“ဒါန အခြေခံတဲ့ သမထ၊ဝိပဿနာ”
••••••••••••••••••••••••••••••••••••••
“ဒါနကောင်းမှု” လုပ်တယ်လို့ဆိုတာ
ကိုယ့်သန္တာန်မှာဖြစ်တဲ့ “လောဘ”ဆိုတဲ့ အညစ်အကြေး
တစ်ခုကို ရှင်းထုတ်တဲ့သဘော။
သာမန်အားဖြင့် ကြည့်မယ်ဆိုရင်
“ဒါနကောင်းမှု” လို့ ဒီလို ပြောကြတယ်ပေါ့။
သို့သော် တွယ်တာမှု ကို ဖယ်ရှားပစ်တဲ့ သဘောပဲ။
အဲဒီမှာ စိတ်သဘောထားက တွယ်တာမှု ကို ဖယ်ရှားရမယ့်အစား
တွယ်တာမှု တစ်ခု ထပ်တိုးလာတယ်ဆိုတာ သတိထားဦး။

ဒါနကောင်းမှု လုပ်တဲ့အခါမှာ
“တွယ်တာမှု” ကို ဖယ်ရှားတာဖြစ်ရမယ်။
မဖယ်ရှားဘဲနဲ့ “ညောင်စေ့ကလေးလောက် လှူပြီးနောက်၊
ညောင်ပင်ကြီးလောက် ခံစားမယ်” ဆိုတဲ့ အတွေးနဲ့တော့ မလှူနဲ့။
အဲဒီလို လှူလို့ရှိရင် ဒီတစ်ခုကို လွှတ်ပြီး၊
နောက်တစ်ခုအတွက် တွယ်တာမှု တဏှာက
ရှင်းမထုတ်ဘဲ ထပ်ပိုးလာတဲ့ သဘောဖြစ်သွားတယ်။

●ဒါနဆိုတာ တကယ်တော့ အလောဘ ပဲနော်။
ပစ္စည်းပေါ်မှာ တွယ်တာမှု ကိုစွန့်လွှတ်ရတာ။
“ထောင်မြင် ရာစွန့်” ဆိုတာ မလုပ်နဲ့ပေါ့။
အတွေးထဲမှာ မထားနဲ့ပေါ့။
“လုပ်သင့်လို့ လုပ်တယ်” လို့ပဲထား။
ဒါနကောင်းမှု ကုသိုလ်ဆိုတာ လုပ်ကို လုပ်ရမယ်။
ဘုရားအစရှိတဲ့ သူတော်ကောင်းတွေ
ကျင့်သွားတဲ့ လမ်းစဉ် ဖြစ်တယ်။လုပ်ရမယ်။
ဒါ တစ်ခု။

●နောက်တစ်ခုက
“အေး...တို့က စီးပွားရှာနေမယ်၊
ဘုရားတရားတော်တွေကို ကျက်မှတ်နေကြတဲ့
သံဃာတွေက စီးပွားမရှာရဘူး။
တို့အနေနဲ့ တာဝန်ဝတ္တရားအရ လုပ်ကို လုပ်ရမယ်။
(သို့မဟုတ်) မြတ်စွာဘုရားဟောတဲ့တရားတွေကို
မပျောက်ပျက်အောင် ကျက်မှတ်ထိန်းသိမ်းနေတဲ့
ဒီလိုသံဃာတွေကို လှူဒါန်းထောက်ပံ့ပေးမှ
သာသနာဆိုတာ တည်တံ့နိုင်တယ်။
သာသနာတည်မှ မြတ်စွာဘုရားရဲ့ အဆုံးအမတရားတွေ
ကြားနာရမယ်၊ ဒီအခွင့်အရေးတွေ တို့ရဲ့သားမြေးစဉ်ဆက်
ဘယ်သူမှ မပျောက်ပျက်အောင် တို့ပြည်တို့ရွာ
တို့သာသနာမှာ တို့လုပ်သင့်တယ်”ဆိုပြီးတော့
လှူတဲ့အလှူမျိုး။

●နောက်တစ်နည်းက
မြတ်စွာဘုရားသာသနာ အရှည်တည်ပါစေ၊
အရှည်တည်မှ လူတွေ ဘုရားအဆုံးအမရပြီးတော့
လိမ္မာယဉ်ကျေးကြမှာ ဖြစ်တယ်၊ စိတ်နှလုံးတွေ
နူးညံ့ကြမှာ ဖြစ်တယ်”လို့ ဆိုတဲ့ ချီးမြှောက်လိုတဲ့
စိတ်ဓာတ်ကလေးနဲ့ လှူဖို့ လိုတယ်တဲ့။

“ဒီဒါနအကျိုးကို နောင်ဘဝ ငါခံစားမယ်”ဆိုရင်တော့
Give and Take ဖြစ်သွားမယ်နော်။
တဏှာကို တစ်ဖက်ကစွန့်ပြီး တစ်ဖက်က
ယူတာ ဖြစ်နေတယ်နော်။
အဲဒါကို “အပေးအယူ” လို့ ခေါ်တယ်နော်။
အပေးသက်သက် မဟုတ်ဘူး။
အယူပါ ပါလာတာ၊ အယူနဲ့ တွဲဖက်လာတာ။
Give and Take ပေါ့၊
“အပေးအယူ”လုပ်တယ်။မင်္ဂလာဈေးထဲမှာ နေ့တိုင်း
အပေးအယူလုပ်ကြတယ်၊ ဒီက ကုန်ပစ္စည်း ပေးလိုက်၊
ဟိုက ပိုက်ဆံ ယူလိုက်၊ တစ်ဖက်က ပိုက်ဆံကို
ယူလိုက်၊ တစ်ဖက်က ကုန်ပစ္စည်း ပေးလိုက်နော်။
အပေးအယူဆိုတာ အရောင်းအဝယ်ပဲလေ။
ပေးတယ်ယူတယ်။
အရောင်းအဝယ်လုပ်တာမျိုး ဖြစ်သွားပြန်ရော။
အဲဒီလို မဖြစ်အောင် မွန်မြတ်တဲ့ ဒါနမျိုးဖြစ်အောင်
ကြိုးစားအားထုတ်ကြဖို့ လိုအပ်တယ်ပေါ့။
အရေးကြီးဆုံးက စိတ်နေသဘောထားပဲ၊
တို့လုပ်သင့်တဲ့အလုပ် လုပ်ရပြီလို့ ဝမ်းသာစရာဖြစ်တယ်။

“ ဒါနရဲ့ အကျိုးတရား”
•••••••••••••••••••••••••
ကဲ..... ကောင်းပြီ၊
ဒီဒါနလုပ်ပြီးတဲ့အခါမှာ ဒါနရဲ့
အကျိုးတရားကို ကြည့်လိုက်၊ ဘဝသံသရာမှာ
လူဖြစ်ရင်လည်း အဆင်ပြေ၊
ကြည့်လေ၊ ဒါနရှိသူနဲ့ မရှိသူဟာ ဘယ်ဘဝရောက်ရောက်
ကွာသွားတယ်။ နောက်ဆုံးမှာ ပြောရမယ်ဆိုရင်
ခွေးဖြစ်သွားလည်း ဒါနရှိတဲ့ခွေး
(ဒါနလုပ်ခဲ့တဲ့ဘဝက လာတဲ့ခွေး)ကျတော့
သူဌေးအိမ်မှာ ကားတွေဘာတွေ စီးလို့၊
ကောင်းတာတွေ စားလို့၊ ကြက်ဥတို့ ၊အသားတို့
အဲဒီလို ကောင်းတာတွေ စားရတာ။

ဒါနမရှိတဲ့ခွေးကျတော့ ဟိုအမှိုက်ပုံထဲ နှိုက်၊
ဒီအမှိုက်ပုံထဲ နှိုက်၊ ဒီအထဲမှာ ခဲနဲ့အထုခံရတာတို့ ၊
ရေနွေးပူနဲ့ အလောင်းခံရတာတို့ ရှိတယ်။
ကွဲပြားခြားနားပုံလေးကို ပြောတာ။
ဒါ သတိထားရမှာလေ။
ကိုယ့်မျက်စိအောက်မှာ တွေ့နေရတာတွေ
မတူဘူးဆိုတာ တွေ့ရတယ်၊ အဲဒီတော့ ဒါနဟာ
လုပ်သင့်သလား မလုပ်သင့်ဘူးဆိုတာ
ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ပေါ့။

ကြည့်ပါလား။
မတော်တဆ တိရစ္ဆာန်ဖြစ်သွားတာတောင်
ဒါနရှိတဲ့အကောင်က ချမ်းချမ်းသာသာ နေရတယ်။
ဒါနမရှိတဲ့အကောင်က ဆင်းဆင်းရဲရဲ နေရတယ်။
ကဲ... လူထဲလည်း ကြည့်ဦး၊
မင်္ဂလာဈေးထဲမှာ -
အထုတ်ထမ်းနေတဲ့သူတွေ ရှိတယ်။
ဆိုင်ပိုင်ရှင်တွေ ရှိတယ်။
အကူလုပ်နေတဲ့သူတွေလည်း ရှိတယ်။
အဲဒါ ဘာလို့ ကွဲနေတာလဲ။
“ဘယ်သူမပြု မိမိမှု”ပဲနော်၊
ကိုယ်ကိုယ်တိုင်က ဒါနကောင်းမှု နည်းပါးလာတဲ့
အချိန်ကျတော့ လူ့ဘဝ ရောက်ရပေမယ့်လို့
တစ်ယောက်နဲ့ တစ်ယောက် မတူတာတွေ ဖြစ်လာတယ်။

ဒီမေးခွန်းလေးကို အဖြေထုတ်ကြည့်ပေါ့၊
“ဒါနဆိုတာ လုပ်သင့်သလား? မလုပ်သင့်ဘူးလား?”
တော်ကြာကျတော့
“ဒါနဟာ သံသရာရှည်တယ်၊ ဒါနလုပ်စရာမလိုဘူး”
လို့ ဟောတာနဲ့ သွားတိုးနေလို့ ရှိရင်၊
ဟော... နဂိုကမှ ပိုက်ဆံကုန်မှာလည်း
ကြောက်ကြောက်ဆိုတော့၊ ဒါနမလုပ်ဘဲနဲ့ နေရင်
နောင်ဘဝမှာ ပိုဆိုးမယ်နော်။
အတွေးတွေ လွဲသွားတတ်တယ်တဲ့။

ဘုရားအလောင်းပါရမီဖြည့်တာ ကြည့်လေ၊
“သုမေဓာဘဝ” မှာ ဒါနက စလိုက်တာ၊
အကြီးအကျယ် လှူတာပဲလေ။
နောက်ဆုံးပါရမီဖြည့်တဲ့ဘဝလို့ ဆိုတဲ့
“ဝေဿန္တရာဘဝ” မှာတောင် တိုင်းပြည်က
နှင်ထုတ်ခံရသည့်တိုင် လှူတာပဲ၊
သားလှူတယ်၊သမီးလှူတယ် ဇနီးလှူတယ်၊
ဟော...လှူတာမှ အကုန်လှူတာ၊
နောက်ဆုံး သူ့ပဲ လှူဖို့ ကျန်တော့တာနော်၊
အဲဒီလောက်ထိအောင် ဒါနကောင်းမှု လုပ်သွားတာ၊
ဒါတွေကို သတိထားပြီးတော့ ကြည့်ရမယ်၊
ဝိပဿနာ သန်တဲ့သူက
“ဝိပဿနာပဲ လုပ်၊ ဒါနလုပ်စရာမလိုဘူး”လို့များ
ပြောမယ်ဆိုလို့ရှိရင် နားမယောင်လေနဲ့နော်။
သူ့အပိုင်းနဲ့ သူပဲ။

ဒါနဆိုတာ ပိုက်ဆံချမ်းသာမှ လုပ်လို့ရတယ်
လို့လည်း မတွက်လေနဲ့။
ကိုယ်စားနေတဲ့အထဲက လှူတာလည်း ဒါနပဲနော်။
တစ်နေ့ကို ထမင်းတလုပ် လျှော့စားလို့
ပိန်တဲ့သူ မရှိပါဘူး။တချို့ ဝိတ်တောင် ချနေတယ်။
အဲဒီ ဝိတ်ချတဲ့အထဲကလည်း လှူလို့ ရတာပဲ။
အဲဒီတော့ ဒါနကောင်းမှုဆိုတာ လုပ်တတ်ရင် ဖြစ်ပါတယ်။

မြတ်စွာဘုရားက ဘယ်လောက်ထိ ဟောထားတုန်းဆိုတော့
ကိုယ့်ရဲ့ စားကြွင်းစားကျန် အိုးခွက်ကလေးဘာလေး
ဆေးကြောတာကအစ သွန်တဲ့အခါမှာ
“တိရစ္ဆာန်လေးတွေ စားကြပါစေ”လို့ အာရုံပြုလိုက်ပါတဲ့။
အဲဒီဒါနရဲ့အကျိုးက ကိုယ့်ဆီ ရောက်တာပဲ။
“ဝစ္ဆဂေါတ္တသုတ်”မှာ ဟောထားတယ်။
“ဝစ္ဆဂေါတ္တသုတ်” ဟာ “အဂုင်္တ္တရနိကာယ်”မှာ ရှိတယ်။
မြတ်စွာဘုရားက ဒါနနဲ့ပတ်သက်ပြီး အဲဒီလောက်
ထိအောင် ဟောထားတာနော်။
အဲဒီတော့ ဒါနဖြစ်ဖို့ဆိုတာ ပိုက်ဆံချမ်းသာမှ
ဖြစ်တာ မဟုတ်ဘူး။
ပိုက်ဆံချမ်းသာမှ ဒါနလုပ်နိုင်တာ မဟုတ်ဘူး။
အားလုံး လုပ်နိုင်ကြတယ်။
ကောင်းပြီ.... ဒါနဆိုတာ လုပ်မိအောင် လုပ်ပါ။
ကိုယ့်အတိုင်းအတာအရ ဒါနဆိုတာ လုပ်ရမယ်။

“ဒါနကို အခြေခံတဲ့ သမထဝိပဿနာ ဘယ်လိုကျင့်မလဲ”
•••••••••••••••••••••••••••••••••••••••••••••••••••••••
ကဲ . . .အဲဒီ ဒါနကို အခြေခံတဲ့ သမထဝိပဿနာ
ကျတော့ ဘယ်လိုကျင့်မှာတုန်း။
အခု နှစ်စဉ်နှစ်တိုင်း စာသင်တိုက်ကြီးတွေက
သံဃာတွေကို လှူတယ်၊
တန်းတယ် စိတ်ထဲ ၊အာရုံထဲ ကြည်နူးတယ်။
မလှူခင်ကလည်း “လှူမယ်” ဆိုပြီး
ဝမ်းသာနေကြတယ်။
လှူနေတဲ့ အချိန်မှာလည်း ဝမ်းသာ၊
လှူပြီးတဲ့ နောက်မှာလည်း ဝမ်းသာ၊
ဝမ်းသာမှု ၃ရပ် ပြည့်စုံပြီဆိုရင် ဒီဒါနဟာ
အောင်မြင်တဲ့ဒါန ဖြစ်တယ်။

■လှူတာ၊တန်းတာကို စိတ်ထဲအာရုံထဲ မှာထားပြီးတော့
တစ်နေ့ကို တစ်ခါပဲဖြစ်စေ၊နှစ်ခါဖြစ်စေ
အိပ်ရာဝင် အိပ်ရာထလေးမှာ
“တို့ ဘယ်တုန်းက ဒါနကောင်းမှုတွေ လုပ်တယ်”ဆိုတာ
ကိုယ်လုပ်ခဲ့တဲ့ ဒါနတွေကို တစ်နေ့မဟုတ် တစ်ခါမဟုတ်
အကြိမ်ကြိမ် ကိုယ့်စိတ်ထဲမှာ ဝမ်းသာအားရဖြစ်သည်ထိအောင်
“စာဂါနုဿတိ ကမ္မဋ္ဌာန်း” လို့ခေါ်တာပဲ။
သမထ ကျင့်စဉ်တစ်ခု ဖြစ်လာတယ်နော်။
အဲဒီအပေါ်မှာ စိတ်ကလေးငြိမ်လာပြီး လို့ရှိရင်
သမထ ဖြစ်လာတာ။
အဲဒါကို “ဒါနအခြေခံတဲ့ သမထ” လို့ခေါ်တယ်။
အဲဒီလို သမာဓိ ရပြီး၊ပီတိတွေ ဖြစ်လာသည်ထိအောင်
ဆင်ခြင်စဉ်းစား၊အဲဒါက “သမထဘာဝနာ”။

■ဝိပဿနာဖြစ်အောင်ကျတော့ စဉ်းစားလို့လွယ်တယ်။
အေး ၊ “တို့လှူတဲ့ဆွမ်း မရှိတော့ဘူး”
အခု ကျောင်းလှူရင်လည်း “ကျောင်းလှူတာ
တဖြည်းဖြည်း နဲ့ ပြောင်းလဲသွားပြီ”
အဝတ်သင်္ကန်းလှူရင်လည်း
“အဝတ်သင်္ကန်းဆိုတာ တစ်နှစ် ဝတ်ရုံလိုက်တယ်ဆိုရင်
တစ်နှစ်အတွင်းမှာပဲ ဟောင်းနွမ်းသွားတယ်”
တစ်ခုစီ ဒီလိုစဉ်းစားကြည့်ပြီး၊
“ဘယ်အရာမှ မမြဲဘူး၊တို့အဲဒီတုန်းကဖြစ်ခဲ့တဲ့
စေတနာတွေကလည်း သင်္ခါရသဘောအရ
ပျက်စီးသွားပြီ၊အကြောင်းတိုက်ဆိုင်လို့ဖြစ်လာတဲ့
သဘာဝတရားတွေဟာ ဖြစ်ပြီးရင် ပျက်သွားတာပဲ။
တို့လှူတဲ့ ဆွမ်းခဲဘွယ် ဘောဇဉ် ချိုချဉ် အရသာဆိုတဲ့
သဘာဝတရားတွေဟာ ဖြစ်ပြီးရင်၊ပျက်တတ်တဲ့
သဘာဝတရားတွေကြောင့် အနိစ္စ။

မမြဲတဲ့ အန္တရာယ်ကြီးက အမြဲနှိပ်စက်နေလို့ ဒုက္ခ
(ဒုက္ခဆိုတာ အရပ်ထဲမှာ
အရောင်းအဝယ်မကောင်းလို့ သည်းတဲ့ ဒုက္ခ မဟုတ်ဘူး)
မမြဲတဲ့သဘောတရားကြီးက နှိပ်စက်နေလို့ ဒုက္ခ၊

အဲဒီလို နှိပ်စက်နေတာကို ကိုယ်က
ဘာမှ မတတ်နိုင်လို့ အနတ္တ”
လို့ ဒီသဘောလေးကို ဆင်ခြင်စဉ်းစားခြင်းအားဖြင့်
ဒါနကနေ ဆင့်ပွါးပြီးတော့ ဝိပဿနာတရား ဖြစ်လာတယ်။

■အဲဒီကနေတစ်ဆင့် အဆင့်မြင့်မြင့်
ဆင်ခြင်ရင် ဘယ်လိုဆင်ခြင်မတုန်း။
တို့လှူခဲ့တဲ့ တန်းခဲ့တဲ့ ဆွမ်းတွေဆိုတာ ရုပ်တရားတွေပဲ၊
ရုပ်တရားတွေဆိုတာ ဖြစ်ပြီးပျက်သွားတာပဲ။
အလှူခံပုဂ္ဂိုလ် ၊ ရဟန်းသံဃာတွေဟာလည်း
“ရုပ်နာမ်တရားတွေ”ပဲ။
အဲဒီတော့ ရုပ်တရား၊နာမ်တရားကလွဲလို့
ဘာမှမရှိဘူး။အားလုံးဟာ ရုပ်တရား၊နာမ်တရားဆိုတာ
ဖြစ်ပြီးရင် ပျက်သွားတတ်တဲ့တရားတွေပဲ” လို့ဆင်ခြင်ရမယ်။

■ဒါနစေတနာဆိုတာက နာမ်တရားလေးပဲ။
ဒါကလည်းဖြစ်လာပြီးနောက် ပျက်သွားတာ၊
အလှူခံပုဂ္ဂိုလ်ဆိုတဲ့ အာရမ္မဏပစ္စည်း၊
အလှူဝတ္ထုဆိုတဲ့ အာရမ္မဏပစ္စည်း၊
အဲဒါကို အကြောင်းပြုပြီးတော့ သဒ္ဓါတို့၊အလောဘတို့ဆိုတဲ့
ဒီတရားတွေပေါင်းစုပြီး ဖြစ်ပေါ်လာတတ်တယ်။
အဲဒါတွေက အာရမ္မဏပစ္စည်းရဲ့ အကျိုးတရားတွေပဲလို့
အကြောင်းနဲ့ အကျိုးကို ဆင်ခြင်စဉ်းစားလိုက်ရင်လည်း
ဒါ ဝိပဿနာ လမ်းကြောင်းပေါ် ရောက်လာတာပဲ။
“ဘယ်အရာမှ မမြဲဘူး။အားလုံးဟာ ဖြစ်ပြီးတဲ့နောက်
ပျက်သွားတာချည်းပဲ” လို့ ဆင်ခြင်သုံးသပ်နိုင်တယ်။

■နောက်ဆုံး အနီးကပ် ဆင်ခြင်သုံးသပ်ချင်ရင်တော့
ဒါနကောင်းမှုကို ဆင်ခြင်သုံးသပ်တဲ့အခါ
ပီတိတွေဖြစ်လာတယ်။
အဲဒီ ဖြစ်လာတဲ့ ပီတိကိုပဲဆင်ခြင်တာ။
“ဪ-စိတ်ထဲမှာ အခုလို
လှိုက်လှိုက်လှဲလှဲနဲ့ ဝမ်းသာလာတာဟာ
ပီတိပါလား။
ဒီပီတိတရားဟာ အာရုံကို အကြောင်းပြုပြီး၊
အာရုံနဲ့ စိတ် နှစ်ခုပေါင်းစပ်လို့ ဖြစ်လာတာပါလား”
လို့ အကြောင်းတရားကို ဆင်ခြင်တယ်။
မမြဲတဲ့သဘော အနိစ္စလို့ ဆင်ခြင်တယ်။
ဒီမမြဲမှုဟာ အမြဲဒုက္ခပေးနေလို့
အနှောက်အယှက် ပေးနေလို့ ဒုက္ခ၊
ကိုယ်ဘာမှ မတတ်နိုင်လို့ အနတ္တ လို့ဆိုတဲ့
ဒီသဘောတရားတွေကို ဆင်ခြင်တယ်။
ဒါ ဝိပဿနာ လမ်းကြောင်းပေါ် ရောက်သွားတယ်။

■အဲဒီတော့ ဒါနကို အခြေခံပြီးတော့
သမထကျင့်လို့ရတယ်။
ဝိပဿနာကို ကျင့်လို့ရတယ်။
ဝိပဿနာကျင့်ခြင်းအားဖြင့်
ဘယ်အထိအောင် ရောက်သွားနိုင်တုန်း???
ကိုယ့်ပါရမီရှိသည့် အားလျော်စွာ ဝိပဿနာဉာဏ်
အဆင့်ဆင့်တက်ပြီး၊နောက်ဆုံး သောတာပတ္တိမဂ်၊
သောတာပတ္တိဖိုလ် အဲဒီကနေ ဝိပဿနာ တိုးမြှင့်လိုက်တဲ့အခါ
သကဒါဂါမိမဂ် သကဒါဂါမိဖိုလ်၊ ဝိပဿနာကို အဆင့်မြင့်ရင်
အနာဂါမိမဂ် အနာဂါမိဖိုလ်၊
အမြင့်ဆုံး ကျင့်နိုင်ပြီဆိုလို့ရှိရင် အရဟတ္တမဂ်၊
အရဟ္ထဖိုလ်ဆိုတဲ့ မဂ်အဆင့်ဆင့် တိုးမြင့်သွားတယ်။
နောက်ဆုံး နိဗ္ဗာန်ဆိုတာ အပြည့်အဝ ရရှိကြမှာဖြစ်တယ်လို့
ကိုယ်စီကိုယ်စီ သဘောကျပြီး “ဒါနအခြေခံတဲ့ သမထဝိပဿနာ”
ကို မှတ်သားနာယူကြပြီး သမထဝိပဿနာ ဖြစ်အောင်
ကြိုးစားပွါးများနိုင်ကြပါစေကုန်သတည်း။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】
Posted by►
www.facebook.com/youngbuddhistassociation.mm