“မိဘ မေတ္တာ”
•••••••••••••••••
❦ကိုယ့်သားသမီးတွေကို
ကြီးလာတဲ့အခါမှာ ဘယ်လိုဖြစ်စေချင်သလဲ။
ကိုယ့်သားသမီးဟာ ခန္ဓာကိုယ်လည်း ကျန်းမာရမယ်။
စိတ်လည်း ကျန်းမာရမယ်။
သူငယ်ချင်း အပေါင်းအသင်းကောင်း၊
မိတ်ဆွေကောင်းများ ရမယ်။
မိတ်ဆွေကောင်းတွေနဲ့လည်းပဲ အပေးအယူ
အပြန်အလှန်ရှိပြီးတော့ တစ်ယောက်ကို တစ်ယောက်
နားလည်တဲ့ ချစ်ခင်လေးစားတဲ့ ဆက်ဆံရေးမျိုး ဖြစ်ရမယ်။
ပညာရပ်အမျိုးမျိုးကိုလည်း နားလည်းရမယ်၊သိရမယ်။
စားဝတ်နေရေးလည်း အဆင်ပြေရမယ်။
လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ရမယ်။

ဒီထက်လည်း ထပ်ဖြည့်လိုက်ပါဦးနော်။
မိဘမေတ္တာနဲ့ ဖြည့်မယ်ဆို ဖြည့်စရာတွေ
အများကြီး ရှိသေးတယ်။ ဘာသာ တရားနဲ့ ပတ်သက်တဲ့
အသိအမြင်လည်း နက်နက်နဲနဲ၊သဘာဝကျကျ
သိတဲ့ သူတွေ ဖြစ်ရမယ်။ လူကောင်းသူကောင်း ဖြစ်ရမယ်။
အကျင့်စာရိတ္တကောင်းတဲ့ သူတွေ ဖြစ်ရမယ်။
တရားထူး အသိဉာဏ်ထူးကို ရနိုင်တဲ့ သူတွေလည်းဖြစ်ရမယ်
စသဖြင့်ပေါ့။

အဲဒီလို မျှော်လင့်ရင် သူတို့အတွက်
ငါတို့ ဘာတွေ စီစဉ်ပေးရမယ်။
မိဘတစ်ဦးတည်းလည်း မတတ်နိုင်ဘူး။
ကျောင်းက ဆရာ ဆရာမတွေချည်းပဲလည်း မတတ်နိုင်ဘူး။
မိဘဘက်ကလည်း လုပ်ပေးနိုင်သလောက်လည်း
လုပ်ပေးရမယ်။ ဆရာ၊ဆရာမတွေဘက်ကလည်း
တတ်နိုင်တာ လုပ်ရမယ်။
တခါတလေ မိဘတွေ မတတ်နိုင်တာဆိုရင်
တတ်နိုင်တဲ့ သူတွေနဲ့ ထိတွေ့ပေးရတယ်။

ဘုန်းကြီးကိုယ်တိုင် အဲဒီလို လုပ်ပေးတာပဲ။
စာအုပ်ကောင်းလေးတွေ ရှာပေးတယ်။
တိတ်ခွေကောင်းတွေ ရှာပေးတယ်။
တခါတလေ စာဖတ်ပြတယ်။
ဖတ်ပြရင်းနဲ့ ဆွေးနွေး ပေးတယ်။
သူတို့ ဒုက္ခတွေ အခက်အခဲတွေ ကြုံရတဲ့ အခါ
ကိုယ့်ကို လာပြောလို့ ရှိရင် ဖြတ်လမ်းနည်းနဲ့
မဖြေရှင်းပေးဘူး။ နက်နက်နဲနဲ နားလည်အောင်
ထပ်ခါ ထပ်ခါ ဒါကို ဆွေးနွေးပေးတယ်။
ဒါကြောင့် ဘာကြောင့် ဖြစ်ရတာလဲ၊
ဘယ်လို သဘောထားကြောင့် ဖြစ်ရတာလဲ။
ဘယ်လို လုပ်ရင် အဆင်ပြေမလဲ။
နောင် ဒီလို အခက်အခဲမျိုး မကြုံရအောင်
ဘယ်လို သဘောထားရမလဲ၊ ဘယ်လို ပြောရမလဲ၊
ဘယ်လို ဆိုရမလဲ။
နေတာ ၊ထိုင်တာ ပြောတာ စားတာ၊ သောက်တာ
ဝတ်တာက အစ ဘာမှ မကျန်အောင် ဆွေးနွေးတယ်။

ကိုယ့်ကိုကိုယ် ဂုဏ်သိက္ခာရှိတဲ့ သူတစ်ယောက်ဖြစ်ရမယ်။
ကိုယ့်ကိုကိုယ် လေးစားရမယ်။
ကိုယ့်ကို သူများလည်း လေးစားရမယ်။
အဲဒီလို ဖြစ်အောင် ဘယ်လိုနေရမလဲ။
အဲဒီလို သင်ပေးတော့လည်း တတ်လာတာပါပဲ။

“ဒီလိုလူ” ဖြစ်လာအောင် ဆိုပြီး ရည်ရွယ်ချက်
ထားရတာပဲ။ သားသမီးတွေကိုလည်း ပြောပြစေချင်တယ်။
ပြောပါများရင် သူတို့ သဘောပေါက်လာမယ်။

❦မိဘတွေက သားသမီးတွေကိုတော့ ချစ်ကြပါတယ်။
ပညာတွေ သင်ပေးတယ်။ ဘွဲ့တွေရစေချင်တယ်။
အလုပ်တွေ ကြီးကြီးကျယ်ကျယ် လုပ်စေချင်တယ်။
ပိုက်ဆံတွေ အများကြီး ရှိစေချင်တယ်။
ဒါတွေ အားလုံး ကောင်းပါတယ်။
လိုအပ်ပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်နဲ့ အသိဉာဏ်
ရင့်ကျက်မှု ၊ မြင့်မြတ်မှုကို အထောက်အကူပေးဖို့
အရေး မပါလာရင် “တကယ်အဆင့်မြင့်တဲ့ မေတ္တာ” လို့
မပြောနိုင်သေးဘူး။

❦အပျော်အပါး လုံးဝကင်းတယ်ဆိုတာကတော့
မဖြစ်နိုင်ပါဘူး။ လောကီမှာ အပျော်အပါးကို
ထိန်းထိန်းသိမ်းသိမ်း ခံစားတတ်အောင်
သင်ပေးပြီ နောက်တစ်ဖက်ကလည်း တရားနဲ့
ပတ်သက်တဲ့ အသိအမြင်လေးတွေ ရင့်ကျက်လာအောင်
လုပ်တတ်ဖို့ သင်ပေးဦးမှ ဖြစ်မယ်။
ဒါမှ မိဘဝတ္တရား ကျေမယ်။
မိဘမေတ္တာကလည်း ပိုပြီတော့ လေးနက်ပီပြင်လာမယ်။

❦လူတော် လူကောင်းဖြစ်အောင် ကြိုးစားရမယ်လို့
ပြောကြတယ်။ ဘုန်းကြီး တွေးကြည့်တယ်။
လူကောင်းဖြစ်ဖို့ အရင်ကြိုးစားရမယ်။
လူကောင်းက တော်မှ ကောင်းတာတွေကို
ထိထိရောက်ရောက် လုပ်နိုင်မယ်။
မကောင်းတဲ့ သူတွေတော်ရင် မကောင်းတာတွေကို
များများလုပ်လိမ့်မယ်။ ဒါကြောင့် ကလေးတွေကို
ကောင်းတဲ့သူကို အားကျအောင် သင်ပေးရမယ်။
စာအုပ်ကောင်းတွေကို ဖတ်ပြရမယ်။

❦မိဘတွေဟာ သားသမီးတွေကို ပြောရဲဆိုရဲတဲ့သူတွေ၊
ဉာဏ်ရှိတဲ့သူတွေ ဖြစ်စေချင်တယ်။
ဒါပေမဲ့ အိမ်မှာ လွတ်လွတ်လပ်လပ် ကိုယ့်အယူအဆကို
ပြောခွင့်မရရင် ဘယ်လိုလုပ်ပြီး “ပြောရဲ ဆိုရဲတဲ့သူ”
ဖြစ်လာတော့မလဲ၊ လွတ်လပ်မှုဟာ အိမ်ကနေ စရမယ်။
မိသားစု ဆက်ဆံရေးမှာ လွတ်လပ်မှုရှိမှ အပြင်လောကမှာ
လွတ်လပ်မှုရှိအောင် ဆက်ဆံတတ်မယ်။

မိဘတွေ လွပ်လပ်မှုကို ဘယ်လောက်တန်ဖိုး ထားသလဲ
ဆိုတာ သားသမီးတွေကို ဘယ်လောက် လွပ်လွပ်လပ်
ဆွေးနွေးခွင့် ၊ပြောခွင့် ၊လုပ်ခွင့်ပေးသလဲဆိုတာနဲ့
တိုင်းတာလို့ရတယ်။

ကိုယ့်အိမ်ဟာ လွတ်လပ်မှု အပြည့်ရတဲ့ နေရာ ဖြစ်ရမယ်။
အပြင်လောကမှာ မရနိုင်တဲ့ လွတ်လပ်မှုတွေကို
အိမ်မှာရမှ အဲဒီအိမ်ဟာ လွတ်လပ်တဲ့ အိမ်လို့ဆိုနိုင်မယ်။
လွတ်လပ်သော အိမ်ဖြစ်မှ ၊
ပျော်စရာကောင်းသောအိမ် ဖြစ်မယ်။
လွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့ ပထမဆုံး လွတ်လပ်တဲ့
အိမ်ထောင်ဖြစ်အောင် လုပ်ရမယ်။
အိမ်မှာ freedom of speech (လွတ်လပ်စွာ ပြောဆိုခွင့်)
ရှိရမယ်။ သဘောထား ၊အယူအဆတွေ၊မတူတာတွေကို
မကြောက်မရွံ့ ပြောလို့ရတဲ့ နေရာဟာ
“ကိုယ့်အိမ်” ပဲ ဖြစ်ရမယ်။ သားသမီးတွေ လွတ်လပ်တဲ့
စိတ်ဓာတ်ရှိဖို့ အိမ်ကနေ စပြီး လေ့ကျင့်ပေးရမယ်။

❦သဘောထား အယူအဆ မတူတဲ့အခါ
ပွင့်ပွင့်လင်းလင်း ပြောခွင့်ဆိုခွင့်ဆွေးနွေးခွင့်တော့
ရှိသင့်တယ်။ ဒီလို ဆွေးနွေးခွင့် ပေးမှလည်းပဲ
ဒီသားသမီးတွေမှာ စဉ်းစားနိုင်တဲ့ အရည်အချင်း၊
ဆုံးဖြတ်နိုင်တဲ့ အရည်အချင်း၊
တာဝန်ယူနိုင်တဲ့ အရည်အချင်း ရလာမယ်။

❦သားသမီးကို ချစ်ရင် စဉ်းစားခွင့်ပေးပါ။
မိဘကနေရာတကာ စဉ်းစာမပေးပါနဲ့။
မိဘက သားသမီးအစား စဉ်းစား ဆုံးဖြတ်ပေးတာ
ချစ်ရာ မရောက်ဘူး။ သားသမီးတွေ သူ့ဟာသူ
စဉ်းစားတတ်အောင် လမ်းကြောင်းရုံတင်ပေးပြီး ၊
သူတို့ဟာ သူတို့ ဆုံးဖြတ်တတ်အောင် အားပေးပါ။
စဉ်းစားတတ်၊ ဆုံးဖြတ်တတ်မှသာ လွတ်လပ်တဲ့သူ ဖြစ်လာမယ်။

ဘယ်လိုကိစ္စမျိုးဖြစ်ဖြစ် သူ့ဟာသူ စဉ်းစား။
သူ့ဟာသူ ဆုံးဖြတ်၊ သူ့ဟာသူ တာဝန်ယူ၊
မှားသွားရင်လည်း သူ့ဟာသူပြင်၊
အဲဒီလို နေသွားမှသာ တကယ့်ပြင်ပလောကမှာ
လက်တွေ့ဘဝကို ရင်ဆိုင်ရတဲ့အခါ
ကိုယ့်ဟာကိုယ်စဉ်းစားဆုံးဖြတ်နိုင်တဲ့ တာဝန်ယူနိုင်တဲ့သူတွေ
ဖြစ်လာနိုင်တယ်။ နောက်ဆုံးဘယ်သူ့ကိုမှ အားမကိုးတော့ဘဲ၊
ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့သူတွေ
ဖြစ်လာနိုင်တယ်။

❦လူဟာ ကိုယ့်အသိဉာဏ်၊ကိုယ့်အတွေးအခေါ်၊
ကိုယ့်ခံစားချက်နဲ့ ကိုယ့်ဟာကိုယ် နေရမှသာ
ကိုယ့်ကိုယ်ကို အားရမှု၊ ကျေနပ်မှု ရှိတယ်။
ကိုယ့်ကိုယ်နဲ့ သူ့စိတ် နေရမယ်ဆိုရင် ဘယ်လိုမှ
အားရမှု ကျေနပ်မှု မရှိဘူး။

ကိုယ်ပိုင်အတွေးအခေါ် အယူအဆ၊
ကိုယ်ပိုင်ခံစားချက် မရှိရင် သူဟာ သီးခြားရပ်တည်နိုင်တဲ့
လူသားတစ်ယောက်ဖြစ်တယ်လို့ မပြောနိုင်ဘူး။

❦သားသမီးလုပ်ရင် လွဲမှာ၊ မှားမှာစိုးလို့ မိဘကချည်း
အစစ အရာရာ လိုက်လုပ်ပေးလို့ရှိရင် ဒီသားသမီးက
ကြီးလာတဲ့အခါ ဘာမှ မလုပ်တတ်တော့ဘူး။
လုပ်လည်း မလုပ်ချင်တော့ဘူး။
ဒီလိုကလေးတွေဟာ အစွမ်းအစမဲ့တဲ့သူတွေ၊
စိတ်အားငယ်တဲ့သူတွေ ဖြစ်လာမယ်။

မိဘတွေအနေနဲ့ အလုပ်သင့်ဆုံး အလုပ်က
ကိုယ့်အပေါ် မှီခိုတာ၊ အားကိုးတာ၊နည်းသထက်နည်းအောင်
လုပ်ပေးရမယ်။ ကူညီရမယ်။ ပြုစုပျိုးထောင်ပေးရမယ်။
သားသမီးလေးတွေ တဖြည်းဖြည်း ကြီးလာလေလေ၊
ကိုယ့်အပေါ် မှီခိုနေရတဲ့ အဖြစ်ကနေ ၊
သူ့အားသူကိုးနိုင်အောင် အခွင့်အရေး ပေးရလေလေပဲ။

သူ့ကိစ္စသူ တာဝန်ယူနိုင်အောင် သူ့ကို အားပေးရမယ်။
နည်းလမ်းပေးရမယ်။ သားသမီးကို ချစ်တယ်ဆိုရင်
သူ့မှာရနိုင်တဲ့ အရည်အချင်း မှန်သမျှ ၊
များများရအောင် သူ့ကို အခွင့်အရေး ပေးရမယ်။

❦မိဘတွေက သားသမီးတွေကို သူ့ဘာသာ
တွေးခေါ်မြော်မြင်ပြီးတော့ တီထွင်ကြံဆပြီးတော့ ၊
ကိုယ့်ထက်ကောင်းအောင် လုပ်နိုင်ရမယ်။
ဒီလိုဖြစ်အောင် အထောက်အကူပေးသင့်တယ်။
နည်းလမ်းပေးသင့်တယ်။ ဒါမှ တကယ်ချစ်ရာရောက်မှာ။

❦တကယ်ချစ်ရင် လူကြီးဖြစ်ခွင့်ပေးရမယ်။
သူ့အတိုင်းအတာလေးနဲ့ သူ တဖြည်းဖြည်း
လူကြီးဖြစ်အောင် နည်းမျိုးစုံနဲ့ အကူအညီပေးရမယ်။
သူ့လွတ်လပ်မှု သူရှာနေတာကို မိဘတွေက
မေတ္တာကရုဏာအပြည့် နဲ့ ကောင်းတဲ့နည်းနဲ့
အထောက်အကူ ပေးလိုက်ပါ။
တစ်နေ့ မိဘတွေ မရှိတော့တဲ့ အခါမှာ သူ့အားသူ့ကိုးပြီးတော့၊
သူ့အသိဉာဏ်နဲ့ သူ စဉ်းစားပြီး ဆုံးဖြတ်ပြီး၊
သူ့စားဝတ်နေရေး၊ သူ့မိသားစု စားဝတ်နေရေးကို
သူ့ဟာသူ့ လုပ်သွားရမှာ။
အဲဒါကို ဘယ်အချိန်ကစပြီ ပြင်ဆင်ရသလဲဆိုတော့
၁၄-၁၅ နှစ်အရွယ်က စပြီး ပြင်ဆင်လိုက်ရတာပဲ။

❦ခေတ်ကာလကို နားလည်ပြီတော့ အခြေအနေအရ
သူ့ဟာသူ အဆင်ပြေဆုံးဖြစ်အောင် နေတတ်သွားဖို့ ၊
သူ့ကို အထောက်အကူပေးရမယ်။
သူ့အတွက် အဆင်ပြေအောင် ၊
မိဘက ကြိုတင်ပြီးတော့ အသိဉာဏ်ကြီးကြီးနဲ့၊
ပြင်ဆင်ပေးလိုက်မှသာ တကယ်ချစ်ရာ ရောက်လိမ့်မယ်။

တစ်နေ့ ငါတို့ သားသမီးတွေဟာ ငါတို့ကို ခွဲခွါပြီး
ရပ်ဝေးကို သွားနေရမှာ။အဲဒီအခါမှာ သူတို့ ဘယ်လိုနေမလဲ၊
ထိုင်မလဲ၊ ဘယ်လိုလူတွေနဲ့ ဆက်ဆံမလဲ။
အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ စဉ်းစားတတ်ပြီလား။
အလေ့အကျင့် ရှိနေပြီးလား၊
သဘောပေါက်ပြီးလားဆိုတာ စဉ်းစားထားသင့်တယ်။

စဉ်းစားထားပြီးတော့ အခုကတည်းက သွားတာ၊
လာတာ ၊နေတာ ၊ထိုင်တာ ၊ပေါင်းတာ သင်းတာ၊
ဘယ်အချိန် ဘယ်အခါ ဘယ်နေရာကို သွားသင့်တယ်။
အန္တရာယ်မရှိအောင် ၊ဂုဏ်သိက္ခာ မထိခိုက်အောင်၊
ဘယ်လို နေသင့်တယ်။ ဘယ်လို လူကို မပေါင်းသင့်ဘူး၊
ပေါင်းသင့်တယ် ဆိုတာကအစ လူကဲခတ်တတ်အောင်
မိဘက သင်ပေးဖို့ လိုတယ်။
ဒီလို သင်မပေးခဲ့ရင် ဗြုန်းကနဲ ထွက်သွားတဲ့အခါမှာ
သူတို့ အကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်။
ဒီမှ မဟုတ်ရင် သံယောဇဉ်ကြီးပြီး
“သောက” ဖြစ်နေတာကို တကယ့်
“မေတ္တာ” လို့ အဓိပ္ပါယ်ကောက်နေလိမ့်မယ်။

❦ငါ့မှာတော့ သူ့ကို ချစ်လိုက်ရလို့ သောကတွေ
ဖြစ်လိုက်ရတာလို့ တွေးမယ်နော်။ အဲဒါ မေတ္တာမဟုတ်ဘူး။
အဲဒါ “သမုဒယ သံယောဇဉ်” ပူလောင်တယ်။
မေတ္တာဟာ ဉာဏ်နဲ့ ယှဉ်တယ်။
ဉာဏ်နဲ့ ယှဉ်တဲ့ အတွက်ကြောင့် ပူလောင်မှုကို မဖြစ်စေဘူး။

❦သူ့ကိုမြင်ရင် ဝမ်းသာတာတို့၊ ပျော်တာတို့၊
သူ့ကိစ္စတွေ အမျိုးမျိုးဆောင်ရွက်ပေးတာတို့၊
သူ့အတွက် အနစ်နာခံတာတို့ဟာ မေတ္တာရဲ့
အရေးပါတဲ့ အသွင်သဏ္ဍာန် ဖြစ်ပါတယ်။
ဒါပေမဲ့ မေတ္တာရဲ့ အမြင့်ဆုံးအဆင့် ရောက်တဲ့အခါမှာ
မေတ္တာဟာ ခံစားမှု မဟုတ်တော့ဘူး။
အသိဉာဏ်နဲ့ နားလည်ပြီးတော့၊ အကောင်းဆုံး ၊
အသင့်တော်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးတာ ဖြစ်သွားတယ်။
မေတ္တာဆိုတာ “ခံစားမှု” မဟုတ်တော့ဘဲ ၊
“အကျိုးကိုလိုလားခြင်း” ဖြစ်သွားတယ်။
အကျိုးကို လိုလားခြင်းဆိုတာ “အသိဉာဏ်” ဖြစ်သွားပြီးနော်။

❦တကယ်မေတ္တာစစ်မှန်သွားရင် ကိုယ့်အတွက်
ဘာအကောင်းဆုံးလဲလို့ တွေးတာ မဟုတ်ဘူး။
သူ့အတွက် ဘာအကောင်းဆုံးဖြစ်မလဲ
ဆိုတာကို တွေးပြီး အဲဒါကို လိုလားတယ်။

❦သားသမီးတွေကို အတွေးအခေါ်ကောင်းတဲ့လူတွေ၊
အကျင့်စာရိတ္တ ကောင်းတဲ့လူတွေ၊
နေတာ ထိုင်တာ စည်းကမ်းရှိတဲ့လူတွေ၊
ပေါင်းသင်း ဆက်ဆံရေးမှာလည်း ပြေပြေပြစ်ပြစ်
ပေါင်းတတ် သင်းတတ်တဲ့ လူတွေ ဖြစ်စေချင်မှာပဲနော်။

အဲဒီလို ဖြစ်စေချင်ရင် ကိုယ်ကိုယ်တိုင်က
အတွေးအခေါ် အယူအဆ မှန်ကန်တဲ့လူ ဖြစ်ဖို့လိုတယ်။
ကိုယ်ကိုယ်တိုင်က စကားပြောတဲ့အခါမှာ
ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ပြောတတ်တဲ့
အလေ့အကျင့်လေး လုပ်ထားဖို့ လိုတယ်နော်။

ကိုယ့်သားသမီးကို ကိုယ်တကယ်ချစ်တတ်တယ်ဆိုရင်
ကိုယ်ကိုယ်တိုင် နေပုံထိုင်ပုံ ပြောပုံဆိုပုံ
အားလုံးကို ပြင်ဖို့ လိုတယ်။ ကိုယ့်ရဲ့ နေပုံထိုင်ပုံ၊
ပြောပုံ ဆိုပုံဟာ ကိုယ့်သားသမီးရဲ့ စိတ်ဓာတ်နဲ့
အသိဉာဏ် လေးနက်မှု၊ ရင့်ကျက်မှု၊ မြင့်မြတ်မှုအတွက်
အထောက်အပံ့ ဖြစ်စေရမယ်။

❦ကိုယ်ကိုယ်တိုင် ကိုယ်ရည်ကိုယ်သွေး ပြည့်ဝတဲ့သူဖြစ်ပြီး၊
ကိုယ့်ရဲ့ မျိုးဆက်ဖြစ်တဲ့ သားသမီးတွေကို
ကိုယ်ရည်ကိုယ်သွေး ပြည့်ဝတဲ့သူ ဖြစ်လာဖို့
အမှတ်တမဲ့ သဘောမထားဘဲ ကိုယ့်ကိုယ်ကို
လေးလေးနက်နက် တည်ဆောက်ယူသင့်တယ်။
မိဘတွေဟာ သားသမီးတွေရဲ့ ကိုယ်ရည်ကိုယ်သွေး
အတွက် “လက်ဦးဆရာ” ပဲ ဖြစ်သင့်တယ်။

❦သားသမီးကို လိမ္မာစေချင်ရင် သူတို့ကို
ကြင်နာမှု၊ ဂရုစိုက်မှုတွေ အများကြီး ပေးရမယ်။
သူ့ကိစ္စနဲ့ ပတ်သက်တာတွေအတွက် အချိန်တွေ
အများကြီး ပေးရမယ်။
သားသမီးကို တကယ်ချစ်လို့ ကြီးပွားစေချင်တယ်ဆိုရင်
လက်ပွန်းတတီး နေဖို့ အရေးကြီးပါတယ်။
နေ့စဉ် ဖြစ်ခဲ့သမျှ အတွေ့အကြုံတွေ ခံစားချက်တွေ၊
မျှော်လင့်ချက်တွေ ကြောက်တာတွေ၊ စိုးရိမ်တာတွေ
အားငယ်တာတွေ၊ကျေနပ်ခဲ့တာတွေ
အားလုံးကို ပြောဖို့၊ ဆိုဖို့ ၊ဆွေးနွေးဖို့
အင်မတန် အရေးကြီးပါတယ်။

❦လူငယ်ဆိုတာ လူကြီးနဲ့ အပေါင်းအသင်းဖြစ်မှ
လူကြီးဆီက ဘဝအတွေ့အကြုံတွေ အမျိုးမျိုး၊
အသိဉာဏ် အမျိုးမျိုးကို ရတယ်။
လူကြီးနဲ့ ရင်းရင်းနှီးနှီး မဆက်ဆံတဲ့ ကလေးဟာ
လေးနက်တဲ့၊ ရင်ကျက်တဲ့ အသိဉာဏ်ကို မရနိုင်ဘူး။

❦သူများက သိပ်နိမ့်နေပြီးတော့
ကိုယ်က မြင့်ချင်နေလို့ မလွယ်ဘူး။
ပတ်ဝန်းကျင်မြင့်မှ ကိုယ်လည်း မြင့်မယ်။
ရေမြင့်ရင် ကြာမြင့်သလိုပဲ။
ကိုယ့်သားသမီးတွေ အဆင့်အတန်း မြင့်စေချင်ရင် ၊
ကိုယ့်သားသမီး တစ်ယောက်အတွက် ကွက်ပြီးတော့
တွေးလို့ မရဘူး။ သူနဲ့ ပေါင်းတဲ့ သူ့မိတ်ဆွေတွေ
အတွက်ပါ ထည့်တွေးရမယ်။

❦လူဆိုတာ မှားတတ်တာပဲ။
ဆရာလည်း မှားတတ်တာပဲ။
တပည့်လည်း မှားတတ်တာပဲ။
မှားခြင်းကိစ္စမှာ ဘယ်သူမှားတယ်ဆိုတာက
အရေးမကြီးဘူး။ ဆရာမှားသွားရင် မှားသွားတယ်လို့
ပြောရဲရမယ်။ ဒီအတွက် ရှက်နေစရာမလိုဘူး။
ကြောက်စရာမလိုဘူး။

ဒီအချက်ကို လူကြီးနေရာရောက်နေတဲ့လူတွေ
လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။
ဒီလို သဘောထားတွေ ရှိနေမှ လူ့ဘောင်လောကကြီး
တိုးတက်မယ်။ အမှားကို ဝန်မခံရဲလို့ လိမ်နေတာ၊ညာနေတာ၊
“သတ္တိမရှိတဲ့ သဘော” ဖြစ်တယ်။ ကိုယ့်သားသမီး၊
ကိုယ့်တပည့်တွေကို မလိမ်တတ်၊မညာတတ်အောင်
ကိုယ်က စံပြအနေနဲ့ ကိုယ်မှားသွားတယ်လို့
ဝန်ခံဖို့ လိုတယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
❦မေတ္တာ ကြီးမားတဲ့သူဆိုရင် သားသမီးရဲ့ အမှား၊
တပည့်ရဲ့ အမှားကို သည်းခံနိုင်ရမယ်။
ခွင့်လွှတ်နိုင်ရမယ်၊ ဆွေးနွေးပေးရမယ်။
သူ့အမှားထဲက သူ သင်ခန်းစာရပီးတော့
သူ့ဉာဏ်နဲ့သူ သဘောပေါက်ပြီး၊
မှန်သွားအောင် အထောက်အကူ ပေးရမယ်။

❦လူငယ်တစ်ယောက် လောကကြီးထဲမှာ
လူကြီးတစ်ယောက် ဖြစ်လာအောင်၊ လူရာဝင်လာအောင်၊
သူ့အကျိုး အများအကျိုးကို ဆောင်ရွက်နိုင်တဲ့
အရည်အချင်းရှိတဲ့ လူတစ်ယောက် ဖြစ်လာအောင်
အများကြီး အားပေးဖို့လိုတယ်။

စိတ်ပညာ (psychology) မှာ ရွေးချယ်၍ အားပေးခြင်း
(selective reinforcement) ဆိုတဲ့ သီအိုရီ တစ်ခုရှိတယ်။
လူမှာရှိတဲ့ ကောင်းတဲ့အချက်တွေကို ခဏခဏ
အားပေးလို့ရှိရင်၊အသိအမှတ်ပြုလို့ရှိရင် ပိုကောင်းလာတယ်။
ပိုလုပ်ချင်လာတယ်။ မကောင်းတာကို ခဏခဏ
ထောက်ပြပြီးတော့ အပြစ်တင်နေရင် ကြာရင် ဘာမှ
မလုပ်တော့ဘူးတဲ့-နော်။

❦တစ်ဖက်သားကို လေးစားမှုမရှိဘဲ
စေတနာကောင်းတယ်ဆိုတာ မဖြစ်နိုင်ဘူး။

❦သားသမီးရဲ့ စရိုက် ဝါသနာ ဓာတ်ခံကို
သေသေချာချာ မလေ့လာဘဲ ၊မိဘက
အတင်းအကြပ် ပုံသွင်းတာတွေ ရှိတယ်။
အဲဒီလို အခါမှာ သားသမီးမှာ တော်တော်ဒုက္ခရောက်တယ်။
တကယ်ချစ်ဆိုရင် သူ့ဝါသနာ ဘာလဲ၊ သူနဲ့ ကိုက်တာ ဘာလဲ၊
သူနဲ့ အထိုက်အတန်ဆုံးဟာ ဘာလဲ၊
သူ့အတွက် အကောင်းဆုံး ဘာဖြစ်မလဲ၊
အဲဒါကို သေသေချာချာ စဉ်းစားပေးဖို့လိုတယ်။

နောက် ကိုယ့်သားသမီး တဖြည်းဖြည်း ကြီးလာပြီဆိုရင်
သူ အရွယ် ရောက်လာတာနဲ့ တပြိုင်နက်
သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်ရမယ်။
သူ့ဝမ်းစာ သူရှာရမယ်။ သူ့ဘဝကို သူဖန်တီးရမယ်။
အခက်အခဲတွေ ရှိပေမဲ့ သူ့ဘဝကိုသူ ကျေနပ်ရမယ်။
မိဘက ဉာဏ်ရှိရင် သူ့ကို အတင်းအကြပ် မခိုင်းဘဲနဲ့
သူ့အတွက် လိုအပ်သလောက်ကိုပဲ အထောက်အကူပေးပြီး၊
သူ့ဘဝကို သူဖန်တီးခွင့် ပေးမယ်ဆိုရင်
အကောင်းဆုံး ဖြစ်သွားမှာပဲ။

သားသမီးရဲ့ စရိုက်နဲ့ မကိုက်တာကို အတင်းအကြပ်
လုပ်ခိုင်းမယ်ဆိုရင် သူ့ဘဝပုံစံပျက်သွားမယ်။
အဲသလို ဖြစ်ကြတာများပါတယ်။
ချစ်လို့ လုပ်ပေးတာတော့ မှန်ပါတယ်။
ဒါပေမဲ့ သဘာဝကို နားမလည်ဘဲနဲ့ အတင်းအကြပ်
လုပ်လို့ ဒီသားသမီးဟာ “အကောင်းဆုံး” ဖြစ်မလာနိုင်ဘူး။

❦မိဘနဲ့ သားသမီး သဘောထား၊အယူအဆ
အတူတူ မဖြစ်နိုင်ဘူး။ ဆရာနဲ့ တပည့် သဘောထား
အယူအဆ အကြိုက် အတူတူ မဖြစ်နိုင်ဘူး။
သူ့စရိုက်၊သူ့ဝါသနာ၊သူ့ဗီဇ၊သူ့အထုံ၊သူ့ပါရမီနဲ့
သူ လာကြတာပါ။ သူ့သဘောနဲ့သူ ကြီးပွားပါစေ။
သူ့သဘာဝနဲ့ သူ ကြီးပွားပါစေ။
သူဝါသနာပါတာ၊ သူသဘောကျတာ သူလုပ်ပါစေ။

ကိုယ့်သားသမီးကို ချစ်တယ်ဆိုရင်
ဘယ်အချက် သူ့မှာ အားသာတယ်ဆိုတာ ကြည့်ရမယ်။
သူလုပ်ချင်နေတဲ့ ကိစ္စဟာ ဂုဏ်သိက္ခာ မထိခိုက်ဘူး။
အကျင့်စာရိတ္တ မထိခိုက်ဘူး။ ကျန်းမာရေး မထိခိုက်ဘူး။
အသက်အန္တရာယ် မဖြစ်ဘူးဆိုရင် လုပ်ပါစေ။
ခွင့်ပြုနိုင်ရမယ်နော်။ မိဘနဲ့ အကြိုက်ချင်း မတူသော်လည်းပဲ
ကျေကျေနပ်နပ် ခွင့်ပြုနိုင်ရမယ်။
သူတို့ဟာ သူတို့ ကိုယ်ပိုင်အစွမ်းအစ၊ အရည်အချင်းနဲ့
ကြီးပွားတိုးတက်ပါစေ။

❦ချစ်တယ်ဆိုရင် သူ့ကိုဘယ်သူနဲ့မှ မနှိုင်းတာ
အကောင်းဆုံးပဲ။ နှိုင်းယှဉ်ပြီးတော့ တွေးတာနဲ့
စိတ်ချမ်းသာမှုကို မရတော့ဘူး။
မြင်ရတဲ့အခါ မပျော်နိုင်တော့ဘူး။

ကိုယ့်သားသမီးကို သူတစ်ပါးသားသမီးနဲ့ နှိုင်းပြီးတော့၊
နင့်ထက် သူတို့က ပိုတော်တယ်လို့ ပြောလိုက်ရင်
ဘယ်လိုနေမလဲ ၊ဒီသားသမီးကို ချစ်ရာမရောက်တော့ဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဒီအတိုင်းကတော့
“နင့်ကို ငါမချစ်နိုင်ဘူး”လို့ ပြောသလို ဖြစ်နေတယ်။
ဟိုတစ်ယောက်က တော်တယ်။
သူတော်သလို နင်တော်မှ ငါနင့်ကို နှစ်သက်မယ်။
ကျေနပ်နိုင်မယ်။ လက်ခံနိုင်မယ်။
လက်ရှိ အခြေအနေအတိုင်းကတော့ မကြိုက်ဘူး။
မချစ်နိုင်ဘူး။ လက်မခံနိုင်ဘူး။
ဒီလို အဓိပ္ပါယ်ပေါက် တယ်နော်။

အဲဒီလို အဓိပ္ပါယ်ပေါက်ရင် သားသမီးစိတ်ထဲမှာ
ဘယ်လိုခံစားရမလဲ။ ငါ့ကို မချစ်ဘူးလို့ ခံစားရမယ်။
အားငယ်သွားမယ်။ ပြီးတော့ ကိုယ့်မိဘက ကိုယ့်ကို
သူတစ်ပါးနဲ့ နှိုင်းပြီးတော့ ရုပ်ရည်အားဖြင့်ဖြစ်စေ၊
ပညာအရည်အချင်းအားပဲဖြစ်စေ၊
တစ်နည်းနည်းနဲ့ ညံ့တယ်လို့ ပြောလို့ရှိရင်
ဒီစကားဟာ စိတ်ထဲရောက်ပြီး စွဲသွားတဲ့အခါ
ကြာရင် မိဘက မပြောတာတောာင်မှ သားသမီးစိတ်ထဲမှာ
သူက ငါ့ထက်သာတယ်။ ငါက ညံ့တယ်လို့ မကြာမကြာ
တွေးမိတယ်။

ဒီကလေးက ငါ့ညံ့တယ်ဆိုတဲ့ စိတ်နဲ့
သူ့ဘဝကို နေသွားတော့မှာပဲ။
အဲဒါလောက် စိတ်ဆင်းရဲစရာကောင်းတာ မရှိဘူး။
ကိုယ့်ကိုကိုယ် အထင်သေးသွားတာက
အင်မတန်ကြီးမားတဲ့ ဆုံးရှုံးးမှုကြီး ဖြစ်တယ်။

တချို့ကပြောမှာပေါ့။ မခံချင်အောင် ပြောရင် ပိုကြိုးစားမှာပေါ့။
ဒါကြောင့် မခံချင်အောင် ပြောတာလို့ တစ်စိတ်တစ်ဒေသကတော့
မှန်ချင်လည်း မှန်လိမ့်မယ်။ ဒါပေမဲ့ ဒီကလေးရဲ့ စိတ်ထဲမှာ
မခံချင်စိတ် ဝင်သွားတယ်ပဲ ထားအုံး။
သူက ငါ့ထက်သာတယ် ငါက သူ့ထက်သာအောင်
လုပ်ရမယ်ဆိုတဲ့ စိတ် ဝင်သွားရင် သူ့ဘဝတစ်ခုလုံး
သူများနဲ့ နှိုင်းယှဉ်ပြီး တွေးတဲ့ စိတ်နဲ့ နေသွားတော့မှာ။
ဘယ်သူက ငါ့ထက် သာတယ်။ ငါက ဘယ်သူ့ထက် သာတယ်။
အဲဒီစိတ်မျိုးနဲ့ ဘဝကို နေရရင် ဘဝတစ်ခုလုံး
အဓိပ္ပါယ်မရှိတော့ဘူး။စိတ်မချမ်းသာတော့ဘူး။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
ငါ့မိဘက ငါ့ကို တကယ်နားလည်တယ်။
ငါ့ကို တကယ်ချစ်တယ်။ ငါ့ရဲ့ ကြီးပွားမှုကို တကယ်လိုလားတယ်။
ငါ့ရဲ့ အတွေးအခေါ်၊အယူအဆတွေ၊
ငါ့ရဲ့ အသိအမြင်တွေကို တန်ဖိုးထားတယ်၊
လေးစားတယ်ဆိုတာ သိရင် အဲဒီသားသမီးဟာ
မကောင်းတဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်ပါဘူး။
-【ဆရာတော်ဦးဇောတိက၊မဟာမြိုင်တောရ၏
“တွေးမိတိုင်းပျော်တယ်” နှာ ၂၄၈-၂၅၈မှ-
ကောက်နှုတ်ကူးယူပူဇော်မျှဝေပါသည်။】
Posted by►
www.facebook.com/youngbuddhistassociation.m