ်ခိုင်းပြီး ရေစက်ချ၍ စွန့်လှူလိုက်ပါ၏။
ထိုသို့ စွန့်လှူလိုက်ရသည့်အတွက် တပည့်တော်မှာ
အနည်းငယ်မျှ စိတ်ဖောက်ပြားခြင်း မရှိခဲ့ပါ။
ဤကား တတိယအံ့ဖွယ်။

(၄)။ တပည့်တော်အိမ်မှာ ရှိသော စည်းစိမ်ဥစ္စာတို့ကို
ကိုယ်ကျင့်သီလရှိသော ပုဂ္ဂိုလ်တို့နှင့် မခွဲခြမ်းဘဲ
အတူသုံးဆောင်ရန် ဆုံးဖြတ်ပြီး ဖြစ်ပါသည်။
ဤကား စတုတ္ထအံ့ဖွယ်။

(၅)။ တပည့်တော်သည် ရဟန်းတစ်ပါးပါးထံ ချဉ်းကပ်လျှင်
ရိုသေစွာ ချဉ်းကပ်ပါ၏။ မရိုမသေ မချဉ်းကပ်ပါ။
ရဟန်းတော်က တရားဟောလျှင် ရိုသေစွာ နာကြားပါ၏။
မရိုမသေ မနာပါ။ ထိုအရှင်မြတ်က တရားမဟောလျှင်လည်း
တပည့်တော်ကပင် ထိုအရှင်အား ဟောပါ၏။
ဤကား ပဉ္စမအံ့ဖွယ်။

(၆)။ တပည့်တော်အိမ်၌ အလှူရှိ၍ သံဃာတော်များကို
ပင့်ဖိတ်လျှင် နတ်များက ကြိုတင် လာရောက်၍
“သူကြွယ် - ဤပုဂ္ဂိုလ်ကြီးများကား အရိယာကြီးများတည်း၊
ဤပုဂ္ဂိုလ်ကြီးများကား ပုထုဇဉ်သီလဝန္တကြီးများတည်း၊
ဤပုဂ္ဂိုလ်များကား ဒုဿီလများတည်း”ဟု ပြောတတ်ကြ၏။
ထိုသို့လာပြောခြင်းကား တပည့်တော်အဖို့ အံ့သြဖွယ် မဟုတ်ပါ။

အံ့သြစရာအကြောင်းမှာကား တပည့်တော် သံဃာကို
ဆွမ်းလှူဒါန်းလျှင် “ဤပုဂ္ဂိုလ်ကား အရိယာသီလဝန္တ
ဖြစ်သည့်အတွက် များများ လှူမည်၊ ဤပုဂ္ဂိုလ်ကား
ဒုဿီလဖြစ်သည့်အတွက် နည်းနည်း လှူမည်”ဟု
စိတ်ဖြစ်ခြင်း အလျင်း မရှိပါ။
စင်စစ်အားဖြင့် တပည့်တော်သည် အရိယာပုဂ္ဂိုလ်၊
သီလရှိသောပုဂ္ဂိုလ်၊ သီလမရှိသောပုဂ္ဂိုလ် ဟူ၍ မခွဲခြားဘဲ
တူမျှသောစိတ်ရှိသည်ဖြစ်၍သာ လှူဒါန်းပါ၏။
ဤကား ဆဋ္ဌမအံ့ဖွယ်။

(၇)။ တပည့်တော်ကို နတ်များလာရောက်၍ မြတ်စွာဘုရား၏
တရားဂုဏ်တော်များကို ပြောကြားကြပါ၏။
ယင်းသို့ ပြောကြားခြင်းသည် တပည့်တော်အဖို့ အံ့သြဖွယ်
မဟုတ်ပါ။ အံ့သြဖွယ်အကြောင်းမှာကား ထိုကဲ့သို့
နတ်တို့လာပြောလျှင် “သင်နတ်မင်းတို့က လာပြောသည်ဖြစ်စေ၊
မပြောသည်ဖြစ်စေ၊ မြတ်စွာဘုရား၏ တရားတော်သည်ကား
သွက္ခာတဂုဏ်နှင့် ပြည့်စုံသော တရားသာ ဖြစ်၏”ဟု
တပည့်တော်က ပြောလိုက်ပါ၏။ ဤကဲ့သို့ နတ်တို့နှင့်
အတုံ့အပြန် စကားပြောဆိုရသည့်အတွက်လည်း
တပည့်တော်၌ မာန်မာနဖြစ်ခြင်း အလျင်း မရှိပါ။
ဤကား သတ္တမအံ့ဖွယ်။

(၈)။ အကယ်၍များ မြတ်စွာဘုရားထက် စော၍
တပည့်တော်ကအရင် သေသွားသည် ဆိုပါစို့၊
ဘုရားက “ဥဂ္ဂသူဌေးမှာ လူ့ဘုံသို့ ပြန်မလာတော့ပေ။
အနာဂါမ်ပုဂ္ဂိုလ်ဖြစ်၏” ဟု မိန့်တော်မူလျှင် အထူးအဆန်း
မဟုတ်ပါ။ ယခုပင်လျှင် တပည့်တော်သည်
အနာဂါမ်ဖြစ်နေပါပြီ။ ဤအကြောင်းကို
ယခုကပင် သိပြီးဖြစ်ပါသည်။
ဤကား အဋ္ဌမအံ့ဖွယ် ဖြစ်ပါသည်။

ဤသို့ လာမေးသော ရဟန်းအား လျှောက်ထားလေသည်။

ဤဥဂ္ဂသူဌေး၏ အံ့ဖွယ်ရှစ်ပါးအနက် နံပါတ် (၆)အံ့ဖွယ်၌
“ဥဂ္ဂသူဌေးသည် အရိယာ၊ သီလဝန္တ၊ ဒုဿီလ
ပုဂ္ဂိုလ်သုံးမျိုးလုံး၌ တူညီသော စိတ်ထားဖြင့် လှူဒါန်းသည်”ဟု
လာရှိရာ အဘယ်သို့သောနည်းဖြင့် တူမျှနိုင်သည်ကို
သိရှိရန် လိုအပ်လာပေသည်။

တူမျှနိုင်ခြင်း အကြောင်းရင်း နှလုံးသွင်းမှာကား -
ပင့်ဖိတ်တုန်းကပင် သံဃာတော်အားလုံးကို ရည်စူး
ပင့်ဖိတ်ထားသည့်အတိုင်း ရဟန္တာကြီးများအား
လှူဒါန်းသည့်အခါမှာလည်း မျက်နှာကို မကြည့်။
ရဟန္တာကြီးများကို ငါလှူဒါန်းရသည်ဟုလည်း အမှတ်မထား။
ဘုရားတပည့်သား အရိယာအပေါင်းတည်းဟူသော
သံဃာအားသာ ငါလှူဒါန်းရသည်ဟု သဘောထား၏။
ဒုဿီလအား လှူဒါန်းသောအခါမှာလည်း ဒုဿီလ၏ မျက်နှာကို
မကြည့်။ ငါသည် ဒုဿီလကို လှူဒါန်းရသည်ဟုလည်း
သဘောမထား။ ဘုရားတပည့်သား အရိယာအပေါင်းတည်း
ဟူသော သံဃာတော်မြတ်အားသာ ငါလှူဒါန်းရသည်ဟု
သဘောထားသဖြင့် စိတ်သဘောထားချင်း
တထပ်တည်း တူနိုင်ပေသည်။

ဤဥဂ္ဂသူကြွယ်ထုံးကို နှလုံးမူ၍ မြင့်မြတ်သော
သံဃိကဒါနဖြစ်ရန် ပုဂ္ဂိုလ်မျက်နှာကို ကြည့်ခြင်း၊
ပုဂ္ဂိုလ်စွဲ စွဲခြင်းကို လုံးဝ ပယ်ဖျောက်ပြီးလျှင် သံဃာ့အာရုံသို့
စိတ်ဖြောင့်မတ်စွာ သက်ရောက်အောင် အားထုတ်
သင့်လှပေသည်။မှန်၏။

သင်္ကန်းလက်မှာ စည်းကာ အမည်ခံမျှလောက်သာ
ကျန်တော့သည့် ဒုဿီလပုဂ္ဂိုလ်တို့၌ပင်သော်လည်း
သံဃာကို အာရုံပြု၍ လှူဒါန်းနိုင်ပါမူ ကောင်းကျိုးအသင်္ချေ
ပေးစွမ်းနိုင်ကြောင်း ဒက္ခိဏဝိဘင်္ဂသုတ်၌ တိုက်ရိုက်
ဟောထားသည် မဟုတ်ပါလော။

သံဃာ၌ အရိုအသေပြုခြင်းငှာ စွမ်းနိုင်လျှင်
သံဃိကဒါန မြောက်ပေတော့သည်သာ။
ဤကား သံဃိကဒါနမြောက်အောင် လှူဒါန်းရာ၌
မည်ကဲ့သို့ နှလုံးထားရမည်ကို သိအောင် ရှင်းပြသော
စကားရပ် ဖြစ်ပေသည်။

“သပ္ပုရိသဒါနသုတ်လာ အလှူရှစ်မျိုး”
••••••••••••••••••••••••••••••••••••••••••••
ထိုမှတပါးလည်း အချို့သောသူများက ပုဂ္ဂိုလ်ကို ရွေးချယ်၍
လှူဒါန်းလိုကြ၏။ထိုသို့ လှူဒါန်းလိုရာ၌ကား အင်္ဂုတ္တရနိကာယ်၊
အဋ္ဌကနိပါတ်၊ ဒါနဝဂ်၊ သပ္ပုရိသဒါနသုတ်လာ
အလှူရှစ်မျိုးအကြောင်းကိုလည်း သိသင့်ပေသည်။

ဤရှစ်ပါးတို့ဟူသည်ကား -
(၁)။ အလှူဝတ္ထုပစ္စည်းကို သန့်ရှင်းစင်ကြယ်
လှပအောင် ပြုလုပ်၍ လှူဒါန်းခြင်း။
(၂)။ မွန်မြတ်သော အရာမျိုးကိုသာ လှူဒါန်းခြင်း။
(၃)။ သင့်လျော် လျောက်ပတ်သောအခါ၌
(လိုအပ်နေသောအခါမျိုး၌) လှူဒါန်းခြင်း။
(၄)။ အလှူခံတို့နှင့် အပ်စပ်သော ပစ္စည်းကိုသာ လှူဒါန်းခြင်း။
(၅)။ အလှူခံပုဂ္ဂိုလ်နှင့် လှူဖွယ်ဝတ္ထုကို ရွေးချယ်စိစစ်၍
လှူဒါန်းခြင်း။ (ဝိစေယျဒါန)
(၆)။ မိမိတတ်စွမ်းနိုင်သမျှ မပြတ်မလပ် လှူဒါန်းခြင်း။
(၇)။ လှူဒါန်းသောအခါ စိတ်ကို ကြည်လင်စေ၍ လှူဒါန်းခြင်း။
(၈)။ လှူဒါန်းပြီးနောက်လည်း ဝမ်းမြောက်ဝမ်းသာ
စိတ်ကို ထားနိုင်ခြင်း။ ဤရှစ်ပါးတို့ပင် ဖြစ်၏။

ဤရှစ်မျိုးတို့တွင် နံပါတ် (၅) ဝိစေယျဒါန၌
“အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ခြင်း၊
လှူဖွယ်ဝတ္ထုကို ရွေးချယ်ခြင်း” ဟူ၍ နှစ်မျိုး ရှိ၏။
●ထိုတွင် လုံးဝ သီလမရှိသော သာသနာပ
ဗာဟိရက အလှူခံပုဂ္ဂိုလ်တို့ကို ပယ်ရှား၍
သီလစသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသော
သာသနာတွင်းသား အလှူခံပုဂ္ဂိုလ်တို့အား
လှူဒါန်းခြင်းသည်
“အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်၍ လှူဒါန်းခြင်း”မည်၏။
●မိမိ၌ အကောင်း အဆိုး လှူဖွယ်ဝတ္ထု နှစ်မျိုး
ရှိနေရာဝယ် ယုတ်ညံ့သော လှူဖွယ်ပစ္စည်းကို
ပယ်ရှား၍၊ကောင်းနိုးရာရာ လှူဖွယ်ပစ္စည်းကို
လှူဒါန်းခြင်းသည်
“လှူဖွယ်ဝတ္ထုကို ရွေးချယ်၍ လှူဒါန်းခြင်း” မည်၏
ဟု အဋ္ဌကထာ၌ ဖွင့်ဆိုထားပေသည်။

ဥဂ္ဂသူဌေး သံဃိကဒါနဖြစ်အောင် သူ၏ နှလုံးထားပုံကို
ပြောခဲ့စဉ်က သူတစ်ဦးတည်းဖြစ်သည့်အတွက်
စိတ်ထားကွဲစရာ အကြောင်း မရှိ။ သူ့အဖို့မှာကား
အရိယာဖြစ်နေသည့်အတွက်လည်း သံဃိကဒါန
မြောက်အောင် လှူဒါန်းရာ၌ အလွန်လွယ်ကူလှ၏။
ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် ဒုဿီလဖြစ်စေ၊
သီလဝန္တဖြစ်စေ မိမိကြည်ညိုရာ ရဟန်းကို ကိုးကွယ်
ဆည်းကပ်သည်မှာကား ပြဿနာ မရှိပေ။
ဆည်းကပ်ခွင့် ရှိသည်။ လှူဒါန်းခွင့် ရှိသည်။

သို့သော် အဖွဲ့အစည်းဖြင့်ဖြစ်စေ၊
အများစုပေါင်း၍ဖြစ်စေ လှူဒါန်းရာ၌ကား
ပုထုဇဉ်များဖြစ်၍ သဘောထားတူဖို့
ခဲယဉ်းလှပေသည်။
အများသဘောကို အဓိက လိုက်လျော၍ ပြုလုပ်သင့်ပေသည်။
ဒုဿီလရဟန်းများ ပါနေလျှင် အုတ်အရောရော၊
ကျောက်အရောရော ဖြစ်နေ၍ သီလဝန္တရဟန်းများမှာ
ရှောင်ကြဉ်တတ်ကြသည်။

※ထိုသို့ဖြစ်နေလျှင် အလှူပွဲ ပျက်တတ်သည်။
မပျက်သည့်တိုင်အောင် ဒကာများ မကျေမနပ်ဖြင့်
လှူဒါန်းနေကြရသောကြောင့် ဝမ်းမြောက်မှု
သောမနဿကင်းနေရကား ဒါနစေတနာမှာ
စင်ကြယ်မှု မရှိတော့ပေ။ မထက်သန်တော့ပေ။
စေတနာ မထက်သန်လျှင် အကျိုးပေးလည်း
မထက်သန်တော့။
ထို့ကြောင့် အလှူပွဲပျက်မည့် ဒုဿီလပုဂ္ဂိုလ်များပါနေလျှင်
မိမိတို့အနေဖြင့် ရဟန်းဘက်၊ ဒကာဘက် နှစ်ဘက်ညှိနှိုင်း၍
သတိထားကာ လုပ်ဆောင်သင့်လှပေသည်။
လိုရင်းမှာ “အကုသိုလ်မဖြစ်ရေး” ပင်ဖြစ်၏။

“အခြားသော ဒါနအမည်များ”
••••••••••••••••••••••••••••••••••••••••
ဒါနဟူသည် လူမျိုးမရွေး၊ဘာသာမရွေး လုပ်ကြ၏။
ပြုလုပ်ပုံ ကွဲပြားသလို ရည်ရွယ်ချက်လည်း အမျိုးမျိုး ရှိကြ၏။
ထို့ကြောင့် မိမိတို့အနေဖြင့် မြင့်မြတ်သောဒါနများကို
ရွေးချယ် ပြုလုပ်နိုင်ကြစေရန် ရည်သန်၍ အောက်ပါ
ဒါနအမျိုးမျိုးကိုလည်း ထည့်သွင်းပေးလိုက်ပေသည်။

အောက်ပါ ဒါနရှစ်မျိုးသည် အင်္ဂုတ္တရနိကာယ်၊
အဋ္ဌကနိပါတ်၊ ဒါနဝဂ်၊ ပထမသုတ်၌ လာ၏။
ဤရှစ်မျိုးတို့ဟူသည်ကား -
(၁)။ အလှူခံရောက်လာလျှင် ကြန့်ကြာမနေဘဲ
အရေးတယူ လှူဒါန်းခြင်း၊
(၂)။ အကဲ့ရဲ့ခံရမည်ကိုလည်းကောင်း၊ အပါယ်ကျမည်
ကိုလည်းကောင်း ကြောက်၍ လှူဒါန်းခြင်း၊
(၃)။ မိမိအား ရှေးက ပေးကမ်းခဲ့ဖူးသူဟူ၍ မိမိက လှူဒါန်းခြင်း။
(၄)။ ဤပုဂ္ဂိုလ်သည် ယခု ငါက ပေးလှူလိုက်လျှင်
နောင်အခါ ငါ့အား ပြန်၍ ပေးလှူလိမ့်မည်ဟု ရည်ရွယ်၍ လှူဒါန်းခြင်း၊
(၅)။ လှူဒါန်းခြင်းသည် ကောင်းသောအလုပ်ဖြစ်သည်ဟု
နှလုံးသွင်း၍ လှူဒါန်းခြင်း
(၆)။ ငါသည် ချက်ပြုတ်၍ စားနေသူဖြစ်ပါလျက်
မချက်မပြုတ်ရသော (ချက်စရာမရှိသော) ပုဂ္ဂိုလ်အား
မလှူဘဲ စားခြင်းငှာ မသင့်ဟု နှလုံးသွင်း၍ လှူဒါန်းခြင်း၊
(၇)။ ဤအလှူကို ငါလှူလိုက်လျှင် ငါ၏ ကောင်းသော
ဂုဏ်သတင်း၊ကျော်စောသံများ လွှမ်းမိုးပြန့်နှံ့
သွားပေလိမ့်မည်ဟု နှလုံးသွင်း၍လှူဒါန်းခြင်း၊
(၈)။ သမထ ဝိပဿနာ၊ဘာဝနာတရား အားထုတ်ရာမှာ
စိတ်ကောင်းစွာ မတည်ကြည်ဘဲရှိခဲ့သော်
ထိုစိတ်တည်ကြည်စေရန် အဆင်တန်ဆာဖြစ်စေဖို့
ရည်ရွယ်၍ လှူဒါန်းခြင်း “ဤရှစ်ပါး” တို့ ဖြစ်၏။

❦ဤရှစ်ပါးတို့တွင် နောက်ဆုံးဖြစ်သော ဒါနသည်သာ
အမြတ်ဆုံး ဖြစ်၏။အကြောင်းမှာ -
နောက်ဆုံးဒါနသည် သမထဝိပဿနာ အားထုတ်ရာ၌
စိတ်တည်ကြည် ရွှင်လန်းလာအောင် အားပေး
အားမြှောက်ပြုကာ ဈာန်မဂ်ဖိုလ်ရကြောင်း
ဒါနအထူးဖြစ်သောကြောင့်ပင်တည်း။

❦ရှေးဒါန (၇)ပါးကား ဤသို့ မပြုနိုင်ကြ။
ထိုသို့ မပြုနိုင်ကြသည့် ဒါနထဲတွင်လည်း
(၁)ဒါနနှင့် (၅)ဒါနသည် မြတ်သောဒါနပင် ဖြစ်၏။
❦(၇)ဒါနသည် အညံ့စားဒါန ဖြစ်၏။
(၂၊ ၃၊ ၄၊ ၆)ဒါနတို့မှာ အလတ်စားဒါနသာ ဖြစ်၏။

“တတိယဒါနသုတ်လာ ဒါနရှစ်မျိုး”
•••••••••••••••••••••••••••••••••••••
တတိယဒါနသုတ်၌လာသော အခြားဒါနရှစ်မျိုးကိုလည်း
သိသင့်ပေသည်။ ၎င်းရှစ်ပါးတို့ဟူသည်ကား -

(၁)။ ချစ်ခင်၍ ပေးခြင်း။
(၂)။ မလွှဲသာသည့်အတွက် မုန်းလျက်နှင့်ပင်
ဆောင့်ဆောင့်အောင့်အောင့် ပေးခြင်း။
(၃)။ အကြောင်းအကျိုး ဘာမျှမသိ နားမလည်ဘဲ ပေးခြင်း။
(၄)။ အများကဲ့ရဲ့မည်ကို ကြောက်၍လည်းကောင်း၊
အပါယ်ကျမည်ကို ကြောက်၍လည်းကောင်း၊ အလှူခံက
တစုံတရာ ရန်ပြုမည်ကို ကြောက်၍လည်းကောင်း ပေးခြင်း။
(၅)။ ငါ့မိဘဘိုးဘွား အဆက်ဆက်ကပင်
ပေးကမ်းလှူဒါန်းမှု ရှိခဲ့သည်။ ဤအဆက်အနွယ်ကို
ယုတ်လျော့စေခြင်းငှာ မထိုက်ဟု နှလုံးသွင်း၍ ပေးခြင်း။
(၆)။ ဤအလှူကို လှူ၍ သေလွန်သည့်နောက်
နတ်ပြည်ရောက်ရန် ရည်သန်၍ ပေးလှူခြင်း။
(၇)။ ဤအလှူကို လှူလိုက်လျှင် ငါ၏စိတ်သည်
ကြည်လင်သွားလိမ့်မည်၊ နှစ်သက်ရွှင်လန်းသွားလိမ့်မည်ဟု
စိတ်နှစ်သက်ရွှင်လန်းမှုကို မြော်ရှု၍ လှူဒါန်းခြင်း
(၈)။ သမထဝိပဿနာ ဘာဝနာတရား အားထုတ်ရာမှာ
စိတ်ကောင်းစွာ မတည်ကြည်ဘဲရှိခဲ့သော်
ထိုစိတ်တည်ကြည်စေရန် အဆင်တန်ဆာဖြစ်စေဖို့
ရည်ရွယ်၍ လှူဒါန်းခြင်း။ ဤရှစ်ပါးတို့ ဖြစ်၏။

ဤရှစ်ပါးတို့တွင်
❦နံပါတ် (၈)ဒါနသည်သာ အမြတ်ဆုံး ဖြစ်၏။
❦(၆၊ ၇)ဒါနတို့မှာ သင့်လျော်ကောင်းမြတ်သော
ကုသိုလ်အရာ၌ ဖြစ်သည့် ပုညဝိသယဒါန ဖြစ်၏။
❦ကျန်သောဒါနတို့မှာ လောကအရာ ပေးကမ်းကြသော
လောကဝိသယဒါနမျိုးဖြစ်၍ အညံ့စားသာ ဖြစ်ပေသည်။

ဤသုတ်၌ ကုသိုလ်အရာ၌ ပြုသော ဒါနမျိုးနှင့်
လောကအရာ၌ ပြုရသော ဒါနမျိုးဟူ၍ နှစ်မျိုး
ခွဲခြား၍လည်း သိနိုင်၏။

ထို့ကြောင့် ဒါနရှင်အပေါင်းတို့သည် သံသရာဝဋ်မှ
ထွက်မြောက်နိုင်ကြောင်း ဝိဝဋ္ဋနိဿိတဒါန၊
သံသရာကို မငဲ့သော “ပါရမီမြောက် ဒါနများ” ကို
ပြုလုပ်နိုင်ကြပါစေကြောင်း စေတနာကောင်းဖြင့်
ပတ္ထနာလောင်းအပ်ပါသည်။။
-【အရှင်သြသဓ-ဓမ္မနန္ဒဝိဟာရ】
Posted by►
www.facebook.com/youngbuddhistassociation.mm